လူထုအားကစားလှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပုံမှန်ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လူထုအားကစားလှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပုံမှန်ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

========================================================

နေပြည်တော် ဩဂုတ် ၁၀

 

လူထုအားကစားလှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အရှိန်အဟုန်မြှင့်တင်ကာ ပုံမှန်ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ Advisory Board for Exercise is Medicine (EIM) Myanmar National Center ၏ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာ တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အားကစားကဏ္ဍတွင် နိုင်ငံတကာအားကစားပြိုင်ပွဲများ၌ အောင်နိုင်ရေးအတွက်သာမက ပိုမိုအရေးကြီးသည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် လုပ်ငန်းမဟာ ဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ကိုယ်လက် လှုပ်ရှားဆေးတစ်ပါး အစီအစဉ်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း။

 

ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့် မှုကို စိတ်ပါဝင်စားစွာဖြင့် ပါဝင်လုပ်ဆောင်လာပြီး ရေရှည် တွင် ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်မှု အလေ့ အထနှင့် ယဉ်ကျေးမှုထုံးစံအဖြစ် လျင်မြန်စွာ ဖြစ်တည် လာစေရေးအတွက် လုပ်ငန်းစဉ်အမျိုးမျိုးကို ချမှတ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ ယခင်က လူထုအားကစားလှုပ်ရှားမှုများကို နှစ်စဉ် ဒီဇင်ဘာလ တွင်သာ ပြုလုပ်ခဲ့ရာမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပုံမှန်ကျင်းပရန် သင့်လျော်သည့် နေ့ရက်များ တရားဝင် သတ်မှတ်ပေးနိုင်ရေးအတွက် ယနေ့ အစည်းအဝေးတွင် ဝိုင်းဝန်းအကြံပြုကြစေလိုပါကြောင်း၊ ကျောင်းနေအရွယ် လူငယ်များတွင် ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်မှု အလေ့အထကောင်းများ သန္ဓေတည်ဖြစ်ထွန်းလာပါက အဆိုပါအလေ့အထကောင်းများသည် ၎င်းတို့၏ မိဘများ၊ ဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများထံ ထပ်ဆင့် ပြန့်ပွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန နှင့် မိမိတို့ဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် ကိုယ်လက် လှုပ်ရှားအားကစား အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းဖြင့် အားကစားလေ့ကျင့်မှုဖြင့် ကျန်းမာ ကြံ့ခိုင်သည့် လူအုပ်စု များပြားလာမည်ဖြစ်ပါကြောင်း၊ စာသင်ကျောင်းများနှင့် တက္ကသိုလ်များတွင် ကိုယ်လက် လှုပ်ရှား ဆေးတစ်ပါး လုပ်ငန်းများဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်းလက်တွဲကာ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း။

 

အားကစားနှင့် ကာယပညာဦးစီးဌာနသည် ကိုယ်လက် လှုပ်ရှား ဆေးတစ်ပါးဆိုင်ရာ ကမ္ဘာ့အဖွဲ့အစည်း၊ ဒေသ ဆိုင်ရာအဖွဲ့အစည်းတို့နှင့် အပြန်အလှန်ဆက်သွယ် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အဆက်မပြတ် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီး ဌာနများ၏ ရုံးဌာနအသီးသီးတွင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်ကာ အားကစားပြုလုပ်သည့် အလေ့အထပျိုးထောင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး အစီအစဉ်ဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် ရေတို အတွက်မဟုတ်ဘဲ ရေရှည်တည်တံ့မည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းမူဘောင်များ ချမှတ်ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ လုပ်ငန်းများဆောင်ရွက်မှု ပိုမိုထိရောက်မှုရှိစေ ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် လုပ်ငန်းအဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် Advisory Board for Exercise is Medicine (EIM) Myanmar National Center ၏ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကိုယ်လက် လှုပ်ရှား အားကစားလေ့ကျင့်မှုများကို လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ရာတွင် ယခု ကိုဗစ်-၁၉ ဖြစ်ပွား နေသောကာလနှင့် ကိုဗစ်-၁၉ အလွန် ကာလများတွင် ပြောင်းလဲလာသည့် နေထိုင်မှုပုံစံသစ်များနှင့်အညီ ဆောင်ရွက်ရမည့် အစီအစဉ်များကို ချမှတ်ကြရမည်ဖြစ်ပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် စာသင်ကျောင်း များတွင် ကာယပညာသင်ကြားလေ့ကျင့်မှုဆိုင်ရာ သင်ခန်းစာများကို သင်ရိုးညွှန်းတမ်းသစ်တွင် ထည့်သွင်း ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခြင်းဖြင့် ကိုယ်ကာယဖွံ့ဖြိုးမှုအပြင် ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးမှု၊ စိတ်ခံစားမှုပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှုများကိုပါ ရရှိစေပြီး သင်ကြားသင်ယူမှုကို များစွာအထောက်အကူပြုသဖြင့် ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများ ဖြစ်စေရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်မှုများသည် များစွာအရေးကြီးပါကြောင်း၊ အားကစားလေ့ကျင့်မှုပုံစံပြသမှုများကို အင်တာနက်၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများတွင် ထုတ်လွှင့်နေခြင်းမှာ ကောင်းမွန်ပြီး ပညာရေးဝန်ကြီးဌာနမှ ထူထောင်ထားသော "Myanmar Digital Education Platform" တွင်လည်း ထည့်သွင်းထုတ်လွှင့်သွားမည်ဖြစ်ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် စာသင်ကျောင်းနှင့် တက္ကသိုလ်များ တွင် ကိုယ်လက်လှုပ်ရှားအားကစား အစီအစဉ်များ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က Advisory Board for Exercise is Medicine (EIM) Myanmar National Center ၏ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များ နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း တင်ပြသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် အားကစားနှင့် ပညာရေးပေါင်းစပ်၍ ကာယပညာသင်ရိုး များ ထည့်သွင်းထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး လူထုအားကစားလှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းလုံး ပုံမှန် ကျင်းပနိုင်ရေး အကြံပြုချက်များ ပေးအပ်သည်။

 

ဆက်လက်၍ EIM Myanmar National Technical Committee မှ ကျွမ်းကျင်သူ ဒေါက်တာရဲတင့်လွင်က ကော်မတီ၏ ၂၀၁၉ ခုနှစ် ဇွန်လမှ ၂၀၂၀ ပြည့်နှစ် ဇွန်လ အထိကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား တင်ပြသည်။

 

ထို့နောက် အခမ်းအနား တက်ရောက်လာကြသော Advisory Board for Exercise is Medicine (EIM) Myanmar National Center ၏ အဖွဲ့ဝင်များဖြစ်ကြသော ပညာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထု အားကစားလှုပ်ရှားမှုများကို ပုံမှန်ကျင်းပရန်၊ ဝန်ကြီးဌာန အသီးသီးရှိ ရုံးများတွင် ကိုယ်လက်လှုပ်ရှားအားကစားကို ပုံမှန်ဆောင်ရွက်ရန်နှင့် ယခု ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြုလုပ်သင့်သည့် လေ့ကျင့်ခန်းအစီအစဉ် များ၊ လူထုအားကစားလှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းလုံး ၌ ပုံမှန်ကျင်းပနိုင်ရေးတို့နှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်