လူထုပါဝင်မှ ရောဂါဖြစ်ပွားနှုန်းကျဆင်း

အယ်ဒီတာ့အာဘော်

============

 

လူထုပါဝင်မှ ရောဂါဖြစ်ပွားနှုန်းကျဆင်း

=======================

 

လက်ရှိကာလ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှာ ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၆၈ သန်းကျော်နှင့် သေဆုံးသူ တစ်သန်းခွဲကျော် ရှိသည်။

မြန်မာနိုင်ငံတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ တစ်သိန်းကျော်နှင့် သေဆုံးသူ နှစ်ထောင်ကျော် ရှိသည်။ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးရောဂါဖြစ်ပွား နှုန်းမှာ ကျဆင်းသွားခြင်းမရှိသေးဘဲ ဆက်လက်စံချိန်တင်ထားဆဲဖြစ်သည်။

 

ကမ္ဘာပေါ်တွင် အမေရိကန်ပြည်ထောင်စုသည် ရောဂါဖြစ်ပွားနှုန်း၊ သေဆုံးနှုန်း အမြင့်မားဆုံးဖြင့် နေ့စဉ်စံချိန်တင်ထားဆဲဖြစ်ပြီး မြန်မာနိုင်ငံ တွင် ရန်ကုန်တိုင်းဒေသကြီးသည် ဖြစ်ပွားသေဆုံးနှုန်း အများဆုံးမြို့ ဖြစ်သည်။

လက်ရှိအချိန်၌ အတည်ပြုလူနာအားလုံး၏ ၇၄ ရာခိုင်နှုန်းသည် ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး သေဆုံးသူစုစုပေါင်း၏ ၉၂ ဒသမ ၇ ရာခိုင် နှုန်းသည် ရန်ကုန်တိုင်းဒေသကြီးမှဖြစ်၍ အထူးသတိထားဖို့၊ အထူးလိုက်နာဖို့ ထပ်တလဲလဲအသိပေးနေရသော ဒေသဖြစ်သည်။

 

ဒီဇင်ဘာလ ၇ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေ အနေနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများသို့ အစီရင်ခံတင်ပြရာတွင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှုသည် အရေး ကြီးကြောင်း၊ ပြည်သူလူထု စည်းကမ်းလိုက်နာမှုများလေ အခြေအနေ ကောင်းလေဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအား ဥပမာပေးပြောကြား ခဲ့ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးအနေဖြင့် သက်ဆိုင်ရာအစိုးရများက ဦးဆောင်ပြီး ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရောဂါကိုထိန်းထားဖို့ အားလုံးကြိုးစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေသည်မှာ အချိန် ကာလအားဖြင့် ကိုးလခန့်ရှိခဲ့ပြီး နေ့စဉ် ကိုဗစ်လူနာ တစ်ထောင်ကျော်ဖြင့် အရှိန်ကောင်းနေဆဲ ဖြစ်သည်။ ရောဂါဖြစ်ပွားမှု အချိန်ကာလကြာမြင့် လာသည်နှင့်အမျှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ လုပ်ငန်းများ၊ ကိုဗစ်လူနာကုသရေးလုပ်ငန်းများ၊ ကာကွယ်ထိန်းချုပ်ရေး၊ ကွင်းဆင်းလုပ်ငန်းများနှင့် ကိုဗစ်-၁၉ မဟုတ်သော အခြားရောဂါအမျိုးမျိုး၊ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား နေ့စဉ်မပြတ် နေ့ည ဆောင်ရွက်နေကြရသောကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြ သည်မှာ သေချာပါသည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆက်တွဲဆိုးကျိုးများမှာ များပြား လွန်းသဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာစည်းကမ်းများကို အကြိမ်ကြိမ် အထပ်ထပ် အသိပေးနေရသည်။ ကိုဗစ်-၁၉ ရောဂါသာမက တိုင်းပြည်၏ မည်သည့်အရေးအရာကိစ္စအတွက်မဆို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ အသက်ဝင်ရေး၊ လိုက်နာရေးသည် အရေးအကြီးဆုံးအချက်ဖြစ်ရာ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသူအားလုံး အစဉ်အမြဲသတိပြု လိုက်နာကြရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍မူ အတိုင်း အတာတစ်ခုအထိ ကောင်းစွာ ထိန်းချုပ်နိုင်ရန်အတွက် ရောဂါကာကွယ်ရေး စည်းကမ်းများ လိုက်နာမှုရာခိုင်နှုန်းများလာရေး အရေးကြီးနေသဖြင့် သတိပေးညှိနှိုင်းမှုများ အထပ်ထပ်ပြုလုပ်နေရသည်။

