
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်းဖွင့်လှစ်
===========================================================
နေပြည်တော် စက်တင်ဘာ ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် IOM (Myanmar)တို့ ပူးပေါင်း၍ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်း အစီအစဉ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အွန်လိုင်းဖြင့် ပြုလုပ်သည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။
သင်တန်းသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ သင်တန်းသား သင်တန်း သူ ၂၁ ဦး တက်ရောက်နေပြီး သင်တန်းကို စက်တင်ဘာ ၁ ရက်မှ ၄ ရက်အထိ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ် သည်။
၂၀၀၅ ခုနှစ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပေါ်ပေါက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊လုပ်ငန်းအဖွဲ့သုံးဖွဲ့နှင့် အဆင့်ဆင့် သော လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်း ခြင်း၊ နှစ်စဉ်လုပ်ငန်းစီမံချက်များ ရေးဆွဲ၍ နိုင်ငံတကာ စံနှုန်းများနှင့်အညီ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေအရ ဖွဲ့စည်းထားသော “လူကုန်ကူး ခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့” ဥက္ကဋ္ဌအဖြစ် တာဝန်ဆောင်ရွက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က ဦးဆောင်၍ ဆက်စပ်အစိုးရဌာနအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် “ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်” ထုတ်ဝေ နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများ နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များပါဝင်သော “နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့” ဖွဲ့စည်း၍ IOM( Myanmar) ၏ နည်းပညာအကူအညီရယူပြီး ၂၀၁၆ ခုနှစ်တွင် စတင်ရေးဆွဲခဲ့သည်။ စံလုပ်ငန်းအစီအစဉ် ပေါ်ထွက်လာရေး အစည်းအဝေးများ ကျင်းပခဲ့ခြင်း၊ အပြီး သတ်မူကြမ်းတို့ကို သက်ဆိုင်ရာဌာနများနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက်တောင်းခံခဲ့ခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့သို့ တင်ပြ လမ်းညွှန်မှုခံယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ထုတ်ဝေ နိုင်ခဲ့သည်။
စံလုပ်ငန်းအစီအစဉ်သည် လူကုန်ကူးခံရသည်ဟု ယူဆရသူ (သို့မဟုတ်) လူကုန်ကူးခံရသူအဖြစ် ကနဦး သတ်မှတ်ထားသူများကို လူကုန်ကူးခံရသူအဖြစ် စိစစ် ဖော်ထုတ်သတ်မှတ်ခြင်း၊ လူကုန်ကူးခံရသူများကို အကူ အညီပေးခြင်း၊ ပြန်လည်ပို့ဆောင်ခြင်းနှင့် လွှဲပြောင်းခြင်း၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးခြင်းနှင့် ပြန်လည်ထူထောင် ပေးခြင်း လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေသူများနှင့် ဝန်ဆောင်မှု ပေးနေသူများသည် ၎င်းတို့၏ အခန်းကဏ္ဍနှင့် လုပ်ငန်း တာဝန်များကို ရှင်းလင်းစွာ သိရှိနားလည်ပြီး လူကုန်ကူး ခံရသူများအား အကာအကွယ်ပေးခြင်းနှင့် ကူညီထောက်ပံ့ ခြင်းလုပ်ငန်းများကို ပိုမိုစနစ်ကျနစွာ ဆောင်ရွက်နိုင်ခြင်း အားဖြင့် လူကုန်ကူးခံရသူများ၏ အကောင်းဆုံး အကျိုး စီးပွားကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်