လူမှုကွန်ရက်ကို ဘယ်လိုအသုံးပြုသွားကြမလဲ

Type

မောင်သောင်းဝင်း (တမန်ဟောင်း)

====================

မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း၌  သတင်း အချက်အလက်     စီးဆင်းမှုမြစ်ဖျားခံရာသည် အင်တာနက်နည်းပညာပင်ဖြစ်သည်။ အင်တာနက် နည်းပညာတွင် ဖေ့စ်ဘွတ်နှင့် တွစ်တာကဲ့သို့သော  လူမှုကွန်ရက်များသည်  သတင်းအချက်အလက်  လျင်မြန်စွာဖြန့်ဝေနိုင်ခြင်း၊    လူတန်းစားမရွေး သုံးစွဲနိုင်ခြင်းတို့ကြောင့် အချိန်တိုအတွင်း အများစု အသုံးပြုနေသော  နည်းပညာတစ်ရပ်ဖြစ်လာခဲ့ သည်။ လူမှုကွန်ရက်များသည်  လူမှုဆက်ဆံရေး နယ်ပယ်တွင်သာမက နိုင်ငံရေး၊ စီးပွားရေးကဏ္ဍစုံ  အသုံးပြုနိုင်သဖြင့် များစွာအသုံးဝင်သောနည်းပညာ တစ်ရပ်လည်းဖြစ်သည်။ 


လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ ဖေ့စ်ဘွတ် နှင့် အင်စတာဂရမ်ကဲ့သို့သော လူမှုကွန်ရက်များ ကို သုံးစွဲနေသူ ၃ ဒသမ ၆ ဘီလီယံကျော်ခန့်  ရှိသည်။ ဆိုလိုသည်မှာ ကမ္ဘာ့လူဦးရေ၏ ထက်ဝက် နီးပါးခန့်သည် လူမှုကွန်ရက်သုံးစွဲနေပြီး  လူနှစ်ဦး လျှင် တစ်ဦးခန့်သည် လူမှုကွန်ရက်နှင့် အချိန်ကုန်  နေခြင်းပင်ဖြစ်သည်။  ထို့ကြောင့် လူမှုကွန်ရက် အသုံးပြုရာတွင်     အလွန်အကျွံမဖြစ်စေရန် ထိန်းချုပ်ခြင်း၊    ဆော့ဖ်ဝဲနည်းပညာများဖြင့် အကူအညီပေးခြင်း၊ ပညာရှင်များနှင့် မူဝါဒရေးဆွဲ သူများအနေဖြင့်     ဆိုးကျိုးသက်ရောက်မှုများ လျှော့ချနိုင်ရန်နည်းလမ်းများ      ရှာဖွေခြင်းတို့ လုပ်ဆောင်သွားရန် လိုအပ်နေပြီဖြစ်သည်။


ကောင်းကျိုးအထွေထွေ


လွန်ခဲ့သောနှစ်အနည်းငယ်မှစ၍    လူမှု ကွန်ရက်သည်  အံ့ဩဖွယ်ကောင်းလောက်သည့် အတိုင်းအတာဖြင့်    ကြီးမားကျယ်ပြန့်လာခဲ့ပြီး ဖေ့စ်ဘွတ်နှင့် တွစ်တာသုံးစွဲသူသည် သန်းပေါင်း များစွာအထိ   ရှိလာသည်။  နည်းပညာတိုးတက် လာသည်နှင့်အမျှ လူမှုကွန်ရက်များ၏  အားသာ ချက်ပေါင်းများစွာကို    ရရှိနိုင်ပြီး   အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လူမှုကွန်ရက်ကို လူမှုဘဝ မြှင့်တင်ရန်နှင့် လူသားတို့၏ စိတ်ခံစားချက်များကို  ဖော်ပြနိုင်ရန်အတွက်   အသုံးပြုနိုင်ကြသည်။ မြန်မာနိုင်ငံတွင်လည်း လူမှုကွန်ရက် အသုံးပြုသူ  အရေအတွက်သည်  တစ်နေ့တခြား  တိုးပွားလာ လျက်ရှိသည်။   တချို့သောသူများသည်    လူမှု ကွန်ရက်ကိုအသုံးချပြီး အောင်မြင်တိုးတက်မှုကို  ဖော်ဆောင်နိုင်လျက်ရှိကြသည်။  သာဓကအနေဖြင့်  အွန်လိုင်းစီးပွားရေး       လုပ်ငန်းရှင်တချို့သည် အောင်မြင်မှုရရှိလျက်ရှိကြသည်။


