လွတ်လပ်တရားမျှတသည့် ဒီမိုကရေစီစနစ်ဦးတည်

မြန်မာနိုင်ငံတွင် အတည်ပြုပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကိုကျင်းပကာ အများစုအနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာ လွှဲအပ်ပေးပြီး ဒီမိုကရေစီနိုင်ငံသစ်ကို စတင်တည်ဆောက်ခဲ့သည်။ အများပြည်သူ လိုလားနှစ်သက်သည့် ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံသူ နိုင်ငံသားများ အကျိုးစီးပွားများ ကို ဒီမိုကရေစီစနစ်နှင့်အညီ အထိုက်အလျောက် အကောင်အထည်ဖော်နိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဒုတိယငါးနှစ်သက်တမ်းအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကိုကျင်းပခဲ့ပြီး အနိုင်ရရှိသည့်ပါတီက နိုင်ငံ့တာဝန်ယူခဲ့ရာ အများ ပြည်သူ အကျိုးစီးပွားကို ဖော်ဆောင်ရာ၌ သတင်းမီဒီယာ လွတ်လပ်ခွင့်အပါအဝင် မြန်မာတို့၏ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ဒီမိုကရေစီအခွင့်အရေးများကို ပိတ်ပင် တားဆီးခံခဲ့ရသည်။ ထို့အပြင် စီးပွားရေးကဏ္ဍတွင် မှားယွင်းသောမူဝါဒများ ချမှတ် ဆောင်ရွက်ခဲ့သောကြောင့် ကုန်စည်စီးဆင်းမှုနှင့် ကျပ်ငွေတန်ဖိုးများ လျော့နည်း ကျဆင်းခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း စသည့်လူမှုစီးပွားအခက်အခဲများ ကြုံတွေ့ ခဲ့ရသည်။ အထူးသဖြင့် နိုင်ငံရေး၊ လူမှုရေးတို့ကို အကြောင်းပြု၍ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲစေနိုင်သည့် လမ်းကြောင်းပေါ်သို့ရောက်လာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအကြိုကာလ၌ စည်းလုံးညီညွတ်မှု ပျက်ပြားစေသည့် လှုပ်ရှားဆောင်ရွက်မှုများ၊ ရွေးကောက်ပွဲကာလ၌ တစ်ပါတီ တည်း အနိုင်ရလိုသည့် မဲမသမာမှုများအပါအဝင် မတရားသည့်နည်းလမ်းမျိုးစုံဖြင့် ပါတီအနိုင်ရရေး ဆောင်ရွက်ခဲ့သည်။ မဲမသမာမှု၊ မမှန်မကန်ဆောင်ရွက်မှု၊ လူထု အင်အားကို လွဲမှားစွာအသုံးချမှုများကြောင့် ရွေးကောက်ပွဲနှင့် လူ့အဖွဲ့အစည်း အတွင်း စိတ်ဝမ်းကွဲမှုများ၊ ယုံကြည်မှုကင်းမဲ့ခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ ရွေးကောက်ပွဲ မဲမသမာမှုများနှင့်ပတ်သက်၍ တပ်မတော်က ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးရန် အကြိမ်ကြိမ်အသိပေးခဲ့သော်လည်း လက်မခံဘဲ အနိုင်ရထား သည့်ရလဒ်ဖြင့် လွှတ်တော်ခေါ်ယူရန် ကြိုးပမ်းအားထုတ်ခဲ့ရာ မလွှဲမရှောင်သာဘဲ တိုင်းပြည်တာဝန်ကို ထိန်းသိမ်းပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်သောအခါ အနိုင်ရပါတီဝန်းရံသူများ၊ အားပေးထောက်ခံသူများက ဦးစွာငြိမ်းချမ်းစွာဆန္ဒပြကြပြီး ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်၍ အကြမ်းဖက် ဆန္ဒပြမှုများ၊ ဖေဖော်ဝါရီလကုန်မှစတင်၍ ဆူပူအကြမ်းဖက်မှုများ ပြုလုပ်လာ ခဲ့သည်။ သို့သော် အဖျက်အမှောင့်လုပ်ငန်းများမှာ ရပ်တန့်သွားခြင်းမရှိဘဲ အနိုင်ရပါတီ ဝင်အချို့ဦးဆောင်၍ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို တရားမဝင် ဖွဲ့စည်းပြီး နိုင်ငံတော်ဆန့်ကျင်ရေးနှင့် အဖျက်အမှောင့်လုပ်ငန်းများကို တန်ပြန် ဆောင်ရွက်ခဲ့သည်။ ထို့နောက် NUG ဟုခေါ်ဆိုသည့် စင်ပြိုင်အစိုးရဖွဲ့စည်းကာ နိုင်ငံတကာနှင့်ဆက်သွယ်၍ တည်ဆဲအစိုးရအား သံတမန်ရေးနှင့် စီးပွားရေးအကျပ် အတည်း အခက်အခဲများ ပေါ်ပေါက်စေရန် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ပြည်တွင်းမှလူငယ်များအား စည်းရုံး သွေးဆောင်မြှောက်ပင့်ပေးကာ PDF အဖွဲ့များဖွဲ့စည်း၍ လက်နက်ကိုင်အကြမ်းဖက်လုပ်ငန်းများကို ဖန်တီးခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင် ယူစဉ်ကတည်းက နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ကာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက် လျက်ရှိရာ “နိုင်ငံတော်အား အရေးပေါ်ကာလပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆောင်ရွက် သွားရန်” အချက်အား အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်သည့်နိုင်ငံ ဖြစ်ရာ တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတစ်ရပ် ဖော်ဆောင်နိုင်ရေးသာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်လူမှုဘဝ ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိရာတွင် မတူကွဲပြားသော လူမှုအသိုက်အဝန်းအားလုံး အဆင်ပြေစေရေး၊ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာစေရေးနှင့် တစ်ပါတီအာဏာရှင်စနစ်သို့ သွေဖည် မသွားစေရေးအတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံသား တိုင်းရင်းသားလူမျိုးအားလုံးနှင့် ဆီလျော် ကိုက်ညီသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုလမ်းကြောင်းပေါ်တွင် ဖြောင့်တန်းစွာလျှောက်လှမ်းနိုင်ရန် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။