
ဆောင်းပါး
====
လူထုမောင်နှံ၏ အလှူ (လူထုဒေါ်အမာ ၁၀၅နှစ်ပြည့် ဂါရ၀)
=================================
ဆူးငှက်
=====
ဇေယျတု သာသနာတော် (၂၅၄၃) ခု၊ ကောဇာသက္ကရာဇ် (၁၃၆၁)ခု၊ ဂိမှ(နွေ)ဥတု လဆန်းပက္ခ ဇေဋ္ဌမာသ စန္ဒြမာသ နယုန်လဆန်း ၈ရက်၊ စနေနေ့၊ ညနေ စက်နာရီ ၃နာရီ ၅၈ မိနစ်အချိန်၌ မန္တလေးမြို့ ရတနာဘုမ္မိရပ်၊ မြတောင် ကျောင်းတိုက်၊ မဏိဥက္ကဋ္ဌ အဘယရံသီ ခဏ္ဍသိမ်တော်ကြီး တွင်၊ မန္တလေးမြို့၊ လက်ဆည်ကန်ရပ်၊ ရဟန်းဒါယကာ လူထုဦးလှ၊ ရဟန်းဒါယိကာမ လူထုဒေါ်အမာတို့၏ ပစ္စယာ နုဂ္ဂဟကို ခံယူ၍၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူသော မန္တလေးမြို့၊ ရွှေဝါဝင်းကျောင်း၊ မဏိရတနာရာမ မြတောင်ကျောင်းတိုက် ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍၊ မန္တလေးမြို့၊ မြတောင်ကျောင်းတိုက်၊ ဇမ္ဗူအေးစာချကျောင်းဆရာတော်ကို အနုသာသက ဆရာတော်ပြုပြီး
(၁) တောင်ထီးလင်းတိုက် ဘဒ္ဒန္တဇောတိကာဘိဝံသ ဆရာတော်၊
(၂) မစိုးရိမ်တိုက်သစ် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ဆရာတော်၊
(၃) မြင်းဝန်မင်းကြီးတိုက် ဘဒ္ဒန္တသုတာလင်္ကာရာ ဆရာတော်
ဤအရှင်သုံးပါးကို ပဋ္ဌမကမ္မဝါဆရာပြုပြီးခါလျှင် ဩဝါဒါစရိယဆရာ မန္တလေးမြို့၊ မြတောင်ကျောင်းတိုက် ရွှေဝါဝင်းကျောင်း ဘဒ္ဒန္တသာသနာဘိဝံသ ဆရာတော်အရှင် သူမြတ်တို့နှင့်တကွ (၁၃)ပါးသော ကာရက သံဃာတော် အရှင်သူမြတ်တို့သည် ကာယသာမဂ္ဂီ နှစ်လီပေးခါ ညီညာ ဖေးမချီးမြှောက်ကြသဖြင့် သာမဏေ ရှင်ကောသလ္လသည် ဣဓပါတိမောက္ခသံဝရသံဝုတော ဥဘတောဝိဘင်းအလာ မာတိကာ ဥဒ္ဒေသအားဖြင့် (၂၂၇)ပါးသော၊ မဟာဝါ စူဋ္ဌဝါ၊ ပရိဝါ ပါဠိတော် အရပ်ရပ် ဆုံးဖြတ်ပိုင်းခြား၊ အကျယ် အားဖြင့် ကုဋေ ကိုးထောင့်တစ်ရာ့ ရှစ်ဆယ့်ငါးသန်း သုံးသောင်းခြောက်ထောင် များမြောင်လှစွာသော အာစာရ ဂေါစရနှင့်တကွ လောကစမ္မသမုဋ္ဌာန်၌ ထုတ်ပြန်တော် မူအပ်သော သိက္ခာပုဒ်တော်အပေါင်းတို့ကို ထိန်းသိမ်း စောင့်ရှောက်သော ဒုလ္လဘအစစ် ဖြစ်နိုင်ခဲစွာ့ သာသနာ့ ဝန်ထမ်း ရဟန်းကောင်း၊ ရဟန်းမြတ်အဖြစ်သို့ ကောင်းမွန်စွာ တက်လှမ်းအောင်မြင်ပါစေသတည်း။
