ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံပေးခြင်းတို့ သည် လူကုန်ကူးမှုပင်ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာကိုလည်း ကောင်း၊ လုပ်အားကိုလည်းကောင်း ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် အထက်ပါအတိုင်း လူကုန်ကူးမှုတွင် လှည့်ဖြားခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ အင်အားသုံးခြင်း စသည့်နည်းလမ်းများကို ကျူးလွန်သူတို့က သုံးစွဲကြသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူကုန်ကူးမှုခံရသူ အများဆုံးရှိသော အာရှရပ်ဝန်းတွင် ပါဝင်နေပြီး ဆင်းရဲနွမ်းပါး မှု၊ အသိပညာဗဟုသုတနည်းပါးမှု၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှု၊ ဝင်ငွေနည်းပါးမှု စသည့်အကြောင်းရင်းခံများ ကြောင့် လူကုန်ကူးမှု၏ သားကောင်များဘဝကျရောက်သွား ကြရသည်။ လူကုန်ကူးမှုတွင် လူပွဲစားများက နယ်စပ်မြို့ သို့မဟုတ် တစ်ဖက်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ၊ စတိုးဆိုင်၊ စားသောက်ဆိုင်၊ ထမင်းဆိုင် စသည့်နေရာတို့တွင် လုပ်ခ လစာ ကောင်းကောင်းရရှိမည်ဟု စည်းရုံးခြင်း၊ အိမ်ဖော်၊ ကလေးထိန်း၊ သက်ကြီးရွယ်အိုတို့ကို ကြည့်ရှုစောင့်ရှောက်ရ မည်ဟူ၍ စည်းရုံးခြင်း၊ တစ်နည်းနည်းဖြင့် ပြောဆိုစည်းရုံးပြီး နောက် လမ်းစရိတ်အကုန်ကျခံ၍ ခေါ်ဆောင်ခြင်း၊ ကြိုတင် ငွေထုတ်ပေးပြီး တစ်ဖက်နိုင်ငံရောက်ပါက မိဘများထံ ငွေလွှဲ ပေးမည်ဟု စည်းရုံးခြင်း၊ ဟန်ဆောင်လက်ထပ်ခြင်း၊ ရည်းစား အဖြစ် ချစ်ကြိုက်ဟန်ဆောင်ခြင်းဖြင့် လှည့်ဖြားကာ တစ်ဖက် နိုင်ငံသို့ အလည်အပတ်သို့မဟုတ် ခိုးပြေးသည့်ပုံစံဖြင့် ခေါ်ဆောင်ရောင်းစားခြင်း၊ တစ်ဖက်နိုင်ငံမှ အမျိုးသားနှင့် ဇနီးမယားအဖြစ် ပေါင်းသင်းပါက ငွေကြေးအမြောက်အမြား ရမည်ဟု စည်းရုံးခြင်း စသည့်နည်းလမ်းများကို အသုံးပြု ကြသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လျော့နည်းကျဆင်းရေးဆောင်ရွက်ရာတွင် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးမှာ လွန်စွာ အရေးပါသည်။ လူကုန်ကူးမှုများကို သတိပြုရှောင်ရှား နိုင်ရန်အတွက် အသိပညာပေးမှုများ ပြုလုပ်လျက်ရှိသော် လည်း ပိုမိုကျယ်ပြန့်ထိရောက်သော အသိပညာပေးမှုများ ပြုလုပ်ရန် လိုအပ်နေဆဲဖြစ်သည်။ တစ်ဖက်နိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်သွားရောက်ခြင်းဖြင့် လူကုန် ကူးခံရမည့်အန္တရာယ် ကြုံတွေ့နိုင်ပုံ၊ တရားမဝင် အလုပ် လုပ်ကိုင်ခြင်းဖြင့် အလုပ်သမားများ၏ အခွင့်အရေးများ မရနိုင်သည့်အပြင် တရားမဝင် ခိုးဝင်မှုဖြင့် အဖမ်းခံရနိုင်ပုံ၊ တစ်ခါတစ်ရံတွင် စာချုပ်ချုပ်ဆို၍ အယုံသွင်းထားသည့်တိုင် လိမ်လည်ခံရနိုင်ပုံတို့ကို မီဒီယာနည်းလမ်းအမျိုးမျိုးတို့ ဖြင့် လူကုန်ကူးအန္တရာယ် ကျရောက်နိုင်ခြေမြင့်မားသည့် မိန်းကလေးငယ်များ၊ အမျိုးသမီးများ သိရှိနားလည်အောင် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရမည်ဖြစ်သည်။
လူကုန်ကူးမှုကျူးလွန်သူများတွင် တရားခံအများစုသည် အမျိုးသမီးများဖြစ်ကြပြီး ငွေကြေးရယူလိုသည့် အလိုလောဘ ဖုံးလွှမ်းနေမှုကြောင့် လူကုန်ကူးမှု ပြစ်မှုပြစ်ဒဏ်များ၏ ကြီးလေးမှုကို သတိမပြုနိုင်ကြဟု ယူဆရသည်။
အမျိုးသမီး/ကလေးများကို လူကုန်ကူးခြင်း၊ အမျိုးသားများကို လူကုန်ကူး ခြင်း၊ လူကုန်ကူးမှုကျူးလွန်စဉ် ထောင်ဒဏ် (၄) နှစ်နှင့် အထက် ချမှတ်နိုင်သည့်ပြစ်မှုကို ကျူးလွန်ခြင်း၊ ဂိုဏ်းဖွဲ့ လူကုန်ကူးမှုကျူးလွန်ခြင်း စသည့်ပြစ်မှုများအတွက် ပြစ်ဒဏ် များတွင် ထောင်ဒဏ်(၅)နှစ်၊ (၁၀) နှစ်၊ နှစ် (၂၀)၊ ထောင်ဒဏ် တစ်သက်တို့အပြင် ငွေဒဏ်များမှသည် အမြင့်ဆုံးသေဒဏ် အထိ ချမှတ်နိုင်ရာ ဥပဒေဘောင်အတွင်း နေထိုင်ခြင်းနှင့် သမ္မာအာဇီဝအသက်မွေးခြင်းဖြင့်သာ ကောင်းမွန်သည့်ဘဝကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။ ။