မြန်မာ့အလင်းအယ်ဒီတာအာဘော်
လူငယ်ဟုဆိုလိုက်သည်နှင့် တွဲလျက်ပါနေသည်မှာ မျှော်လင့်ချက် ဖြစ်၏။ လူငယ်ဟူသည် လူ့ဘ၀၏ အတက်ကြွဆုံးကာလဟု ဆိုရမည့်အရွယ်ကို ဖြတ်သန်းနေခြင်းလည်း ဖြစ်၏။ ရုပ်ပိုင်းအားဖြင့်လည်း အတောင့်တင်းဆုံး၊ အသန်မာဆုံး၊ အင်အားအရှိဆုံး အရွယ်ဖြစ်၏။ စိတ်ပိုင်းအားဖြင့်လည်း ဘ၀ကိုထိုးထွင်းသိမြင်လိုသော အားမာန်များဖြင့် စွန့်စားလိုစိတ်များဖြင့် ပြည့်လျှံနေသည့်ကာလ ဖြစ်၏။ လောကကို ဖြူစင်သောကိုယ်ကျင့်ဖြင့် ဖြောင့်ဖြောင့်မတ်မတ် လျှောက်လှမ်းလိုသည့် အရွယ်လည်းဖြစ်၏။ သဘာ၀ကို စူးစမ်းမည်၊ ချစ်မည်၊ ခံစားမည်၊ ပျော်ရွှင်မည်၊ လှုပ်ရှားမည်၊ တက်ကြွမည်။ အမှန်တရားဟု မိမိတို့ယုံကြည်သည့်အတိုင်း ရဲရဲရင့်ရင့် ရင်ဆိုင်မည်။ သူငယ်ချင်းများ၊ အဖော်အပေါင်းများဖြင့် ခင်ခင်မင်မင် နေမည်။ အတူပူးပေါင်း အလုပ်လုပ်မည်၊ အသင်းအဖွဲ့များတွင် ပါဝင်မည်။ ပရဟိတလုပ်ငန်းများကို အားတက်သရော လုပ်ဆောင်မည်။ ကိုယ်ကျိုး ထက် အများအကျိုးကို ဦးစားပေးလိုသည်။ ဘ၀ အတွက် မှတ်သားစရာမှန် သမျှကို လေ့လာသင်ယူရန် အကောင်းဆုံးအချိန်၊ ဉာဏ်အပွင့်လင်းဆုံး အချိန်လည်းဖြစ်၏။
လူငယ်ဟူသည် မျှော်လင့်ချက်အလင်းရောင်နှင့် ယှဉ်လျက်ရှိ၏။ သမိုင်းအဆက်ဆက် စစ်အင်အားတို့ တိုးချဲ့ကြ၊ ခိုက်ရန်ဖြစ်ပွားကြ၊ စစ်မက်ဖြစ်ပွားကြ၊ သတ်ကြဖြတ်ကြ၊ သေကြကျေကြဆိုသည့် တိုက်ပွဲ တို့ ရပ်စဲကြေအေးကာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်၊ ကမ္ဘာကြီးအေးမြသာယာဖို့အတွက်ဟူသည် လူငယ်တို့ကိုသာ အားကိုးစရာအဖြစ် ကမ္ဘာကြီးက မျှော်လင့်ချက်ကြီးစွာ ထားနေကြသည်။
ထို့နည်းတူစွာ လူငယ်တို့ကသာ ယနေ့ လူ့လောကကြီး၏ ရေရှည် တိုးတက်ဖွံ့ဖြိုးမှုကို တည်ဆောက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြ၏။ ထို လူငယ်တို့ကသာ ရေရှည်တည်တံ့ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မည်၊ ထူထောင်နိုင်ကြမည်ဟု မျှော်လင့်နေကြသည်။
