လူ့ဘောင်လောက သာယာလှပဖို့ မူးယစ်ဆေးဝါးကို ရှောင်ကြဉ်ကြပါစို့

Type

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုဂုဏ်ပြုဆောင်းပါး

 

မောင်သောင်းဝင်း(တမန်ဟောင်း)
 

 

နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သည်။ ၂၀၂၁ ခုနှစ်အတွက်ဆောင်ပုဒ်သည် “Share Facts On Drugs, Save Lives”ဖြစ်ပြီး “မူးယစ်ဆေးဝါးကင်းစေဖို့ အသိပညာဖြန့်ဝေစို့”ဖြစ်ပါ သည်။ အထူးသဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို မျှဝေခြင်းအားဖြင့် လူငယ်များ၏အသက်ကိုအချိန်မီ ကယ်တင်နိုင် မည်ဖြစ်သည်။


အမှန်တော့ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ၁၉၈၇ ခုနှစ် ဒီဇင် ဘာ ၇ ရက်တွင် ဆုံးဖြတ်ချက်အမှတ် ၄၂/၁၁၂ ကို ချမှတ်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်မှစတင်၍ နှစ်စဉ် ဇွန် ၂၆ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားများ ကျင်းပခဲ့ကြသည်။ ထို အခမ်းအနား ကျင်းပရခြင်းသည် ကမ္ဘာတစ်ဝန်း၌ မူးယစ်ဆေးဝါး အလွဲသုံးမှုပပျောက်ရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်ရာတွင် နိုင်ငံတကာအသိုက်အဝန်းက ပူးပေါင်းဆောင်ရွက်သွားမည်ဆိုသော သန္နိဋ္ဌာန်ကို ခိုင်မာစွာဆုံးဖြတ်ထားကြောင်း ဖော်ညွှန်းနေခြင်းပင် ဖြစ်သည်။ 


ဘုံရန်သူ


မျက်မှောက်ခေတ်လူသားတို့သည် မမျှော်မှန်းနိုင်သည့် သဘာဝ ဘေးအန္တရာယ်၊ ရန်လိုသောနိုင်ငံများ၏ နျူကလီးယားလက်နက်များ၊ အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများနှင့် ကုသရန် ဆေးဝါးရှာမတွေ့သည့် ရောဂါအသစ်အဆန်းများ၊ ကိုဗစ်-၁၉ ကပ် ရောဂါစသည့် အန္တရာယ်ပေါင်းစုံနှင့် တွေ့ကြုံရင်ဆိုင်ရလျက်ရှိသည်။ ထိုအန္တရာယ်များထက် အဆိုးရွားဆုံးအရာသည် လူသားတစ်ရပ်လုံးကို လူညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်ပင် ဖြစ်သည်။ ထို့ကြောင့် မူးယစ်ဆေးဝါးသည် လူ့ဘောင်လောကကို ခြိမ်းခြောက် လျက်ရှိသည့် ဘုံရန်သူပင်ဖြစ်သည်။ ထိုဘုံရန်သူကို ကာကွယ်နိုင်ရေး အတွက် တရားမဝင် ဘိန်းစိုက်ပျိုးနေမှုများ၊ စိတ်ကြွဆေးပြား ထုတ် လုပ်နေမှုများနှင့် ရောင်းဝယ်ဖောက်ကားနေမှုများကို အချိန်မီ ဖော် ထုတ်အရေးယူသွားရန် လိုအပ်သည်။


ကိုလိုနီအမွေဆိုး


စင်စစ်အားဖြင့် မြန်မာလူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သည့် အားလျော်စွာ  မြတ်စွာဘုရား  ဟောကြားထားသည့်  “မကောင်းမှု ရှောင်၊ ကောင်းမှုဆောင်” တရားဒေသနာတော်များအတိုင်း လိုက်နာ ကျင့်ကြံနေထိုင်သည့် အလေ့အထကောင်းများ ရှိကြသည်။ ထို့ကြောင့် ရှေးယခင်က မြန်မာ့လူ့အဖွဲ့အစည်းတွင် မူယစ်ဆေးဝါးသုံးစွဲသူ မရှိ သလောက်ပင် နည်းပါးခဲ့သည်။ သို့သော် လွတ်လပ်ရေးရရှိပြီးနောက် ပိုင်း ဘိန်းစိုက်ပျိုးထုတ်လုပ်သုံးစွဲမှုသည် ကိုလိုနီနယ်ချဲ့တို့၏ ဆိုးမွေ အဖြစ် အမြစ်တွယ်ကျန်နေခဲ့သည်။ ထိုအကျိုးဆက်အဖြစ် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ထိစပ်နေသော သုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသ သည်  တစ်ချိန်က ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုတို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ရသည်။ သို့သော် ခေတ်အဆက် ဆက် အစိုးရအသီးသီး၏ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် မူးယစ် ဆေးဝါးထုတ်လုပ်မှု ကင်းစင်ပပျောက်ရေး မဟာဗျူဟာစီမံကိန်းများ ကြောင့် ထိုမကောင်းသတင်းကို ချေဖျက်နိုင်ခဲ့ပြီးဖြစ်သည်။