လူမှုကွန်ရက်သည်      ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများကိုကျော်လွန်၍   ကမ္ဘာတစ်ဝန်းရှိ  မည်သူ့ကိုမဆို  ဆက်သွယ်နိုင်သည်။ တစ်ကိုယ်ရေ အသုံးပြုရန်အတွက်သော်လည်းကောင်း၊ စီးပွားရေး လုပ်ငန်းအတွက်သော်လည်းကောင်း    များစွာ အကျိုးဖြစ်ထွန်းသည်။     ငွေကြေးကုန်ကျမှု သက်သာစွာဖြင့်    ဗီဒီယိုခေါ်ဆိုမှုများ၊   ဖိုင်များ၊ ဓာတ်ပုံများအား တင်ပြနိုင်သည်။ အဆွေစာရှုသူ၏  ကျောင်းနေဖက်သူငယ်ချင်းများ၊  မိတ်ဆွေဟောင်း များ၊      ဆွေမျိုးများကို   ဆက်သွယ်နိုင်သည်။ ကမ္ဘာ့နေရာပေါင်းစုံမှ မိတ်ဆွေသစ်များကို  ရှာဖွေ နိုင်သည်။   မိတ်ဆွေများနှင့်   အပြန်အလှန်စကား ပြောဆိုနိုင်သည်။  သတင်းစကားများ    ပေးပို့နိုင် သည်။   ဝါသနာတူသူများနှင့်     စုဖွဲ့နိုင်သည်။ အမြင်ချင်းဖလှယ်နိုင်သည်။   ကမ္ဘာတစ်ဝန်းမှ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့်  ရိုးရာအစဉ်အလာ များကို  လေ့လာနိုင်သည်။  မရောက်ဖူးသည့်နေရာ များကို လူမှုကွန်ရက်မှတစ်ဆင့် သွားရောက်လေ့လာ လည်ပတ်နိုင်သည်။


ကျောင်းသားများသည် အုပ်စုဖွဲ့ဆွေးနွေးပွဲများ ပြုလုပ်နိုင်သည်။ လေ့လာမှတ်သားကိုးကားလိုသော  စာအုပ်များကို ဒေါင်းလုတ်ရယူနိုင်သည်။ အလားတူ စာပေဝါသနာရှင်များအနေဖြင့်လည်း  နာမည်ကြီး  စာရေးဆရာများ၏ စာအုပ်များ၊  သုတရသစာပေများ ကို ဒေါင်းလုတ်ယူဖတ်နိုင်သည်။ တရားဓမ္မလေ့လာ အားထုတ်    ပွားများလိုသူများအနေဖြင့်  ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများ၏    တရားတော်များ၊ ပရိတ်တော်များ၊ ပဋ္ဌာန်းတော်များကို  ဒေါင်းလုတ်ရယူ နိုင်သည်။ ရုပ်ရှင်၊ ဂီတ  ဝါသနာပါသူများအနေဖြင့် လည်း ဇာတ်ကားများ၊ တေးသီချင်းများ  ရယူနိုင် သည်။   ချက်ပြုတ်ရေးဝါသနာပါသူများအနေဖြင့် လည်း တိုက်ရိုက်ကြည့်ရှုလေ့လာနိုင်သည်။  လူမှု ကွန်ရက်သည်      သုံးစွဲသူ၏ချင့်ချိန်နိုင်စွမ်းအပေါ် မူတည်၍ အကျိုးတရားများပြားလျက်ရှိသည်။


