
ပါမောက္ခဒေါက်တာဇော်ဝေစိုး
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က အောက်တိုဘာ ၁၆ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက် ပါသည် -
ပါမောက္ခ ဒေါက်တာဇော်ဝေစိုး [ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)]
၁၆ - ၁၀ - ၂၀၂၀ ရက်နေ့ ကိုဗစ်နဲ့ပတ်သက်ပြီး ရန်ကုန်ရဲ့ အနေအထားက တဖြည်းဖြည်း ကျဆင်းလာတာပေါ့နော်။ ဒါကအကြောင်းအမျိုးမျိုးရှိပါတယ်။ ဒီအပေါ်မှာ ဘာပဲဖြစ်ဖြစ် တစ်နေ့ကို ၂၀၀၀ တို့၊ ၁၅၀၀ တို့ ထွက်နေရာကနေ ဒီနေ့အတွက် ၈၉၈ ရှိပါတယ်။ ကိုဗစ်စင်တာကို ပြောင်းရွှေ့ကုသရမယ့် အနေ အထားပါ။ ဒါကြောင့် ကိုဗစ်စင်တာအားလုံးမှာ လူနာတက်ရောက်ကုသနိုင်တဲ့ ခုတင်ပေါင်း ၁၀၀၂၉ ခုတင်ရှိတာဖြစ်တဲ့အတွက် ယခုအချိန်မှာ လူနာ ၇၀၀၀ ကျော်ပဲ ကုသရတာဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ်စင်တာများမှာ နေရာအလွတ် တွေနဲ့ ပိုမိုကုသနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။
ဒီကိုဗစ်စင်တာများကို ပြောပြရရင် ဝေဘာဂီ၊ တောင်ဥက္ကလာပ၊ ဖောင်ကြီး၊ လှိုင်စင်တာ၊ လှိုင်(မြတ်လေး)၊ ရိုးမ (၁) နဲ့ ရိုးမ(၂)၊ အောင်မြင့်မိုရ် စင်တာ၊ ရန်ကင်းပညာရေးကောလိပ်၊ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်၊ သုဝဏ္ဏဧရာစင်တာ၊ Fortune Plaza ၊ အရှေ့ပိုင်းဆေးရုံအနီးမှာ ဗိုလ်တထောင် စင်တာ ရှိပါတယ်။
ကျွန်တော် ပြည်သူလူထုကို အသိပေးချင်တာက အဲဒီစင်တာတွေဟာ တိုက်ရိုက်သွားရောက်ပြီးတော့ ကုသလို့ရတဲ့စင်တာတွေ မဟုတ်ပါဘူး။ သက်ဆိုင်ရာဆေးရုံကြီးတွေမှာ သွားရောက်ပြသပြီး အဲဒီဆေးရုံကြီးတွေကနေ တစ်ဆင့် ကိုဗစ်စစ်ဆေးပြီး တွေ့ရှိတဲ့အခါကျမှသာ ပြောင်းရွှေ့ကုသရတဲ့ စင်တာများ ဖြစ်ပါတယ်။ အဲဒီလို ကုသရေးစင်တာနဲ့ ကုသရေးဌာနပေါင်း ဝေဘာဂီတို့၊ တောင်ဥက္ကလာပတို့ အပါအဝင် ၁၅ ခု ရှိပါတယ်။
အဲဒီလို စင်တာတွေ၊ ကုသရေးဌာနတွေကို သွားရောက်မကုသခင်၊ တကယ်လို့ ရောဂါလက္ခဏာတွေရှိတယ်၊ ပြသချင်တယ်ဆိုရင်တော့ ပြသလို့ ရတဲ့နေရာများက ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ အင်းစိန် ဆေးရုံကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ အရှေ့ပိုင်းဆေးရုံ၊ အနောက်ပိုင်းဆေးရုံ၊ သန်လျင်၊ လှိုင်သာယာတို့အပြင် မြို့နယ်ဆေးရုံတွေအားလုံးမှာ သွားရောက် ပြသလို့ ရပါတယ်။ ဒါကို ကျွန်တော့်အနေနဲ့ အသိပေးပါတယ်။
