ကိုဗစ်-၁၉ ရောဂါသည် မျိုးဗီဇသစ်ဖြင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ၏ အသက်ဇီဝိန် တို့ကို နုတ်ယူခြိမ်းခြောက်နေဆဲဖြစ်သည်။ ယခုအခါ ကမ္ဘာပေါ်ရှိ ပြည်သူသန်းပေါင်း နှစ်ရာနီးပါး ရောဂါကူးစက်ခံနေရသည်။ ရောဂါကြောင့် ကမ္ဘာ့ပြည်သူ လေးသန်း ကျော် အသက်ခန္ဓာစွန့်လွှတ်လိုက်ရပြီဖြစ်သည်။ ရောဂါဖြစ်ပွားမှုသည် ယခင်ထက် ၁၀ ရာခိုင်နှုန်းတိုးနေပြီး သေဆုံးသူမှာ သုံးရာခိုင်နှုန်းတက်နေသည်။ ပြည်သူအားလုံး မှာ သတိကြီးကြီးထား၍ ရောဂါမကူးစက်အောင် ရှောင်ရှားကြရမည် ဖြစ်သည်။
အရှေ့တောင်အာရှဒေသနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံသည် ရောဂါဖြစ်ပွားမှု အမြင့်မားဆုံးဖြစ်နေပြီး ကျန်နိုင်ငံများတွင်လည်း ဖြစ်ပွားနှုန်း၊ သေဆုံးနှုန်း မြင့်တက် လျက်ရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှု မြင့်မားလျက်ရှိပြီး ထိုသို့မြင့်မားနေသည်မှာ ကာကွယ်ဆေးထိုးနှံမှုတွင် တစ်ရာခိုင်နှုန်းသာရှိနေသော ကြောင့်ဖြစ်သည်။ ရောဂါဖြစ်ပွားမှု ကျဆင်းနေသောနိုင်ငံများမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်းမြင့်မားနေသဖြင့် ကာကွယ်ဆေး၏အရေးပါပုံကို သတိပြုရမည်ဖြစ်သည်။
ကာကွယ်ဆေးသည် ရောဂါကာကွယ်ရေးကို အတိုင်းအတာတစ်ခုအထိ ထိရောက် သော်လည်း အဓိကမှာ တစ်ဦးချင်းရောဂါကာကွယ်ရေးအသိရှိရန် လိုအပ်ပေသည်။
မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပေးနေသော်လည်း လွှမ်းခြုံနိုင်မှုမရှိသေး ပေ။ ထို့ကြောင့် ရောဂါကူးစက်ဖြစ်ပွားမှု အရှိန်အဟုန်ကောင်းနေသည်ဟု ဆိုရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေဆဲကာလ၌ နိုင်ငံရေးကို အကြောင်းပြု၍ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ယိမ်းယိုင်သွားခဲ့ရသည်။ ထိုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများအတွက် အားကိုးအားထားမဲ့ခဲ့ရသည်။ တာဝန်သိ ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား အတတ်နိုင်ဆုံးကုသစောင့်ရှောက်မှု ပေးနေသော်လည်း ဝန်နှင့်အားမမျှသဖြင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွင် လိုအပ်ချက်များရှိနေသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်နေလျှင်သော်လည်းကောင်း၊ ဖြစ်ပွားသည်ဟု သံသယ ရှိလျှင်သော်လည်းကောင်း ပြည်သူများအနေဖြင့် အရေးပေါ်ဆောင်ရွက်ရမည့်အချက် များကို သိထားသင့်သည်။ အကြောင်းကြောင်းကြောင့် ဆေးရုံ၊ ဆေးခန်းများသို့ မသွားနိုင်သည်ဖြစ်စေ သို့မဟုတ် ဆေးရုံသွားသော်လည်း လူနာများပြည့်နေ၍ ချက်ချင်းကုသမှုမခံယူနိုင်သည့်အခြေအနေ ဖြစ်နေလျှင်ဖြစ်စေ သတိပြုလိုက်နာ ရမည့်အချက်များကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။ လူနာ၏အခြေအနေ သည် ပိုးရှိသော်လည်း အနံ့ပျောက်ပြီး လူကောင်းကဲ့သို့ နေထိုင်နိုင်သည်ဆိုပါက နေအိမ်တွင် သီးသန့်ခွဲခြားနေထိုင်သင့်သည်။ လူနာ၏ တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် အစားအသောက်များကို သီးသန့်သတ်မှတ်ပေးထားရန်လိုအပ်သည်။