အထူးသဖြင့် ယခုလို ကိုဗစ်-၁၉  ကာလတွင်  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လူမှုကွန်ရက်မှ  တစ်ဆင့်   အစည်းအဝေးများ    ပြုလုပ်နိုင်သည်။ ထုတ်ကုန်ပစ္စည်းများ၊  ဝန်ဆောင်မှုလုပ်ငန်းများကို အရောင်းမြှင့်တင်နိုင်သည်။    စီးပွားရေးလုပ်ဖော်  ကိုင်ဖက်မိတ်ဆွေများ တိုးချဲ့နိုင်သည်။  စီးပွားရေး  လုပ်ငန်းများကို  ကြော်ငြာနိုင်သည်။ နိုင်ငံရေးပါတီ များသည်ပင်လျှင်     ရွေးကောက်ပွဲအောင်နိုင်ရေး  အတွက် လူမှုကွန်ရက်မှတစ်ဆင့် မဲဆွယ်စည်းရုံးမှုများ  လုပ်ဆောင်နေကြသည်။ အထူးသဖြင့်  ဖေ့စ်ဘွတ်  သည်  သတင်းအရင်းအမြစ်ဖြစ်သည်။  နောက်ဆုံး သတင်းများကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ပါ  သည်။
ဆိုးကျိုးများစွာ
သို့သော် အရာရာတိုင်းတွင်  ကောင်းကျိုးနှင့် ဆိုးကျိုး  ဒွန်တွဲနေသကဲ့သို့ပင်  လူမှုကွန်ရက်အား  အသုံးပြုရာတွင်လည်း   သုံးစွဲသူအပေါ်မူတည်ပြီး  ကောင်းကျိုးနှင့်ဆိုးကျိုး နှစ်မျိုးစလုံးအား ရရှိခံစား ကြရမည်ဖြစ်သည်။ ထို့ကြောင့် ပညာရှင်များသည်  လူမှုကွန်ရက်သုံးစွဲခြင်းကြောင့်  ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများကို  သုတေသနပြုနေကြ ရပြီဖြစ်သည်။  စင်စစ်အားဖြင့်  လူမှုကွန်ရက်သုံးစွဲ  ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ပေါ် လေ့ရှိကြောင်း၊ ထိုဆိုးကျိုးများသည် စိတ်ကျန်းမာရေး  နှင့် ဆက်စပ်နေသည်ထက်ပင်  ပိုမိုပြင်းထန်ကြောင်း နှင့် ဖေ့စ်ဘွတ်၊ တွစ်တာနှင့် အင်စတာဂရမ်တို့ကဲ့သို့ သော ဝက်ဘ်ဆိုက်များ အသုံးပြုခြင်းသည် ဆိုးကျိုး  ၄၆  ခုအထိပင်   ဖြစ်ပွားနိုင်ကြောင်းကို   ဆစ်ဒနီ နည်းပညာတက္ကသိုလ်မှ  ပညာရှင်များက  လေ့လာ သုတေသနပြုတွေ့ရှိထားသည်ဟု ဆိုသည်။


