လူသားအရင်းအမြစ်ပေါ်ထွက်ရေး ပညာရည်မြှင့်တင်

ပညာသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးပါသည့်အရင်းအမြစ်ဖြစ်သည်။  ပညာ သည် လူမှုဘဝမြင့်မားတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ တွေးခေါ် ဆင်ခြင်ဉာဏ်မြင့်မားတိုးတက်အောင် ပညာကိုအခြေခံ၍ စဉ်ဆက်မပြတ်ကြိုးစား အားထုတ်ရသည်။ စဉ်ဆက်မပြတ်သင်ယူနိုင်ရန်အတွက် အခြေခံပညာ၊ အဆင့်မြင့် ပညာတို့ကို တစ်ဆင့်ပြီးတစ်ဆင့် တတ်မြောက်အောင် လေ့လာဆည်းပူးကြရသည်။ နိုင်ငံတိုင်းသည် နိုင်ငံသားတိုင်း ပညာသင်ကြားနိုင်ရေးကို ဦးစားပေးဆောင်ရွက်ကြ သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည်   အောက်တိုဘာ  ၁  ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးကိစ္စများကို ပြောကြားခဲ့သည်။ ရှမ်းပြည်နယ်သည် သာယာလှပပြီး ရေခံ၊  မြေခံ၊ ရာသီဥတုအခြေခံကောင်းများနှင့် သဘာဝသယံဇာတအရင်းအမြစ်များ ပေါများကြွယ်ဝသောပြည်နယ်ဖြစ်သည်။ အခြေခံကောင်းများရှိသော်လည်း ရှမ်း ပြည်နယ်ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ များစွာရှိနေသည်။ အဓိကမှာ ပြည်နယ် အတွင်း လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးရေး ဖြစ်သည်။ ယင်းအချက်ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်အသိပေးခဲ့သည်။


ရှမ်းပြည်နယ်တွင် အဆင့်မြင့်ပညာသင်ကြားနိုင်သည့် တက္ကသိုလ်ဇုန် လေးဇုန် ရှိသည်။ တက္ကသိုလ်များတွင် စီးပွားရေးနှင့် ဥပဒေဆိုင်ရာပညာရပ်များ သင်ကြားနိုင် ရေးအတွက် စီမံဆောင်ရွက်ထားသည်။ ရှမ်းပြည်နယ်အတွင်းရှိ တက္ကသိုလ်များတွင် ပညာသင်ကြားခြင်းဖြင့်  လူသားအရင်းအမြစ်များ    ပေါ်ထွက်လာမည်ဖြစ်သည်။ သင်ကြားတတ်မြောက်လာသောပညာများသည် ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတိုးတက်ရေး အတွက် များစွာအထောက်အကူပြုသည်။  ထို့ကြောင့်   အဆင့်မြင့်ပညာများကို ဒေသခံတိုင်းရင်းသားလူငယ်များ  တက်ရောက်သင်ယူနိုင်ရေး    ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ အဆင့်မြင့်ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာအဆင့်တွင် အဆင့်ဆင့်တက်ရောက်သင်ယူအောင်မြင်ပြီးမြောက်ရေးသည် အရေးကြီးသည်။