ခံစားမှုက ဝမ်းသာဝမ်းနည်း
ရဟန်းသစ် မင်္ဂလာ ရက်ချုပ်စာတမ်းကို အဆုံးထိ ဖတ်လိုက်သော်လည်း နောက်ပိုင်းစာလုံးတွေ သဲကွဲစွာ မမြင်မိတော့…။ ရင်ထဲ လှိုက်ခနဲ ဝင်ရောက်လာသော ခံစားမှုက ဝမ်းသာဝမ်းနည်းမို့ အင်အားပြင်းလှ၏။ “သိက္ခာ ပုဒ်အပေါင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်သော ဒုလ္လဘ အစစ် ဖြစ်ခဲနိုင်စွ သာသနာ့ဝန်ထမ်း” ဖြစ်လေသောကြောင့် ခံစားရှိုက်လွယ် လူဝတ်ကြောင်ကဲ့သို့ ဣန္ဒြေဆည်မရ … မျက်ရည် ပိုးပိုးပေါက်ပေါက်ကျသလိုလည်း မဖြစ် …။ သို့သော် မတတ်နိုင် …။ ဘယ်လိုမှ ထိန်းမရသည့် မျက်ရည် တို့ တာကျိုးလေပြီ …။ ဦးပဉ္ဇင်း အသစ်မို့ ဖို့ရိုးဖားလျား ရုံတင်ထားသော ညာဖက်ပခုံးပေါ်မှ ဧကသီနှင့် ခေါင်းငုံ့၍ မျက်ရည်သုတ်မိ၏။
အသက် ၄၀ ကျော်တွင် ကြုံတောင့်ကြုံခဲ ဝတ်ရသော ဒုလ္လဘရဟန်းဘဝတွင် ကျေးဇူးရှင် မိခင်အိုကြီးက အသက် ၉၀ အရွယ်မို့ မန္တလေးမြို့စွန် လယ်ကွင်းအိမ်ကလေးထဲမှာ သူ့မြေးနှစ်ယောက်နှင့် နေခဲ့ပေါ့ …။ မနက်လင်းကတည်းက အလှူဝေယျာဝစ္စနှင့် ခင်ပွန်းသည် ဒုလ္လဘရဟန်းအတွက် လိုက်ပါလာသော ဇနီးသည်က မြတောင်ကျောင်းတိုက် ရာပြည့်ဗိမာန်တော်ကြီး ခြေရင်းသမံတလင်းတွင် ဒူးတုပ် လက်အုပ်ချီရင်း ငေးငိုင်နေသည်။
ပဉ္စင်းအသစ်
ပဉ္စင်းအသစ်တို့သည် မြတောင်ရာပြည့်ဗိမာန်တော်ကြီး နှင့် သိမ်အကြား သစ်ပင်ရိပ်တွင် အသားမကျသေးသော သင်္ကန်းတို့ကို သေသပ်ပိရိဖို့ ကြိုးစားနေကြ၏။
“ပရိမဏ္ဍလံ = အဝန်းညီစွာ။
နိ-ဝါသေဿာမိ = သင်းပိုင်ကို ဝတ်အံ့။
ပါရုပိဿမိ = ကိုယ်ဝတ်သင်္ကန်းကို ရုံအံ့။ ဣတိ = ဤသို့၊
သိက္ခာ = သင်ခြင်း၊ ကျင့်ခြင်း၊ အားထုတ်ခြင်းကို။ ကရဏိယာ = ပြုကျင့်အပ်၏” ဟူသော စာသားကို သတိ တရအနေနှင့် ဦးစွာပထမ ကိုယ်ဝတ်ကိုယ်ရုံသင်္ကန်းတွေကို ပြင်ဆင်နေကြခြင်း ဖြစ်သည်။
သမိုင်းဝင် မြတောင်ကျောင်းတိုက်ကြီးမှာ
ရဟန်းဒါယကာမကြီးက သားနှင့်မခြား ဦးပဉ္စင်းရဟန်း သစ်များကိုကြည့်ကာ ပီတိဖြာဝေနေသည်။ ထို့အတူ ဟောဒီသမိုင်းဝင် မြတောင်ကျောင်းတိုက်ကြီးမှာ အမှတ် တရ မည်စည်ပင်နှင့် အမှတ်တရ ကမ္ပည်းမော်ကွန်း ကျောက်စာရေးထိုး စိုက်ထူ ဂုဏ်ပြုအပ်သော ရဟန်း ဒါယကာကြီးကလည်း တမလွန်မှသည် ပြုံးပန်းဖြာဝေနေ မှာလည်း သေချာသည်။
