ကူးစက်မှုမြန်ဆန်ပြီး ပြင်းထန်လှသည့် ကိုဗစ်-၁၉ တတိယလှိုင်းမှာ အမြင့်ဆုံးအခြေအနေဆီသို့ ရောက်ရှိခဲ့ပြီးပြီဟု ယုံကြည်ရသည်။ အမြင့်ဆုံးသို့ရောက်ပြီးလျှင် ပြန်လည်ကျဆင်းရတော့မည်။ ကျဆင်း လာနေသည့် လက္ခဏာများကိုလည်း တွေ့မြင်နေရသည်။ သို့သော် ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်သည့်အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်မှသာ သိသိသာသာ ပြန်လည်ကျဆင်း သွားမည်ဖြစ်ပြီး ကပ်ရောဂါကို ပေါ့ပေါ့ဆဆ လျှော့တွက်မိမည်ဆိုပါက အချိန်မရွေး ပြန်လည်ထိုးတက်သွားနိုင်မည်ဖြစ်သည်ကို သတိချပ် ကြဖို့လိုသည်။
သတိပြုကြရမည့်အထဲတွင် လူမှုကွန်ရက်မှ အဖျက်အမှောင့်၊ မဟုတ်မမှန်ရေးသားဖြန့်ဝေမှုများလည်း ပါဝင်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြု၍ ပြည်သူလူထု အတွင်း စိုးရိမ်မှုများ ကြီးထွားလာအောင်၊ နိုင်ငံရေးမတည်မငြိမ်ဖြစ် အောင် မသမာသူတို့က လှုံ့ဆော်ဖန်တီးလျက်ရှိရာ ဖြစ်ပေါ်လာမည့် အကျိုးဆက်မှာ ပြည်သူကိုသာ ထိခိုက်နစ်နာဆုံးရှုံးစေမည်ဖြစ် သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းတွင် ‘‘တစ်ကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေချိန်မှာ ကာကွယ်ဆေးထိုးခြင်း၊ လူထူထပ်တဲ့နေရာ တွေ သွားရောက်တာကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊ တစ်ဦးချင်း ခပ်ခွာခွာနေထိုင်ခြင်း၊ Maskနဲ့ Face Shield တွေ တပ်ဆင်ခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်းတွေကို အရှိန်တိုးမြှင့်လုပ်ဆောင် ရမယ့်အစား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ထိန်းချုပ် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ ကိုဗစ်ရောဂါ စည်းကမ်း ချက်တွေကို မလိုက်နာကြဖို့၊ ကာကွယ်ဆေးမထိုးကြဖို့နဲ့ လူထုကြား မှာ အမျိုးမျိုးသော စုဝေးမှုတွေ ဖြစ်ပေါ်လာအောင် ဆင်ခြင်တုံကင်းမဲ့ စွာ၊ အကြံပက်စက်စွာ စည်းရုံးလှုံ့ဆော်နေမှုတွေက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်သလို ကိုဗစ်-၁၉ ရောဂါကို လက်နက်သဖွယ်အသုံးပြုလာတဲ့၊ ဇီဝအကြမ်း ဖက်တဲ့ Bioterrorism သဘောတရားပင်ဖြစ်ပါတယ်’’ဟု ထည့်သွင်း ဖြေကြားခဲ့ရာ ပြည်သူလူထုအနေဖြင့် လူမှုကွန်ရက်ပေါ်မှ မမှန်မကန် ရေးသားဖြန့်ဝေနေမှုများကို ဉာဏ်ရှေ့သွား စဉ်းစားဆင်ခြင်မှုဖြင့် ပယ်ရှားကြရမည်ဖြစ်သည်။ ကိုဗစ်ရောဂါဆိုင်ရာ စည်းကမ်းချက်များ ကို မလိုက်နာလျှင်၊ ကာကွယ်ဆေးမထိုးကြလျှင် ဦးစွာဘေးဒုက္ခ ခံစားရမည့်သူမှာ မိမိနှင့်တကွ မိမိနှင့်ဆက်စပ်နေသူများ၊ မိသားစုများ သာဖြစ်သည်ဟူ၍လည်း နားလည်နိုင်ကြရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး မျိုးဗီဇကွဲများပေါ်ထွက်လာသည့် ကပ်ရောဂါ တတိယလှိုင်းက ကမ္ဘာ့နိုင်ငံများကို နောက်တစ်ကျော့ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းပင်ဖြစ်ရာ နိုင်ငံများစွာတို့ ခက်ခက် ခဲခဲ ရင်ဆိုင်ရုန်းကန်ကြရသည်။ လတ်တလော မိမိတို့နိုင်ငံတွင် ရင်ဆိုင် ကြုံတွေ့ရသည့် အခက်အခဲမျိုး၊ ပြဿနာမျိုးကို သူတို့လည်း ရင်ဆိုင်ကြုံတွေ့ကြရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်ဟု ရှေ့လုပ်ငန်း စဉ် (၅)ရပ်တွင် ထည့်သွင်းချမှတ်ထားသည့်အတိုင်း ပြုဖွယ်ကိစ္စ အားလုံးကို ဆောင်ရွက်ပေးလျက်ရှိသည်။ ကပ်ရောဂါစီမံခန့်ခွဲရေး နှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ၊ ကန့်သတ်မှုများကို တတ်စွမ်းသမျှ ဖြေလျှော့ပေးထားပြီး လိုအပ်သည့်ပြင်ဆင်မှုများကို လည်း ဆောင်ရွက်လျက်ရှိသည်။
ပြည်သူလူထု ပူးပေါင်းပါဝင်မှု အားကောင်းသည်နှင့်အမျှ ကပ်ရောဂါ တားဆီးထိန်းချုပ်မှုရလဒ်ကောင်းများ လက်တွေ့ကျကျ ရရှိလျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံမှု ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံ လာနိုင်သည်နှင့်အမျှလည်း ကပ်ရောဂါကူးစက်ပျံ့နှံ့မှု လျော့ကျသွား မည်သာဖြစ်ရာ မိမိကိုယ်ကိုယ်လည်း စောင့်ရှောက်၊ အများအကျိုးကို လည်း ရွက်ဆောင်ခြင်းဖြင့် ကပ်ရောဂါဘေးမှ လျင်မြန်စွာ လွတ်ကင်း နိုင်ကြပါစေကြောင်း။ ။