အခြေခံပညာကို ၂၀၀၉ ခုနှစ်မှစ၍ စဉ်ဆက်မပြတ် တက်ရောက်ပညာသင်ကြား ခဲ့သော ကျောင်းသား ကျောင်းသူများသည် ယခုအခါတွင် အဆင့်မြင့်ပညာကို တက်ရောက်သင်ယူနေပြီဖြစ်သည်။  သို့သော်   အခြေခံပညာသင်ကြားသူတိုင်း တက္ကသိုလ်သို့ ရောက်မလာခဲ့ပေ။ ရှမ်းပြည်နယ်အတွင်း ၂၀၀၉ ခုနှစ်တွင် သူငယ် တန်းတက်ရောက်ခဲ့သောကလေး ၁၁၂၁၄၅ ဦးရှိသည်။ အဆိုပါတက်ရောက်သူ ကလေးငယ်များအနက်  ပထမတန်းသို့  တက်ရောက်သောကလေးငယ်များမှာ ၁၀၁၄၂၈ ဦးရှိသဖြင့်  ၈၄  ရာခိုင်နှုန်းရှိသည်။   မူလတန်းမှ    အလယ်တန်းသို့ တက်ရောက်သည့် ပဉ္စမတန်းတက်ရောက်ချိန်တွင်   ကျောင်းသား   ကျောင်းသူ ၆၄၀၀၀ သာရှိတော့သဖြင့် ၅၂ ရာခိုင်နှုန်းသာ  ပညာသင်ကြားနိုင်တော့သည်ကို တွေ့ရသည်။ အလယ်တန်းမှ အထက်တန်းပညာသင်ကြားသည့်အဆင့် နဝမတန်း ရောက်ချိန်တွင် ကျောင်းသား ကျောင်းသူ ၄၁၀၀၀ သာရှိပြီး ပညာသင်ကြားမှု ၃၄ ရာခိုင်နှုန်းသာ ရှိတော့သည်။ ဒသမတန်းတွင် တက်ရောက်ပညာသင်ကြားသူများမှာ ၃၇၀၀၀  ရှိရာ ကျောင်းတက်နှုန်း ၃၀ ရာခိုင်နှုန်းရှိပြီး ဒသမတန်းအောင်မြင်ပြီးမြောက် သူမှာ ၉၆၀၀ သာ  အောင်မြင်သဖြင့် ရာခိုင်နှုန်းအားဖြင့် ၇ ဒသမ ၉၃ ရာခိုင်နှုန်း သာရှိသည်။ ထို့ကြောင့် ရှမ်းပြည်နယ်၌ ပညာရေးဘက်တွင် အားနည်းမှုရှိနေသဖြင့် ပညာရေးကို အခြေခံပညာအဆင့်မှစတင်၍ အားပေးကြရန်လိုအပ်နေသည်။


အချို့ပြည်နယ်နှင့်   တိုင်းဒေသကြီးများတွင်လည်း   အလားတူပင်    ပညာရေး အားနည်းမှု၊ အဟောသိကံဖြစ်မှုများကို ကြားသိနေရသည်။ ပညာရေးဝန်ကြီးဌာန အနေဖြင့် အရွယ်ရောက်သူတိုင်းကျောင်းနေရေး၊  ကျောင်းနေသူတိုင်း အတန်းစဉ် တက်ရေးကို အားပေးကူညီထောက်ပံ့မှုများဖြင့် ဆောင်ရွက်နေသော်လည်း ကျောင်း မနေသောသူ၊ အတန်းစဉ်မတက်နိုင်ဘဲ တစ်ဝက်တပျက်နှင့် ကျောင်းထွက်လိုက်ရ သော ကလေးသူငယ်အမြောက်အမြားကို တွေ့ရှိနေရသည်။ ကလေးများ၏အနာဂတ် အတွက် စိတ်မကောင်းစရာဖြစ်သလို နိုင်ငံ၏အနာဂတ်အတွက်လည်း အားနည်း ချက်များ ဖြစ်ပေါ်လျက်ရှိသည်။ ရှမ်းပြည်နယ်ကဲ့သို့ ပြည်နယ်များအဖို့ စာသင် ကျောင်းများ ဝေးလံခြင်းထက် ဆင်းရဲနွမ်းပါးမှုနှင့် အသိပညာဗဟုသုတ နည်းပါးမှု တို့သည် အဓိကအကြောင်းအချက်ဖြစ်သည်။ ပညာမသင်၍ ဒေသမဖွံ့ဖြိုး၊ ဒေသ မဖွံ့ဖြိုး၍ စီးပွားရေးမပြေလည်၊ စီးပွားရေးမပြေလည်၍  ပညာမသင်၊ အသိပညာ နှင့်ဝေးသည့်သံသရာတွင်  လည်ပတ်လျက်ရှိသည်။ ပညာရေးအားနည်းချက်ရှိသဖြင့် ဒေသလူမှုစီးပွားတိုးတက်ရေးကို ဆောင်ရွက်နိုင်သောအရင်းအမြစ်များ   လိုအပ် နေသည်။


သို့ဖြစ်ရာ မျိုးဆက်သစ်လူငယ်လူရွယ်များ အသိပညာဗဟုသုတပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာစေရန်အတွက် အခြေခံပညာမှစပြီး အဆင့်မြင့် ပညာအထိ   သင်ယူနိုင်သော   လူငယ်လူရွယ်များဖြစ်အောင်    ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။    ။