တစ်ချိန်က လူမှုရေးနှင့် ရာဇဝတ်မှုပြဿနာများအဖြစ် ရှုမြင်ခဲ့ သော မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်း သည် လူသားအားလုံး၏ ကျန်းမာရေးနှင့် လူမှုရေးတို့ကို သိသိသာသာ ခြိမ်းခြောက်စိန်ခေါ်လာလျက်ရှိသည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် ရာဇဝတ်မှု ကျူးလွန်ရုံသာမက ကျန်းမာရေးပြဿနာတစ်ရပ်လည်း ဖြစ်သည်။ အဓိက ရာဇဝတ်မှုကျူးလွန်သူများသည် မူးယစ်ဆေးဝါး တရားမဝင်  ရောင်းဝယ်ဖောက်ကားသူများဖြစ်ကြသည်။  မူးယစ် ဆေးဝါးသုံးစွဲသူ အရေအတွက်ကို လျှော့ချနိုင်မှသာလျှင် ဘိန်းစိုက်ပျိုး မှု၊ ထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ ဝယ်လိုအားကို အဓိကထား၍ လျှော့ချသွား မည်ဆိုလျှင် ထုတ်လုပ်မှုကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ ထို့ အပြင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် အစပြုဓာတု ဆေးဝါးများ၏ အန္တရာယ်ကိုလည်း တိုက်ဖျက်သွားရန် အထူးလိုအပ် နေသည်။


ပူးပေါင်းဆောင်ရွက်မှုများလိုအပ် 


ထိုသို့ လျှော့ချနိုင်ရေးဆောင်ရွက်ရာတွင် လူထုအတွင်း မူးယစ် အန္တရာယ်ကို ပိုမိုသိရှိ ရှောင်ရှားနိုင်ရန်အတွက် အစိုးရများ၊ NGO အဖွဲ့အစည်းများ၊ မီဒီယာများ၏ ပူးပေါင်းဆောင်ရွက်မှုစွမ်းအားများ လိုအပ်ပါသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးအတွက် ကမ္ဘာတစ်ဝန်းတွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားများကို အမျိုးသားရေး အသွင်ဖြင့် ကျင်းပနေကြသလို မြန်မာနိုင်ငံတွင်လည်း ကျင်းပလျက် ရှိသည်။  မြန်မာနိုင်ငံတွင်  တာဝန်ထမ်းဆောင်ခဲ့ကြသော  အစိုးရ အဆက်ဆက်သည်    မူးယစ်ဆေးဝါးတိုက်ဖျက်ရေး  လုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသောကြောင့် ကမ္ဘာ့နိုင်ငံများကပင် ထောက်ခံပံ့ပိုး ကူညီမှုများရှိနေသည်။ အောင်မြင်မှုများလည်း သိသာထင်ရှားစွာ ရရှိလျက်ရှိသည်။


မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးများ တရားမဝင်ရောင်းဝယ်ဖောက် ကားခြင်းသည် ငွေကြေးလွယ်ကူစွာရရှိသည့်လုပ်ငန်း ဖြစ်နေသော ကြောင့် ကမ္ဘာတစ်ဝန်းတွင် မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှုများ  ဖြစ်ပွားနေဆဲပင်ဖြစ်ကာ  မူးယစ်ဆေးဝါးအန္တရာယ်သည် လူသား အားလုံးကို  ခြိမ်းခြောက်နေဆဲပင်ဖြစ်သည်။  ထိုမူးယစ်ဆေးဝါး အန္တရာယ်ကို တစ်နိုင်ငံတည်းစွမ်းအားဖြင့် ဖြေရှင်းမရနိုင်သဖြင့် ကမ္ဘာ့ နိုင်ငံများအကြား အချင်းချင်း သတင်းဖလှယ် ချိတ်ဆက်ဆောင်ရွက် သွားရမည်ဖြစ်သည်။ သို့မှသာလျှင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက် ကားသူများကို  အချိန်မီ ဖော်ထုတ်တားဆီး  အရေးယူနိုင်မည်ဖြစ် သည်။


နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်း များကို အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအပြင် ကမ္ဘာ့နိုင်ငံ များနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ဖမ်းဆီးရမိ သော မူးယစ်ဆေးဝါးများ၊  ဆက်စပ်ပစ္စည်းများ၊  ဓာတုပစ္စည်းများ ကိုလည်း နှစ်စဉ် မီးရှို့ဖျက်ဆီးလျက်ရှိသည်။ အထူးသဖြင့် လူသူ အရောက်အပေါက်နည်းပါးသော ဝေးလံခေါင်းပါးသည့် နေရာများတွင် စိုက်ပျိုးထားသော ဘိန်းခင်းများကို တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဖျက်ဆီးလျက်ရှိသည်။ နယ်စပ်ဒေသ များရှိ တိုင်းရင်းသားများအတွက် ဘိန်းအစားထိုး မျိုးစေ့များထုတ် ပေးခြင်းနှင့် အခြားအလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီး ပေးလျက်ရှိသည်။ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုနှင့် သုံးစွဲမှု ကျူးလွန်သူများအား ထိရောက်သည့် အရေးယူ ပြစ်ဒဏ်ပေးမှုများကိုပါ ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် သိသာသောအောင်မြင်မှုများ ရရှိနေပြီဖြစ်သည်။    


