ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးအိုမီခရွန်၏ မျိုးကွဲ များဖြစ်သည့် BA.2.75၊ BA.2.76၊ BA.4၊ BA.5 တို့ ကူးစက်မှုများကို ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူများနှင့် ပြည်တွင်းကူးစက်မှုများအနေဖြင့်ပါ တွေ့ရှိလာရပြီဖြစ်သည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးမှာ မျိုးရိုးဗီဇပြောင်းလဲမှုများပြားပြီး ထပ်မံထွက်ပေါ်လာသည့် မျိုးကွဲသစ်များက ပို၍ပို၍ ကူးစက်မှု နှုန်း လျင်မြန်လာသည်။ BA.4 နှင့် BA.5 တို့၏ ကူးစက်မှုနှုန်း လွန်စွာမြင့်မားမှုကြောင့် အိန္ဒိယ၊ ဥရောပနှင့် အာဖရိကတို့တွင် နောက်ထပ်ကူးစက်မှုလှိုင်း ထပ်မံဖြစ်ပေါ် ပြီး ရောဂါဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လျက်ရှိကြောင်း သတင်းများတွင် တွေ့ရ သည်။
အိုမီခရွန်နောက်ဆက်တွဲ မျိုးကွဲများမှာ ကူးစက်မှုလွန်စွာ မြန်ဆန်ပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားပြီးသူများ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးသူများကဲ့သို့သော ခုခံအားရပြီးသူများပါ ကူးစက် နိုင်စွမ်းရှိသည်။ ဝေဒနာခံစားရမှုတွင် ယခင်ဗီဇမျိုးကွဲများလောက် မပြင်းထန်ဟုဆိုသော်လည်း နာတာရှည်ရောဂါ အခံရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်းနေသူများမှာမူ ရောဂါ ကူးစက်မှုမှ လွတ်ကင်းအောင် ဂရုပြုကြရမည်သာဖြစ်သည်။ အိမ်နီးချင်းနိုင်ငံအချို့အပါအဝင် နိုင်ငံတကာတွင် အိုမီခရွန်မျိုးဗီဇကွဲများကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါလှိုင်း နောက်တစ်ဖန် ရိုက်ခတ်ဖြစ်ပေါ်လျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ရောဂါကူးစက်မှုမြင့်တက်သည့်အခြေအနေကို တွေ့မြင်လာရပြီဖြစ်ရာ အချိန်မီကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူတိုင်းက သတိ ထားကာ မိမိကိုယ်ကိုကာကွယ်မှုမှ စတင်ကြရမည်ဖြစ်သည်။
အချို့ပညာရှင်များ၏ ယူဆချက်အရ အိုမီခရွန်သည် ရောဂါ မပြင်းထန်ဟု မဆိုနိုင်ကြောင်းနှင့် ကာကွယ်ဆေးအကြိမ်ရေ အပြည့်ထိုးနှံပြီးသူများနှင့် ထပ်ဆောင်းထိုးနှံထားသူများတွင် ရောဂါပြင်းထန်သည့် လက္ခဏာမတွေ့ရခြင်းသာဖြစ်သည်ဟု ဆိုထားရာ လူတိုင်းသတိပြုကြရန်လိုသည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရန် ပြင်ပသို့သွားလာတိုင်း ပါးစပ် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆပ်ပြာဖြင့် စနစ်တကျဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေခြင်း စသည့်နည်းလမ်းများကို ဆက်လက်ကျင့်သုံးကာ မိမိကိုယ်ကို ကာကွယ်ကြရေးအတွက် တိုက်တွန်းလိုသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူများ၊ ထပ်ဆောင်းထိုးနှံထားသူများတွင် အိုမီခရွန်ကူးစက်နိုင်စေကာ မူ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ အဆများစွာလျော့နည်း ကြောင်း တွေ့ရှိရသည်ဟုဆိုသည့်အတွက် ကာကွယ်ဆေးထိုးနှံ မှု မပျက်မကွက်ခံယူကြရန်၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံ ပြီးစီးမှု ခြောက်လအတွင်းရောက်ရှိလာသူများ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံမှုများကိုလည်း ရယူကြရန်လိုသည်၊၊ သက်ဆိုင်ရာ ကျန်းမာရေးဌာနများတွင် ထပ်ဆောင်းကာကွယ် ဆေးများ မပျက်မကွက်ထိုးနှံမှု ခံယူရေးအတွက်လည်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးတိုက်တွန်းလျက်ရှိသည်။
နှစ်ရှည်လများ ရှည်ကြာသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများအားလုံးနည်းတူ မိမိတို့နိုင်ငံတွင်လည်း စီးပွားရေး၊ လူမှုရေးစသည်ဖြင့် အဘက်ဘက်မှ ထိခိုက်ဆုံးရှုံးမှုတို့မှာ ပမာဏ လွန်စွာကြီးမားလှသည်။ သို့ဖြစ်ရာ နောက်ထပ် ကိုဗစ်-၁၉ လှိုင်းတစ်ခုအဖြစ် မြင့်တက်မလာစေရေးအတွက် လူတိုင်းကိုယ်စီ အသိတရားဖြင့် ကာကွယ်နိုင်ကြပါစေကြောင်း။ ။