
လင်းဟန်သစ်
မကြာသေးမီက ဗြိတိန်မှာ အိတ်ချ်ဂျီဗွီလို့ခေါ်တဲ့ ကီလိုဂရမ် ၃၅၀၀ အထက်ရှိတဲ့ယာဉ်ကြီးတွေ မောင်းမယ့်သူမရှိရာက အခုဆိုရင် သူ့ရဲ့ အသားထုတ်လုပ်ရေးလုပ်ငန်းကို ကူညီလုပ်ကိုင်ဖို့ နိုင်ငံခြားသား သားသတ်သမားတွေကို ရှာဖွေနေရပြီဖြစ်ပါတယ်။
ဗီဇာလျှောက်ထားခွင့်ပြု
ဗြိတိန်အစိုးရဟာ လွန်ခဲ့တဲ့လက နောက်ထပ် နိုင်ငံခြားသား သားသတ်သမားအယောက် ၈၀၀ အထိ ဗြိတိန်မှာ ခြောက်လကြာ နေထိုင်လုပ်ကိုင်ဖို့ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီအထိ ဗီဇာလျှောက်ထား ခွင့်ပြုခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ တစ်ဦးချင်းကို လွှမ်းခြုံမှုပေးတဲ့ point-based immigration system ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကျွမ်းကျင်လုပ်သားလမ်းကြောင်းမှတစ်ဆင့် ဗြိတိန်ကို လာရောက်ဖို့ လျှောက်ထားမှုတွေကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကတည်းက နိုင်ငံခြားသားသတ်သမားတွေက လျှောက်ထားခဲ့ပြီးဖြစ်တဲ့အပြင် အခုလိုချိန်ညှိမှုတွေလည်း လုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ သယ်ယူ ပို့ဆောင်ရေးဌာနနဲ့ သဘာဝပတ်ဝန်းကျင်၊ အစားအစာနှင့် ကျေးလက် ရေးရာဌာနတို့ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရင်ဆိုင်နေရတဲ့ ဒုက္ခတွေဖြစ်
ကိုဗစ်- ၁၉ ကပ်ရောဂါရဲ့ အကျိုးသက်ရောက်မှုအဖြစ် မကြာသေး မီလများက ဝက်သားကဏ္ဍပေါ်လည်း သက်ရောက်မှုဖြစ်ခဲ့ပါတယ်။ ပို့ကုန်စျေးကွက်အပေါ် သက်ရောက်ခဲ့တဲ့ အဲဒီအကျိုးဆက်ကြောင့် ယာယီဆောင်ရွက်ချက်တွေကို လုပ်ဆောင်ခဲ့ရပြီး အဲဒါက ဒီနေ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေပဲဖြစ်တယ်လို့ သဘာဝ ပတ်ဝန်းကျင်၊ အစားအစာနဲ့ ကျေးလက်ရေးရာဌာန အကြီးအကဲ ဂျော့ဂျ်ယူစတစ်က ပြောပါတယ်။
ဒီလိုစိန်ခေါ်မှုများတဲ့အချိန်ကို ကျော်ဖြတ်ပြီး ဘယ်လိုမျိုးပံ့ပိုးမှုတွေ လုပ်ဆောင်နေသလဲဆိုတဲ့အပေါ် နားလည်ခြင်းဟာ အနီးကပ်ပူးပေါင်း ဆောင်ရွက်ခြင်းရဲ့ရလဒ်ပဲ ဖြစ်တယ်လို့ ယူစတစ်က ပြောပါတယ်။
နောက်ထပ်သားသတ်သမားတွေ စုစည်းထားတဲ့အပေါ် အမျိုးသား လယ်သမားသမဂ္ဂဒုတိယဥက္ကဋ္ဌ တွမ်ဘရတ်ရှောက ဒါဟာဝက်သား ကဏ္ဍအတွက် ဝမ်းသာကြိုဆိုရမယ့် သတင်းကောင်းပဲလို့ပြောလိုက်ပြီး ဝက်မွေးသူတွေအတွက် ကာလကြာရှည်စောင့်ဆိုင်းနေရတဲ့ အချိန် တွေကို ပြန်လည်ရှင်သန်အောင်ဆောင်ကြဉ်းတဲ့နေရာမှာ အကောင်း ဆုံးဖြစ်အောင် ဖြည့်ဆည်းပေးနိုင်တော့မယ်လို့ ပြောပါတယ်။
အလုပ်ကြွေးတွေကို ဖြေလျှော့ဖို့ဆိုရင် အစီအစဉ်တွေကို ဆက်လုပ်သွားရမယ်
ဒီအလုပ်ကြွေးတွေကို သက်သာဖြေလျှော့ဖို့ဆိုရင် အခုအစီအစဉ် တွေကို ဆက်လက်လုပ်ဆောင်သွားဖို့ လိုတယ်လို့ ဘရတ်ရှောက ပြောလိုက်ပါတယ်။
အစားအစာကုန်စည်ထောက်ပံ့စီးဆင်းမှုမှာ လုပ်သားပြတ်လပ် ခြင်းဟာ အထူးစိုးရိမ်ဖွယ်အခြေအနေဖြစ်နေပြီး ဒီလိုကျယ်ပြန့်တဲ့ အရေးတွေကို ဖြေရှင်းဖို့ အစိုးရအနေနဲ့ ဆက်လက်လုပ်ဆောင် သွားရမှာဖြစ်ပါတယ်။