လူငယ်များ လမ်းမှားမရောက်စေရန်


မျက်မှောက်ခေတ်တွင် နည်းပညာတိုးတက်လာသည်နှင့်အမျှ လူငယ်ထုအတွင်း၌ မူးယစ်ဆေးဝါးသုံးစွဲနေမှုကို အသွင်အမျိုးမျိုးဖြင့် တွေ့ရှိလာရသည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် စီးပွားရေးနှင့် လူမှု ရေး ထိခိုက်စေရုံသာမက ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းစေနိုင်ပါသည်။ ထို့ကြောင့်  လူငယ်များ  မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေး အထူး အလေးထား ဆောင်ရွက်သွားရန် လိုအပ်သည်။ လူငယ်သဘာဝ လက်တည့်စမ်းလိုသည့်သဘော ရှိကြသဖြင့် မိဘများသည် မိမိ၏ သားသမီးများကို လူပေါင်းမမှားမိစေရန်အတွက် ဂရုစိုက် ကြပ်မတ် ထားသင့်ပေသည်။  မိဘများသည် သား၊ သမီးများ၊ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် လူငယ်များ၏စကားကို အလေးထား နား ထောင်ပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြည့်ဆည်းပေးသင့်သည်။ 
အချို့သောလူငယ်များသည် မိဘများ၏ တင်းကျပ်သော စည်း ကမ်းနှင့် ရှေးရိုးဆန်သော ထိန်းချုပ်မှုများအပေါ် ကဏ္ဍကောစပြု လုပ်ရာမှ မမျှော်လင့်ဘဲ လမ်းမှားသို့ရောက်သွားတတ်ကြသည်။  အချို့သောလူငယ်များသည် အပေါင်းအသင်းမှားပြီး မူးယစ်ဆေးဝါး သုံးစွဲတတ်သွားကြသည်။ အညွန့်တလူလူတက်နေသော လူငယ်များ အတွက် များစွာနစ်နာရပါသည်။ မူးယစ်ဆေးဝါးသည် တစ်ခါသုံးစွဲ ရုံမျှဖြင့် စွဲလမ်းစေသဖြင့် မသုံးမိစေရန် အထူးရှောင်ရှားသင့်ပေသည်။ မိဘများသည်  ရင်သွေးငယ်များ၏ ပြောဆိုပြုမူသည့်ပုံစံ ပုံမှန်မဟုတ် ဘဲ ခြေလှမ်းပျက်နေပါက ဆရာဝန်နှင့် ချက်ချင်း ဆွေးနွေးတိုင်ပင်သင့် သည်။ အထူးသဖြင့် မိဘများသည်  စိတ်ဓာတ်နူးညံ့သော ကလေးငယ် များ၏ ရင်ဖွင့်သံစကားများကို အချိန်ပေး နားထောင်ပေးသင့်သည်။ သို့မှသာလျှင် လူငယ်များကျန်းမာကြံ့ခိုင်စွာဖြင့် ပညာသင်ယူနိုင်ရေး တွင် များစွာ အထောက်အကူဖြစ်စေမည်ဖြစ်သည်။


အမျိုးသားရေးအသွင်ဖြင့် စည်းရုံးကျင်းပ


ဆိုရလျှင် မူးယစ်ဆေးဝါးသည် လူသားအားလုံးကိုခြိမ်းခြောက် နေသည့် ဘုံရန်သူပင်ဖြစ်သည်။ ထိုမူးယစ်ဆေးဝါးကို အမြစ်ပြတ် တိုက်ဖျက်ချေမှုန်းရန်အတွက် ကမ္ဘာ့နိုင်ငံများသည် နှစ်စဉ် ဇွန်လ ၂၆ ရက်တွင် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးနေ့ကို ကျင်းပ လျက်ရှိကြသည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နေ့ကို အမျိုးသားရေးအသွင်ဖြင့် စည်းရုံးကျင်းပလျက်ရှိသည်။ 
မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဥပဒေ များ ပြဋ္ဌာန်းကာ မဟာဗျူဟာစီမံကိန်းများ ချမှတ်ဆောင်ရွက်လျက် ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်ပါ ချိတ် ဆက် ပေါင်းစပ် ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း မူးယစ်ဆေးဝါး ဆန့်ကျင်တိုက် ဖျက်ရေး လုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အား ပါဝင်ထမ်းဆောင် လျက် လူ့ဘောင်လောကကြီးကို သာယာလှပအောင် တည်ဆောက် သွားနိုင်ကြပါစေ။      ။