 

ယခုအချိန်တွင် အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး၌ မြို့နေပြည်သူ များ ကိုဗစ်-၁၉ ကျန်းမာရေးစည်းကမ်းများ လိုက်နာရေးကို အလေးပေးဆောင်ရွက်နေသည်ဆိုသော်လည်း စည်းကမ်းလိုက်နာမှုရာခိုင်နှုန်း လိုအပ် သည့်ပမာဏ နည်းနေသေးသည်ကို ကွင်းဆင်းလေ့လာကြည့်လျှင် တွေ့ရမည် ဖြစ်သည်။ ပြည်သူလူထု လတ်တလောလိုအပ်ချက်များနှင့် ရေရှည်တွင် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို တွက်ချက်ချိန်ဆချင့်ချိန်ပြီး စည်းကမ်း အတိုးအလျှော့ကို ဆောင်ရွက်သင့်ပါသည်။ မည်သို့ပင်ဖြစ်စေ ပိုးတွေ့လူနာ များလေ ကျန်းမာရေးဘက်၌သာမက တိုင်းပြည်ရေရှည်အကျိုးစီးပွား အတွက်ပါ ထိခိုက်နစ်နာမှုများရှိလေဖြစ်သည်ကို သတိမူရမည် ဖြစ်သည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန် အသိပေး နေသော ရောဂါဖြစ်ပွားမှုအခြေအနေများကို ကြည့်ရှုလေ့လာချိန်ဆကြည့်လျှင် ခန့်မှန်းနိုင်မည်ဖြစ်သည်။ ပြည်သူလူထု စည်းကမ်းလိုက်နာမှု အားနည်း သည်နှင့်အမျှ ရောဂါဖြစ်ပွားနှုန်းမှာ မည်သို့မျှလျော့ကျမည်မဟုတ်ပေ။ ကိုဗစ်-၁၉ရောဂါ၏သဘာဝမှာ ၇၀ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာတစ်စုံ တစ်ရာမပြသဖြင့် ပြည်သူလူထုကြားတွင် ရောဂါပိုးရှိသူများ ရှိနေနိုင်သည်။ ထို့ကြောင့် အတည်ပြုထားသော ပိုးတွေ့လူနာနှင့်မထိတွေ့ဘဲ ရောဂါမည်သို့ ရမှန်းမသိဆိုသည်မှာ ဤအချက်ပင်ဖြစ်သည်ကို သတိပြုရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုအကျိုးစီးပွား မထိခိုက်စေလိုသောဆန္ဒရှိပါက ပြည်သူလူထုကြား တွင် ရောဂါဖြစ်နေသူများ ရှိနေနိုင်သည်ဟူသောအချက်၊ ၎င်းတို့မှတစ်ဆင့် ရောဂါထပ်ဆင့်ပြန့်ပွားကူးစက်နိုင်သည်ဟူသောအချက်တို့ကို ပြည်သူတစ်ဦး ချင်း သိရှိလိုက်နာ ဆောင်ရွက်ကြစေရန်အတွက် “ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်”ကို တိုင်းဒေသကြီး၊ ပြည်နယ် အတွင်းမှ ပြည်သူအားလုံးပါဝင်လာနိုင်သည့် လူထုစီမံချက်အဖြစ် ရက်သတ္တပတ် အလိုက် ထိထိရောက်ရောက် လှုပ်ရှားဆောင်ရွက်သင့်ပါကြောင်း။ ။