ထိုသို့ဖြစ်ပွားလျက်ရှိသည့် ဆိုးကျိုးအများစုမှာ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်း၊ အနိုင်ကျင့်ခံ နေရသည်ဟု ခံစားရခြင်း၊ သေကြောင်းကြံစည်စိတ် ဖြစ်ပေါ်ခြင်း၊ ဆိုက်ဘာအနိုင်ကျင့်မှုခံရခြင်း၊ ဆိုးသွမ်း ခြင်း၊ မနာလိုစိတ်ဖြစ်ပေါ်ခြင်း၊ အချက်အလက်များကို  ပိုမိုတင်ပြခြင်း၊  အွန်လိုင်းလုံခြုံမှုကင်းမဲ့ခြင်းတို့ပင်  ဖြစ်သည်။ လူမှုကွန်ရက်အသုံးပြုခြင်း၏  နောက် ဆက်တွဲဆိုးကျိုးများသည်   ရုပ်ပိုင်းနှင့်   စိတ်ပိုင်း ဆိုင်ရာ ပြဿနာများမှသည် လုပ်ငန်းခွင်နှင့်  ပညာ သင်ကြားရေးအထိ  ဆိုးကျိုးများစွာ  သက်ရောက် စေလျက်ရှိသည့်အပြင်   တစ်ကိုယ်ရေလုံခြုံရေးနှင့်   ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာများကိုလည်း ဖြစ်ပေါ်စေ  လျက်ရှိကြောင်း ပညာရှင်များက ထောက်ပြထား သည်။ လက်ရှိအချိန်အထိ လူမှုကွန်ရက်နှင့်စပ်လျဉ်း၍  သုတေသနပြုချက်များသည်      လူမှုကွန်ရက်၏  အကျိုးကျေးဇူးများနှင့်အလားအလာများ၊ စွမ်းဆောင် ရည်များကိုသာ    အလေးထားဖော်ပြလျက်ရှိသော် လည်း ဆိုးကျိုးများကိုမူ လျစ်လျူရှုထားကြသည်။
အထူးသဖြင့် လူမှုကွန်ရက်ကို  တွင်ကျယ်စွာ အသုံးပြုပြီး နည်းပညာကို ခုတုံးလုပ်လာသောကြောင့်  သုံးစွဲသူများအနေဖြင့် လူမှုကွန်ရက်၏  အားသာချက် နှင့် အားနည်းချက်များကို  လေ့လာဆန်းစစ်နိုင်ရန် နှင့် မှန်ကန်စွာအသုံးချနိုင်ရန် လိုအပ်သည်။  လူမှု ကွန်ရက်တွင် အားသာချက်များရှိသကဲ့သို့ နည်းပညာ ကို ခုတုံးလုပ်၍ ဆိုက်ဘာအနိုင်ကျင့်ခံရခြင်း၊ သတင်း အချက်အလက်ပေါက်ကြားခြင်း၊     အလွန်အမင်း စွဲလမ်းနှစ်သက်ခြင်း၊  လိမ်လည်လှည့်ဖြားခံရခြင်း၊  မိမိ၏ဂုဏ်သိက္ခာကို စော်ကားခံရခြင်း၊ လူမှုဆက်ဆံ ရေးပျက်ပြားခြင်း၊ ခြိမ်းခြောက်အနိုင်ကျင့်ခံရခြင်း၊  အိမ်ထောင်ရေးပြိုကွဲခြင်း၊ အချိန်နှင့်ငွေကြေးလေလွင့် ဆုံးရှုံးခြင်း၊ ကျန်းမာရေးထိခိုက်နိုင်ခြင်းအပြင် လူမှု ကွန်ရက်ကြောင့် သေဆုံးမှုများ စသည့် အားနည်းချက်  များလည်းရှိနေသည်။


ထို့အပြင်  မကြာသေးမီကပင်  ဟက်ကာများ သည် အကောင့်သန်း ၁၂ဝ ကျော်ကို ရောင်းချသွား ရန်ရှိကြောင်း၊  အဟက်ခံရသည့်အကောင့်အများစု  သည်  အမေရိကန်၊  ဗြိတိန်၊    ရုရှား၊    ဘရာဇီးနှင့်   ပြင်သစ်နိုင်ငံတို့မှဖြစ်ကြောင်း  နိုင်ငံတကာသတင်း  တစ်ပုဒ် ဖတ်လိုက်ရသည်။  ထို့အပြင်  စက်တင်ဘာ လကုန်ပိုင်းလောက်ကလည်း      ဖေ့စ်ဘွတ်မှ အကောင့်ပေါင်း သန်း ၅ဝ ကျော် ပေါက်ကြားခဲ့ပြီး  အကောင့် ၂၉ သန်းသည် ဟက်ကာများလက်ထဲသို့ ရောက်သွားသည်ဆိုသော    သတင်းတစ်ပုဒ်  ဖတ်လိုက်ရသည်။ ထို့ကြောင့် ဖေ့စ်ဘွတ်အသုံးပြုသူ  များအနေဖြင့် အကောင့်ဟက်ခံရမည့်အန္တရာယ်နှင့် လည်း ကြုံတွေ့လာရပြီဖြစ်သည်။
လူမှုကွန်ရက်ကို ဘယ်လိုအသုံးပြုသွားကြမလဲ