ရဟန်းဒါယကာကြီးနှင့် ရဟန်းဒါယိကာမကြီး၏ ရင်နှစ် သည်းချာ သားအရင်း ဆရာညီပုလေးကလည်း အခုတော့ ဦးပဉ္စင်း ဦးဆေကိန္ဒ …တဲ့။
ဦးဆေကိန္ဒနှင့် ညီအစ်ကိုရင်းတမျှဖြစ်ရသော နာမည်ရ စီးပွားရေး မဂ္ဂဇင်းဆောင်းပါးရှင်ဆရာကျော်ရင်မြင့်က … ဦးဝိလာသ။
ဦးဆေကိန္ဒ၏ အစ်ကိုနှင့် ရဲဘော်ရဲဘက် ဦးတည်ချက် တူခဲ့သူ …၊ လူထုစာအုပ်တိုက်၏ စာပြင်စာတည်း ဆရာညီစေမင်းက ဦးကောသလ။
ရဟန်းဒါယိကာ၊ ရဟန်းဒါယိကာမတို့ အညာသူ အညာသားများ ပင်လယ်သွားကြသည့် စာပေခရီးစဉ် အစ … တူသား နောင်မယ်၊ ဆွေရင်းမျိုးရင်းမခြား … ကျွန်းစုဘိတ်သား ဆရာအောင်မှူး က … ဦးဉာဏိက …။
ဦးဆေကိန္ဒက ညီငယ်တစ်ယောက်လို ခင်မင် …၊ အနုပညာရောင်းရင်းတစ်ယောက်လို လေးစားသော ရန်ကုန်ရောက် မန္တလေးသား ပန်းချီဒီဇိုင်းဆရာစိုးဝင်းငြိမ်း က … ဦးစိန္တိတ …။
ကျွန်တော် ဆူးငှက်ကတော့ … ဦးကောသလ္လ …။
ဦးပဉ္စင်း ၆ ပါးသာမက ရဟန်းဒါယကာ၊ ရဟန်း ဒါယိကာမတို့၏ နှလုံးသည်းပွတ် မြေးနှစ်ယောက်ကလည်း သာမဏေ ၂ ပါးအဖြစ် အဘိုး၊ အဘွားကို ကျေးဇူးဆပ်ကြ ပြန်၏။ “ဒုလ္လဘ အစစ်ဖြစ်နိုင်ခဲစွာ့” … တဲ့ …။ သာသနာ့ ဝန်ထမ်း ရဟန်းကောင်း၊ ရဟန်းမြတ်အဖြစ် ကျင့်ကြံရခြင်း က ဒုလ္လဘအစစ် ဖြစ်နိုင်ခဲစွာ့ … တဲ့။
ဒုလ္လဘရဟန်းတစ်ပါးအဖြစ် ခံယူခွင့်ရခြင်း
မိရိုးဖလာ လက်လုပ်လက်စား သာမန်မိဘနှစ်ပါးမှ မွေးဖွားပြီး ကျောင်းပညာမှာလည်း သာမန်မျှဖြစ်သော ကျွန်တော့်အဖို့မှာကား ကမ္ဘာကျော်နိုင်ငံကျော် စာရေး ဆရာ သတင်းစာဆရာကြီး၊ ဆရာမကြီးများဖြစ်ကြသော လူထုဦးလှနှင့် လူထုဒေါ်အမာတို့၏ အလှူမှာ စာရေး ဆရာ၊ အယ်ဒီတာ၊ အနုပညာရှင်များနှင့်အတူ ဒုလ္လဘ ရဟန်းတစ်ပါးအဖြစ် ခံယူခွင့်ရခြင်းကား ကြီးစွာသော “ဒုလ္လဘ” ပင် ဖြစ်ပါ၏။
သည်အချက်ကို တွေးမိတော့ ရင်တွင်း လှိုက်လာသည်။ စောစောမိနစ်ပိုင်းကတွင်ပဲ ဥပဇ္ဈာယ် ဆရာတော်ကြီးများ ရှေ့မှောက်တွင် “ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ” ဟု သုံးကြိမ်သုံးခါ တောင်းဆို၍ ဆရာတော်ကြီးများက “ပါသာဒိကေန သမ္ပာဒေထ” ဟု ဆုပေးအပ်၍ ရှင်ရဟန်း သိက္ခာဝတ်နှင့်အညီ နေထိုင်ပါမည်ဟု ဝန်ခံခဲ့ပြီးပါမှ ပုထုဇဉ်မို့ ဝမ်းသာ ဝမ်းနည်း မျက်ရည်တွေ ကျချေပြီ …။