အစားအစာကုန်စည်ထောက်ပံ့စီးဆင်းမှုဟာ ဆက်လက်ပြီး တစ်စုတစ်ဝေးတည်းဖြစ်သင့်ပြီး အစားအစာနဲ့ အဖျော်ယမကာ ကဏ္ဍကို အထောက်အကူဖြစ်စေဖို့ ၁၂ လကြာ ကိုဗစ်- ၁၉ ပြန်လည် ကုစားရေးဗီဇာလည်း လိုအပ်ပါတယ်။ ထို့အတူ အရေးပေါ် ရာသီ အလိုက် အလုပ်သမားခန့်အပ်ရေးအစီအစဉ်ကိုလည်း ထပ်မံသက်တမ်း တိုးမြှင့်သင့်တယ်လို့ ဘရတ်ရှောက ပြောပါတယ်။
ယာဉ်ကြီးမောင်းသမားများကို လေ့ကျင့်ပေးဖို့ကြေညာ
သားသတ်သမားတွေအတွက် ဗီဇာအသစ်အစီအစဉ်တွေအပြင် အစိုးရအနေနဲ့ စက်တင်ဘာလမှာ ယာဉ်ကြီးမောင်းသမား ပြတ်လပ်မှု တွေကိုလည်း ဖြေရှင်းဖို့အစီအစဉ်တွေကိုလည်း ကြေညာခဲ့ပါတယ်။
အဲဒီအစီအစဉ်မှာ ယာဉ်ကြီးမောင်းသမား ၅၀၀၀ ကို လေ့ကျင့်သင်ကြား ပေးဖို့ ကြေညာလိုက်တဲ့အပြင် စမ်းသပ်စစ်ဆေးမှုတွေလည်း လုပ်ဆောင်သွားဖို့ ပါဝင်ပါတယ်။
ဗီဇာဟာကာလရှည်အတွက်တော့ ကောင်းမွန်တဲ့ ဖြေရှင်းချက် မဟုတ်ပါဘူး။ ကဏ္ဍအသီးသီးထဲမှာ ကိုယ်တိုင်ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးကသာ ပိုမိုအရေးကြီးပါတယ်လို့ အစိုးရ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကြေးမြင့်၊ နည်းပညာမြင့်စီးပွားရေးကို တည်ဆောက်တဲ့အခါမှာ ပြည်ပလုပ်သားတွေကို အားကိုးနေရတာနဲ့စာရင် အလုပ်သမားတွေ အနေနဲ့ ဗြိတိန်ပြည်တွင်းစျေးကွက်မှာ ကာလရှည်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်တာကို တွေ့ချင်တယ်လို့ အစိုးရကြေညာချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။
အမြင့်ဆုံးဖြစ်
၂၀၀၁ ခုနှစ်မှစကာ ဗြိတိန်မှာ အလုပ်လစ်လပ်မှုအရေအတွက်ဟာ ဒီနှစ်တတိယလေးလပတ်မှာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်လို့ ဗြိတိန်အမျိုး သားစာရင်းအင်းရုံးက ထုတ်ပြန်ဖော်ပြလိုက်ပါတယ်။
ဇူလိုင်လက စက်တင်ဘာလအထိ အလုပ်လစ်လပ်မှုအရေအတွက် ဟာ မှတ်တမ်းတင်ရလောက်အောင် ၁ ဒသမ ၁ သန်းရှိခဲ့ပါတယ်။ ဒါဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက မတ်လအထိကြားကာလမှာ အလုပ်လစ်လပ်မှုအရေအတွက် ၃၁၈၀၀၀ တိုးလာခဲ့တာ ဖြစ်ပါတယ် လို့ ဗြိတိန်အမျိုးသားစာရင်းအင်းရုံးက ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ ကဏ္ဍအများစုမှာ အလုပ်လစ်လပ်မှုဟာ ဆက်လက်ကြီးထွားလာခဲ့ပါတယ်။ အထူး သဖြင့် လက်လီလက်ကားကုန်သွယ်မှုတွေမှာ အလုပ်လစ်လပ်မှုတွေ ရှိခဲ့ပါတယ်။
အလုပ်လစ်လပ်မှုတွေများလာတာကို တွေ့ရ
အလုပ်အကိုင်စျေးကွက်မှာ အလုပ်လစ်လပ်မှုတွေများလာတာကို စတင်တွေ့လာရတယ်လို့ ဗြိတိန်စီးပွားရေးအုပ်စု စီးပွားရေးကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ကစ်တီအက်ရှာက ပြောပါတယ်။
အလုပ်ရှင်တွေလိုချင်တဲ့ အရည်အချင်းရှိတဲ့ အလုပ်သမားတွေ မရှိတဲ့အတွက်ကြောင့် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်လို့ အက်ရှာက ပြောပါတယ်။ တစ်သက်တာကျွမ်းကျင်မှုစွမ်းရည်တွေကို ဦးစားပေးအနေနဲ့ လုပ်ဆောင်သင့်ပြီး ပြန်လည်လေ့ကျင့်သင်ကြား မှုတွေ လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်လို့ သူက ဆက်ပြောလိုက်ပါ တယ်။
ကိုးကား-ဆင်ဟွာ