မည်သို့ပင်ဆိုစေ လူမှုကွန်ရက်သည် လူတစ်ဦး ချင်းစီ၏     နေ့စဉ်လူနေမှုဘဝမှသည်    နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံရေး၊  စီးပွားရေးနှင့်  စစ်ရေးကဏ္ဍ တို့လည်း လွှမ်းမိုးလာလျက်ရှိသည်။  သာဓကအနေ ဖြင့် အာရပ်နွေဦးတော်လှန်ရေးတွင်  မီဒီယာအချို့ သည် ပြည်သူလူထုအား လူမှုကွန်ရက်မှတစ်ဆင့်  သွေးထိုးလှုံ့ဆော်ခဲ့သဖြင့်      လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာပြီး        အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအချို့တွင်  နိုင်ငံရေးအပြောင်းအလဲ  များစွာ ဖြစ်ပေါ်လာခဲ့သည်။   အလားတူ    အမေရိကန်  သမ္မတ ရွေးကောက်ပွဲတွင်လည်း  လူမှုကွန်ရက်မှ တစ်ဆင့် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သဖြင့်  မဲရလဒ်များ   ပြောင်းလဲခဲ့သည်ဟု  ဆိုပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ အာဏာရပါတီသည်  လူမှုကွန်ရက် ကို အသုံးချပြီး ပြည်သူလူထုကို လှုံ့ဆော်စည်းရုံး ခဲ့သလို  အခြားသောပါတီများ၏  မဲဆွယ်သည့် Status များကို အကြောင်းအမျိုးမျိုးပြကာ ဖြုတ်ချ ခဲ့သည်။ 


မည်သို့ပင်ဆိုစေ လက်ရှိအချိန်တွင် လူသား တို့သည် လူမှုကွန်ရက်ကို ရည်မှန်းချက်တစ်ခု  အတွက် အသုံးချသည့်ပလက်ဖောင်းတစ်ခုအဖြစ် တွင်ကျယ်စွာအသုံးပြုလာပြီဖြစ်သည်။ သို့သော်  တစ်ကိုယ်ရေအချက်အလက်များ လုံခြုံရေးအတွက် သတိထားသွားသင့်သည်။ သာဓကအနေဖြင့်   လူမှု ကွန်ရက်တွင် မိတ်ဆွေဖွဲ့ရာ၌ လုံခြုံရေးသတိရှိရန်  လိုအပ်သည်။ အကောင့်အတုများက Friend Request များ ပို့လာလျှင် သတိထားကြရန်လိုအပ် သည်။  နာမည်အရင်း၊   ကိုယ်ပိုင်ဓာတ်ပုံများနှင့်  Status မတင်သူများသည် ရည်ရွယ်ချက် သို့မဟုတ် အားနည်းချက်တစ်ခုခု ရှိနေတတ်သည်။ လူတစ်ဦး ကို သူငယ်ချင်းအဖြစ်လက်ခံမည်ဆိုလျှင် ထိုပုဂ္ဂိုလ် ၏  Profile ကို   ဦးစွာစစ်ဆေးကြည့်သင့်သည်။    မိမိနှင့်ရင်းနှီးသောမိတ်ဆွေများနှင့်  သူငယ်ချင်း ဖြစ်နေပြီလားဆိုသောအချက်များကို  ဆန်းစစ်သင့် သည်။ အထူးသဖြင့်  Account လုံခြုံမှုရှိအောင်  ထိန်းသိမ်းသင့်သည်။