ဤသည်တို့က လူငယ်တို့ကို လူ့လောကကြီးက မည်မျှမျှော်လင့် နေကြသည်၊ မည်မျှအားထားသည်၊ မည်မျှယုံကြည်စိတ်ရှိသည်တို့ကို နမူနာအဖြစ်တင်ပြခြင်းသာ ဖြစ်ပါ၏။
လူငယ်တို့၏ ကိုယ်ကျင့်၊ လူငယ်တို့၏ အားမာန်၊ လူငယ်တို့၏ တက်ကြွမှုစသည့်တန်ဖိုးက လွန်စွာကြီးမားသည်ဆိုခြင်းကို လူတိုင်း က နားလည်အသိအမှတ်ပြုကြ၏။ လူတိုင်းက တန်ဖိုးထားကြ၏။ သို့သော်လည်း ထိုတန်ဖိုးကို မည်သို့အားဖြည့်မည်၊ မည်သို့ မြေတောင် မြှောက်မည်၊ မည်သို့ ရေလောင်းပေါင်းသင် လုပ်မည်၊ မည်သို့ အားကိုး မည်ဆိုခြင်းကို စနစ်တကျ ဆန်းစစ်သိမြင်နိုင်ဖို့ လိုပါသည်။
ဤသို့သော အခြေခံတို့ကို ဖြေရှင်းနိုင်ရန်၊ တည်ဆောက်နိုင်ရန် ဆိုသည်မှာ လူငယ်တို့ကို ယုံကြည်မျှော်လင့်သည် ဆိုရုံမျှနှင့် လုံလောက် မည်မဟုတ်တော့။ လူငယ်တို့ကို အမှန်တကယ် အားကိုးအားထားပြုလို သည်ဆိုပါက ယနေ့လူငယ်တို့ စွမ်းဆောင်ရည်နှင့်တကွ ပင်ကိုရှိပြီး ဖြစ်သည့် ကိုယ်ကျင့်ဖြူစင်မှုကို တိုးတက်မြင့်မားစေရန်၊ ရင့်ကျက်သူများ အတွေ့အကြုံများပြားသူများက ဝိုင်းဝန်းထောက်ကူကြရန် လိုမည်ဟု ယူဆပါသည်။
လူငယ်တို့အတွက် ကာယအင်အားရော၊ ဉာဏအင်အားပါ မြှင့်တင် ပေးရန်ကို ပြင်ဆင်ကြရမည်ဟု ယူဆပါသည်။ လူငယ်တို့ အသိပညာ၊ အတတ်ပညာ၊ နည်းပညာတို့ကို အခြေခံမှအစ ကျွမ်းဝင်နားလည်ကာ အရည်အသွေးမြင့်မားရန်၊ ရင့်ကျက်လာရန်၊ အမြော်အမြင်နှင့် ဆင်ခြင်တုံ တရားကြီးရန်တို့ကို ပြုစုပျိုးထောင် ရေလောင်းပေါင်းသင်လုပ်ရန် လိုပါ သည်။ လူငယ်တို့ကို အားကိုးအားထားပြုသည်ဟုဆိုကာ အညွန့်ချိုး၊ အကိုင်းခုတ်၊ အမြစ်ဖြတ်ပြုခြင်းဖြင့် ထူထောင်၍မရပါ။
လူငယ်တို့တွင် ပင်ကိုက ရှိပြီးဖြစ်နေသည့် အနစ်နာခံလိုစိတ်၊ စာနာနားလည်စိတ်၊ သည်းခံခွင့်လွှတ်စိတ်တို့ကို ထိန်းသိမ်းမြှင့်တင်ပေး ရန်လည်း လိုပါမည်။ လူငယ်အင်အားက အဓိကနေရာတွင် ရှိနေရမည် ဖြစ်ပါသည်။ ထိုအင်အားနှင့် စွမ်းရည်တို့ကို ရင့်ကျက်သူ လူကြီးများ က နေရာပေး တွန်းတင်ပေးခြင်းဖြင့်သာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြင့်တင်တည်ဆောက်နိုင်လိမ့်မည်ဟု အခိုင်အမာယုံကြည်ပါ ကြောင်း။ ။