ဆေးရုံတွေ အကုန်လုံးမှာ ကျွန်တော်တို့ပစ္စည်း အပြည့်အစုံရှိပါတယ်။ အဲဒီဆေးရုံတွေမှာ သွားရောက်ပြသရင် အဲဒီကနေတစ်ဆင့် စစ်ဆေးမှုတွေ၊ ကုသမှုတွေ ပြုလုပ်ပေးနိုင်အောင်လည်း စီစဉ်ထားပါတယ်။ အဲဒီကနေ စစ်ဆေး ပြီးတဲ့အခါကျမှသာလျှင် စောစောက စင်တာတွေကို ပို့ဆောင်ကုသခြင်း ဖြစ်ပါတယ်။
ယခုအနေအထားအရ ရောဂါလက္ခဏာပြင်းထန်သူများကို တွေ့ရှိရ ပါတယ်။ ရောဂါလက္ခဏာပြင်းထန်သူတွေ၊ အတော်အသင့် ပြင်းထန်သူတွေ အရေအတွက်ဟာ များပြားလျက်ရှိကြောင်း တွေ့ရပါတယ်။ ဒါဟာ ရောဂါ လက္ခဏာ မပြင်းထန်သူတွေနဲ့ ရောဂါလက္ခဏာ မရှိတဲ့သူတွေကို စင်တာ တော်တော်များများမှာ ပို့ဆောင်ပြီး ကုသနိုင်ပေမယ့် ရောဂါလက္ခဏာ ပြင်းထန်သူနဲ့ အတော်အသင့် ပြင်းထန်သူတွေကို ဝေဘာဂီ၊ တောင်ဥက္ကလာပ၊ ဖောင်ကြီး၊ သုဝဏ္ဏတို့မှာ ကုသတာဖြစ်ပါတယ်။
ဒါပေမယ့် သက်ဆိုင်ရာဆေးရုံကြီးများမှာလည်း ကုသနိုင်အောင် စီစဉ် ဆောင်ရွက်ထားရှိပါတယ်။ ဒါကြောင့် ဒီရောဂါလက္ခဏာ ပြင်းထန်တဲ့သူတွေနဲ့ အတော်အသင့် ပြင်းထန်သူတွေဟာ ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ သင်္ဃန်းကျွန်းအရှေ့ပိုင်း၊ အနောက်ပိုင်း၊ သန်လျင်၊ လှိုင်သာယာနဲ့ မြို့နယ်ဆေးရုံတွေကို သွားရောက်ပြသပြီး ကုသလို့ ရပါတယ်။
ဒါ့အပြင် ယခုတွေ့ရှိချက်အရ ရောဂါလက္ခဏာရှိသူတွေဟာ ဆေးရုံကို ရောက်ရှိတာ တချို့နောက်ကျတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် အမြန်ဆုံး ရောဂါလက္ခဏာပေါ်လာတာနဲ့ အမြန်ဆုံးကုသမှုခံယူဖို့၊ ပြသဖို့ လိုအပ် ပါတယ်။ ဒါတွေအတွက်လည်း ကျွန်တော်တို့ နားလည်ပါတယ်။
ယခင်က အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံတွေမှာ ဆေးရုံရောက်ရောက် ချင်း အခက်အခဲတွေဖြစ်ခဲ့တာကို ယခုဆိုရင် ကြိုးစားပြီးတော့ ရောက်ရှိလာတဲ့ သူတွေအမြန်ဆုံး သက်သောင့်သက်သာ နေရာထိုင်ခင်းရရှိရေးနဲ့ ကုသမှုခံယူ နိုင်ရေးကို ကြိုးစားပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
ပြည်သူလူထုအနေနဲ့ ရောဂါလက္ခဏာပေါ်လာတာနဲ့ သက်ဆိုင်ရာဆေးရုံ တွေကို အမြန်ဆုံးလာရောက်ကုသမှုခံယူဖို့ ဒီနေရာမှာ အသိပေးလိုပါတယ်။ အခြေခံရောဂါအခံရှိသူတွေအနေနဲ့ ကိုယ့်ရဲ့ အခြေခံရောဂါကို စဉ်ဆက်မပြတ် ကုသမှုခံယူနေဖို့ လိုအပ်ပါတယ်။ ဥပမာ - ဆီးချို၊ သွေးတိုး၊ ရင်ကျပ် ဒါတွေကို စဉ်ဆက်မပြတ် ကုသမှုခံယူနေဖို့ လိုပါတယ်။
ဒါ့အတွက်လည်း အထွေထွေရောဂါကုဆရာဝန်တွေကို ကုသမှုပေးနိုင်ဖို့ ယခုစီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေနဲ့ အထွေထွေရောဂါကု ဆရာဝန်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ဒီဟာတွေကို ပိုမိုပြီးဆောင်ရွက်နိုင်အောင် ယခုအခါမှာ အလေးပေးပြီး ဆွေးနွေးဆောင်ရွက် လျက်ရှိပါတယ်။