ထို့အပြင် လူမှုကွန်ရက်၌ သတင်းတု၊ သတင်း  အမှားများ၊ ပုံဖျက်သတင်းများကို ရည်ရွယ်ချက်  ရှိရှိဖြင့်     ဖြန့်ဖြူးလျက်ရှိသည်။   အထူးသဖြင့် နိုင်ငံတော်အစိုးရအပါအဝင်   ပြိုင်ဘက်များကို  တိုက်ခိုက်ထိုးနှက်အသရေဖျက်မှုများ၊  ပုံမှားရိုက် သတင်းများကို  ဝါဒဖြန့်ချိလျက်ရှိသည်။  ဓာတ်ပုံ များနှင့် ရုပ်သံသတင်းများကို တည်းဖြတ်နိုင်သည့်  Software များကို အသုံးပြုပြီး  သတင်းမှားများ၊ သတင်းအတုအယောင်များ၊     ကောလာဟလ သတင်းများ၊ အမုန်းစကားများ၊  ပဋိပက္ခအားပေး လှုံ့ဆော်သည့်သတင်းများနှင့် သတင်းစကားများကို ဖြန့်ဝေလျက်ရှိကြသည်။   ထို့ကြောင့် သတင်းတု၊ သတင်းအမှားများအပေါ်    မယုံကြည်မိစေရန် ချင့်ချိန်ဆုံးဖြတ်သွားရန် လိုအပ်သည်။


မြန်မာနိုင်ငံအနေဖြင့်  လူမှုကွန်ရက်ကဏ္ဍနှင့် သတင်းအချက်အလက်      လုံခြုံမှုတို့အတွက် “သတင်းမီဒီယာ ဥပဒေ”ကို  ၂၀၁၇   ခုနှစ်တွင် လည်းကောင်း၊ “လျှို့ဝှက်အက်ဥပဒေ (၁၉၂၃)”ကို  လည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် ”အီလက်ထရွန်နစ်  ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ”ကို    လည်း ကောင်း     အသီးသီးပြဋ္ဌာန်းထားရှိသည့်အပြင်  ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို   အသုံးပြု၍  ပုဂ္ဂိုလ်တစ်ဦးဦးအား ခြိမ်းခြောက်ခြင်း၊  အသရေ ဖျက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက် ခြင်းများကို ပြုလုပ်ပါက “ဆက်သွယ်ရေးဥပဒေပုဒ်မ  ၆၆၊   ပုဒ်မခွဲ(ဃ)”အရ    အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားရှိသည်။   ထို့ကြောင့် ပြည်သူများအနေဖြင့် လူမှုကွန်ရက်အသုံးပြုရာတွင်  ဆောင်ရန်၊ ရှောင်ရန်များကိုလည်း  သိထားသင့်ပေ သည်။   လူမှုကွန်ရက်ပေါ်မှတစ်ဆင့်   အခြားသူ တစ်ဦးဦးအပေါ်    မဟုတ်မမှန်    အပုပ်ချဝေဖန် တိုက်ခိုက်မည်ဆိုလျှင်၊    အထူးသဖြင့်    နိုင်ငံတော် လုံခြုံရေးထိခိုက်စေမည့်    ရေးသားပြောဆိုမှုများ လုပ်ဆောင်မည်ဆိုလျှင် ဆက်သွယ်ရေးဥပဒေအရ  အရေးယူခံရမည်ဖြစ်သည်။