အနံ့ပျောက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းတို့သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် လက္ခဏာများဖြစ်နေသည်ကို သတိပြုရမည် ဖြစ်သည်။ ထိုသို့ဖြစ်နေပါက လူနာအပြင် မိသားစုဝင်များအနေဖြင့် အကာအကွယ် များအသုံးပြုထားခြင်း၊ လက်ကိုမကြာခဏဆေးကြောခြင်း၊ အစာအာဟာရ ဝလင် အောင် စားသောက်ခြင်း၊ အိပ်ရေးဝအောင် အိပ်စက်ခြင်း၊ အသက်ရှူကျန်းမာရေးနှင့် လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ခြင်း စသည့်ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းများကို မပျက်မကွက်လုပ်ဆောင်ကြရန် လိုအပ်သည်။ အရေးကြီးသည့် အချက်မှာ ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ဆက်ဆံခြင်းမပြုနိုင်အောင်၊ သီးသန့် နေထိုင်နိုင်အောင် ပြုလုပ်ကြရမည်ဖြစ်သည်။
ယခုအခါတွင် ရာသီဥတုအခြေအနေအရ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေ သည်ကိုလည်း သတိပြုရမည်ဖြစ်ပြီး တုပ်ကွေးနှင့် ကိုဗစ်-၁၉ ကို ခွဲခြားသတိပြုဖို့ လိုအပ်သည်။ ဖြစ်ပွားမှုမှာ ဆင်တူရိုးမှားဖြစ်နေသည်ကို အထူးသတိထားရမည် ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါမှာ အနံ့ပျောက်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ဝမ်းပျက် ခြင်းတို့ပါ ဖြစ်တတ်၍ နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်စစ်ဆေးမှုလည်း ပြုလုပ်ရမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်၍ အသက်ရှူမဝသည့်ဝေဒနာ ခံစားနေကြရသည်။ လူတစ်ဦးတွင် အောက်ဆီဂျင် ၉၂ နှင့် ၉၅ သည် ပုံမှန်အခြေအနေဖြစ်ပြီး အောက်ဆီဂျင် ၉၀ အောက်ကျလာပြီဆိုပါက အထူးသတိထား၍ ကာကွယ်ဆောင်ရွက်ကြရမည် ဖြစ်သည်။
အဓိကမှာ စနစ်တကျ နေထိုင်တတ်လျှင် ရောဂါအန္တရာယ်ကို အတိုင်းအတာ တစ်ခုအထိ အကာအကွယ်ပေးနိုင်ပေသည်။ ကိုဗစ်-၁၉ ရောဂါပိုးသည် ပျံ့နှံ့နေ သော်လည်း မိသားစုဝင်များအတွင်း ကျန်းမာစွာနေထိုင်ကြပါက ပိုးရှိသော်လည်း ရောဂါဝေဒနာခံစားရမှုကို မသိလိုက်ရဘဲ သာမန်လူကောင်းကဲ့သို့ ကိုဗစ်ရောဂါ ပြန်လည်ပျောက်ကွယ်ကာ ကောင်းမွန်စွာနေထိုင်ကြရသော မိသားစုများ အမြောက် အမြားရှိသည်။ အဓိကမှာ ပတ်ဝန်းကျင်တွင် နေထိုင်ကြသော ပြည်သူများအတွင်း ကိုဗစ်ကူးစက်ခံထားရသော အမြင်မျိုးဖြင့် မိမိကလည်း သူတစ်ပါးကို ကူးစက်နိုင် သလို သူတစ်ပါးကလည်း မိမိကိုကူးစက်နိုင်သည်ကို သတိထားရမည်ဖြစ်သည်။
ထို့ကြောင့် လူတိုင်းလူတိုင်း ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကို ကာကွယ်ပါ။ လက်ကို မကြာခဏဆေးကြောပါ။ ခပ်ခွာခွာနေထိုင်ပါ။ ကျန်းမာအောင်နေထိုင်ကြ ပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။