ဒါဟာ ပြည်သူလူထုအနေနဲ့ အနီးစပ်ဆုံး ဆရာဝန်တွေနဲ့ အမြန်ဆုံးတွေ့နိုင် တဲ့နည်းလမ်း ဖြစ်ပါတယ်။ အထွေထွေရောဂါကုဆရာဝန် (General Practi-tioner) တွေဟာ အရေးကြီးတဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု (Primary Healthcare) တွေကို ဦးဆောင်နေတဲ့၊ ဆောင်ရွက်နေတဲ့သူတွေ ဖြစ်ပါတယ်။
ဒါကြောင့် ဒီဆရာဝန်တွေဟာ ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှု မှာ အဓိကနေရာက ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယခုအချိန်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ သတ်မှတ်ပြီး ပါဝင်နိုင်အောင်၊ ဆောင်ရွက်နိုင်အောင် ဒါတွေကို အသေးစိတ် ဆွေးနွေးဆောင်ရွက်နေပါတယ်။ အလားတူ ပုဂ္ဂလိက ဆေးရုံတွေရဲ့ အခန်းကဏ္ဍကိုလည်း မြှင့်တင်နိုင်အောင်၊ ပါဝင်နိုင်အောင် ကျွန်တော်တို့ ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း ကျွန်တော့်အနေနဲ့ အသိပေးလိုပါတယ်။
ဒါ့အပြင် ပြည်သူလူထုကို အထူးသဖြင့် အသိပေးလိုတာက လုံးဝ၊ လုံးဝ၊ လုံးဝ မပေါ့ပါနဲ့။ ဒီဟာကျွန်တော်တို့ဘက်က သေချာပေါက် ကျဆင်းလာပြီး အသာစီးရရှိလာပြီလို့ ပြောဖို့ခက်ပါသေးတယ်။ စောပါသေးတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ Social Distancing ၊ Mask တပ်ခြင်း၊ ကိုဗစ် - ၁၉ နဲ့ ပတ်သက်တာတွေကို စည်းကမ်းလိုက်နာခြင်းဟာ သိပ်ကိုအရေးကြီးပါတယ်။
ယခင်က ပြောကြားခဲ့သလိုပါပဲ၊ အစာစားတာကအစ၊ နေတာထိုင်တာ ကိုယ်လက်သန့်စင်တာကအစ အစစအရာရာ အိမ်မှာမိသားစုနဲ့ နေတာ ထိုင်တာ၊ အဖွဲ့အစည်းနဲ့ နေတာထိုင်တာကအစ အရေးကြီးပါတယ်။ လုံးဝ၊ လုံးဝ၊ လုံးဝ ပေါ့လို့ မရပါဘူး။ ကျွန်တော်တို့ အနေအထားက ဒီအချိန်မှာ ပိုမိုအာရုံစိုက်ဖို့ လိုပါတယ်။ ပိုမိုတင်းကျပ်ပြီး လိုက်နာဖို့ လိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လိုအပ်ချက်အရ ဒီဟာ အပြောင်းအလဲနဲ့ ခုနက ကုန်စည်စီးဆင်းမှုတို့၊ အရောင်းအဝယ်တို့ ဒါတွေအတွက် ကျွန်တော်တို့ ပြုပြင် ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့အချိန်မှာ တစ်ဖက်ကလည်း ပိုမိုစည်းကမ်း တင်းကျပ် လိုက်နာမှုတွေ လိုအပ်ပါတယ်။ ဒါကြောင့် ပြည်သူလူထု တစ်ဦးချင်း၊ တစ်ယောက်ချင်းစီအနေနဲ့ အခုပိုမိုအာရုံစိုက်ပြီးတော့ ဒီဟာကို မကူးစက် ရအောင် နေထိုင်ဖို့၊ သွားလာဖို့ လိုအပ်ကြောင်း ဒီနေရာမှာ အထူးအလေးအနက် ထားပြီး သတိပေးလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ထက်လျှံ
- Log in to post comments