စင်စစ်အားဖြင့် လူမှုကွန်ရက်သည် အလွှာ ပေါင်း  များစွာကို ပေါင်းစည်းထားသည့်အတွက် မှန်ကန်စွာ အသုံးချနိုင်မည်ဆိုပါက အသိပညာများ  မျှဝေပေးနိုင်ခြင်း၊     သိရှိလိုသည့်     အချက်အလက် များအား အချိန်တိုအတွင်း ရှာဖွေသိရှိနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာနိုင်ခြင်း၊ ပညာရေးအတွက် များစွာအထောက်အကူ ပြုခြင်းနှင့်       သတင်းအချက်အလက်များကို        အချိန်နှင့်တစ်ပြေးညီ   သိရှိနိုင်ခြင်း   စသည့်အကျိုး အမြတ်များစွာရရှိနိုင်သည်။ သို့သော် တချို့သော သူများသည် လူမှုကွန်ရက် နှင့် ခေတ်မီနည်းပညာ များကို  နားလည်သဘောပေါက်မှုအားနည်းခြင်း၊ ကျွမ်းကျင်မှုနည်းပါးခြင်းတို့ကြောင့်    ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက်ပေါက်ကြားမှုများ ဖြစ်ပေါ် လေ့ရှိသည်။ ထို့အပြင်  လူမှုကွန်ရက်မှတစ်ဆင့် နှောင့်ယှက်ဖျက်ဆီးသူ  Hacker  များအတွက် ခိုးဝင်နှောင့်ယှက်နိုင်သည့်  ဟာကွက်များလည်း ရှိနေဆဲဖြစ်သည်။ မျက်မှောက်ကာလတွင်  ရာဇဝတ် မှုဖြစ်ပွားမှုနှုန်း   မြင့်တက်လာရသည့်     အဓိက အကြောင်းရင်းကို    လေ့လာဆန်းစစ်ကြည့်မည် ဆိုပါက  လူမှုကွန်ရက်ကို   ကျယ်ကျယ်ပြန့်ပြန့်  သုံးစွဲလာနိုင်မှုကြောင့်   ဖြစ်သည်။  အထူးသဖြင့် ဖေ့စ်ဘွတ်အပါအဝင် လူမှုကွန်ရက်ကို အလွန်အကျွံ သုံးစွဲခြင်းကြောင့်   အိပ်စက်ချိန်လျော့နည်းလာပြီး  စိတ်ကျရောဂါခံစားကြရသည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာရှိလာသည့်အပြင်   လုပ်ငန်းတာဝန် များနှင့်  လေ့လာသင်ယူလိုသည့်   စိတ်ဓာတ်ပေါ် တွင်လည်း ဆိုးကျိုးသက်ရောက်လေ့ရှိသည်။

 


ဆိုရလျှင် မြန်မာနိုင်ငံအပါအဝင်  အာရပ်နိုင်ငံ များတွင်    ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ တစ်လျှောက် လူမှုကွန်ရက်သည် ဆွေးနွေးဝေဖန်မှု ပြုလုပ်နိုင်သည့် နေရာတစ်ခုအသွင်ပြောင်းလဲလာခဲ့  သည်ကို တွေ့မြင်ရသည်။ ထို့ပြင် လူမှုကွန်ရက်ကို နည်းစနစ်မှန်မှန်အသုံးပြုခြင်းဖြင့်      လူမှုဘဝ အတွက် အဘက်ဘက်မှ  အကျိုးအမြတ်များစွာ ရရှိနိုင်သကဲ့သို့ နည်းပညာပိုင်းဆိုင်ရာအားနည်း ခြင်း၊ အသိအမြင်နှင့်  ဗဟုသုတနည်းပါးခြင်းများ ကြောင့် လူမှုကွန်ရက်၏  အသုံးချခံလူသားများ ဖြစ်လာကြပြီး   ရာဇဝတ်မှု   ဖြစ်ပွားမှုနှုန်းလည်း မြင့်တက်လျက်ရှိသည်။ ထို့ကြောင့် လူမှုကွန်ရက် အသုံးပြုသူများအနေဖြင့်   တစ်ကိုယ်ရေအချက် အလက်များလုံခြုံမှုအတွက်  နည်းပညာပိုင်းဆိုင်ရာ အသိပညာဗဟုသုတများရှာမှီးခြင်းအပြင် လက်ရှိ ပြဋ္ဌာန်းထားသည့် ဥပဒေများ၏ အကျိုးသက်ရောက် မှုများကိုလည်း       လေ့လာဆန်းစစ်သွားရန်   လိုအပ်ကြောင်း      အကြံပြုတိုက်တွန်းလိုက်ရ ပါသည်။     ။