ဝမ်းသာပီတိမျက်ရည်
ဣဓပါတိမောက္ခသံဝရသံဝုတော ဥဘတောဝိဘင်း အလာ မာတိကာ ဥဒ္ဒေသအားဖြင့် (၂၂၇)ပါးသော၊ မဟာဝါ စူဋ္ဌဝါ၊ ပရိဝါ ပါဠိတော် အရပ်ရပ် ဆုံးဖြတ်ပိုင်းခြား၊ အကျယ် အားဖြင့် ကုဋေ ကိုးထောင့်တစ်ရာ့ ရှစ်ဆယ့်ငါးသန်း သုံးသောင်းခြောက်ထောင် များမြောင်လှစွာသော အာစာရ ဂေါစရနှင့်တကွ လောကစမ္မသမုဋ္ဌာန်၌ ထုတ်ပြန်တော် မူအပ်သော သိက္ခာပုဒ်တော်အပေါင်းတို့ကို ထိန်းသိမ်း စောင့်ရှောက်သော ဒုလ္လဘအစစ် ဖြစ်နိုင်ခဲစွာ့ သာသနာ့ ဝန်ထမ်း ရဟန်းကောင်း၊ ရဟန်းမြတ်အဖြစ်သို့ ကောင်းမွန် စွာ တက်လှမ်းအောင်မြင်နိုင်ရန် ကျွန်တော်တို့ကို ဒုလ္လဘ ရဟန်းခံ ကုသိုလ်ယူ လှူဒါန်းပေးသည့် သာသနာ့ဒါယကာ ကြီး လူထုဦးလှနှင့် သာသနာ့ဒါယိကာမကြီး လူထု ဒေါ်အမာကိုယ်စား ဒေါ်ဒေါ်လူထုဒေါ်အမာကို ကျွန်တော် တို့ သင်္ကန်းမစည်းမီ လူဝတ်ကြောင်ဘ၀နှင့် ကန်တော့ကြ တော့ ဝမ်းသာပီတိမျက်ရည် ဖြိုင်ဖြိုင်ကျမိသည်။ စာပေ ကျေးဇူးရှင် စာပေ့မိခင်ကြီးမို့လည်း ၃ ကြိမ်မက အကြိမ် ကြိမ် ဦးချနေမိပါ၏။ မျက်ရည်ကြားက မြင်ရသော ဒေါ်ဒေါ့်မျက်နှာမှာလည်း လွမ်းဆွတ်မှုနှင့် လောကဓံအရိပ် အရောင်တွေ ပျောက်ကာ ပီတိပြုံးချည်း လွှမ်းနေတာ သတိထားမိပါသည်။
ပီတိလွှမ်းသည့် ဒေါ်ဒေါ့်မျက်နှာ..၊ ၁၃၆၁ခုနှစ်၊ နယုန် လဆန်း၈ရက်၊ ၁၉၉၉ခုနှစ် မေလ ၂၂ ရက်။ မြတောင် သာသနာ နှစ်၁၀ဝဗိမာန်တော်ကြီးအတွင်း……။
ထိန်းသိမ်းချုပ်တည်းရခက်ခဲသော စိတ်၏အဟုန်
ပခုံးပေါ်က လွှမ်းရုံထားသော ဧကသီနှင့် ခေါင်းငုံ့ကာ မသိမသာ သုတ်သင်အပ်သော်လည်း မျက်ရည်တို့ တားဆီး မနိုင်…။ ရှိနေရာမှ မသိမသာ နေရာရွေ့၍ မျက်ရည်တို့ တန့်စေ့ငှာ ခေါင်းကိုမော့၏။ ကောင်းကင်မော့ကြည့်မိ၏။ နယုန်လဆန်း၏ တိမ်စ တိမ်နတို့ ကောင်းကင်ပြာဝယ် ကြဲရရဲ ဖြစ်နေသည်။ ထိန်းသိမ်းချုပ်တည်းရခက်ခဲသော စိတ်၏အဟုန်ဖြင့် တိမ်စတိမ်နတို့ လွင့်မျောသွားသည် …။ တရိပ်ရိပ် …။
ဤသို့ဖြင့် မြစ်ရေတွေ တသွင်သွင် စီးဆင်း၊ ရာသီတွေ အလီလီပြောင်း….။ ဪ.. ၂၁နှစ်ပင် ကျော်ခဲ့ပြီပေါ့။ ။
- Log in to post comments