လူတိုင်းကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေးတွင် နေ့စဉ်မဖြစ် မနေ စားသောက်နေကြရသည့် အစားအစာများ ဘေးကင်းလုံခြုံ ရေးကလည်း အရေးကြီးသည်။ ဘေးကင်းလုံခြုံသည့် အစား အစာဆိုသည်မှာ ဇီဝအန္တရာယ်၊ ဓာတုအန္တရာယ်၊ ရူပအန္တရာယ်များ ကင်းရှင်းပြီး အာဟာရဓာတ်ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမည့် အစားအစာများပင်ဖြစ်သည်။ အစား အစာများ ဘေးကင်းလုံခြုံရေးကို နိုင်ငံတိုင်းက အလေးထားကြပြီး မိမိတို့နိုင်ငံသို့ ပြည်ပနိုင်ငံများမှ တင်သွင်းလာသော အစားအစာ များ ဘေးကင်းလုံခြုံမှုရှိစေရန် သတ်မှတ်ချက်များ၊ စံချိန်စံညွှန်း များ ပြဋ္ဌာန်းထားပြီး စဉ်ဆက်မပြတ် စစ်ဆေးမှုများ ပြုလုပ် ကြသည်။
အစားအစာကြောင့် ဘေးအန္တရာယ် ဖြစ်ပေါ်ကြရာတွင် လတ်ဆတ်မှု မရှိခြင်း၊ သက်တမ်းလွန်နေခြင်း၊ အစားအစာတွင် ပါဝင်နေသည့် ပစ္စည်းတစ်ခုခုကြောင့် ဓာတ်မတည့်ခြင်း၊ မှိုနှင့် ဗက်တီးရီးယား၊ ဗိုင်းရပ်စ်များ ပါဝင်နေခြင်း၊ ဓာတ်ဆေး၊ ဆိုးဆေး၊ ပဋိဇီဝဆေးနှင့် ဖြည့်စွက်ဆေးများ၊ တာရှည်ခံဆေးများနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းများ ပါဝင်နေခြင်း၊ အစားအစာထဲတွင် ပြင်ပအရာဝတ္ထုများ (ချိတ်၊ အပ်၊ ဖန်ကွဲစ၊ ဖုန်၊ အမှိုက်၊ ပိုးဟပ် စသည်ဖြင့်) ပါဝင်နေခြင်း စသည်တို့ကြောင့် စားသုံးသူတွင် မူးဝေ၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာအဆိပ်သင့်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ကို လတ်တလောခံစားကြရသလို ရေရှည် တွင် ကင်ဆာသကဲ့သို့သော နာတာရှည်ရောဂါများကိုပါ ဖြစ်စေ နိုင်သည်။
အစားအစာများ ဘေးကင်းလုံခြုံရေး အလေးထားဆောင်ရွက် ရာတွင် စတင်ထုတ်လုပ်သည့်နေရာမှသည် စားသုံးသူ၏ စားပွဲပေါ်ရောက်သည်အထိ ကွင်းဆက်တစ်လျှောက်လုံးတွင် အလေ့အကျင့်ကောင်းများဖြင့် ကောင်းမွန်စွာ ထိန်းသိမ်း လုပ်ဆောင်နိုင်ရန် လိုအပ်သည်။ လယ်ယာစိုက်ပျိုးရေးထွက်ကုန် များတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အခြားစိုက်ပျိုးရေးဆေးဝါး သုံးစွဲမှုများကို ဘေးအန္တရာယ်မဖြစ်အောင် သတ်မှတ်ချက်များ နှင့်အညီ သုံးစွဲခြင်း၊ သိုလှောင်ခြင်း၊ ထုပ်ပိုးခြင်း၊ ရောင်းချခြင်း အဆင့်ဆင့်တို့တွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ အသား၊ ငါး စသည့်မွေးမြူရေးထွက်ကုန်များတွင်လည်း ကူးစက် ရောဂါများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းသော သားငါးများဖြစ်စေရန် လိုအပ်သည်။ ရောဂါ တစ်စုံတစ်ရာဖြစ်ပေါ်သည့် တိရစ္ဆာန်များကို အသားပေါ်ပြီး တရားမဝင် ရောင်းချခြင်းဖြင့် ဝယ်ယူစားသောက်မိသူအဖို့ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ကျရောက်နိုင်သည်။
အသင့်စား ရောင်းချသည့် စားသောက်ကုန်များတွင် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်သည့် ရက်စွဲ၊ ပါဝင်သည့် ပစ္စည်းများနှင့် အလေးချိန်ပမာဏများ၊ ဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်များ၊ ထုတ်လုပ်သူလိပ်စာ၊ သုံးစွဲမှုအညွှန်းများ စသည်ဖြင့် အတိအကျ ဖော်ပြထားရသော်လည်း စားသောက်ဆိုင် ကြီးများနှင့် လမ်းဘေးဆိုင်များတွင်မူ သားငါး၊ ဟင်းသီးဟင်းရွက် ကုန်ကြမ်းများ၊ အိုးခွက်၊ စဉ်းတီတုံး၊ ဓား၊ ပန်းကန်၊ ဇွန်း စသည့် အသုံးအဆောင်များ၊ ပြင်ဆင်ချက်ပြုတ်သူ၏ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးတို့အတွက် စဉ်ဆက်မပြတ် စစ်ဆေးနိုင်ရန်မှာ သက်ဆိုင်ရာဌာန များအဖို့ ခက်ခဲမည်ဖြစ်သည်။
အစားအစာများ ဘေးကင်းလုံခြုံရေး၊ စားသုံးသူများ ဘေး အန္တရာယ်ကင်းရှင်းရေးတို့တွင် စားသောက်ကုန်ထုတ်လုပ်သူ များ၊ စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချသူများအနေဖြင့် မိမိတို့ ကိုယ်တိုင်စားသုံးမည့် အစားအစာကဲ့သို့ စေတနာထားကာ အထူး ဂရုပြုဆောင်ရွက်ကြရန်လိုသည်။ ဤသည်မှာ ကျင့်ဝတ်တစ်ခု ဖြစ်သလို စေတနာအကျိုးပေးဆိုသည့်အတိုင်း ကောင်းသည့် အကျိုးရလဒ်များ ပြန်လည်ရရှိမည်သာဖြစ်သည်။ စားသုံးသူများ အနေဖြင့်မူ အစားအစာဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတများ ရှိထားကြပြီး ရှောင်ကြဉ် သင့်သည်တို့ကို ရှောင်ကြဉ်ကြကာ လုံခြုံဘေးကင်း သန့်ရှင်း ကျန်းမာစေသည့် အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံး နိုင်ကြပါစေကြောင်း။ ။
Remark Type