နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်များကို ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ အတိအလင်းချမှတ်ပြီး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင် ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရ သည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူသော ရှေ့လုပ်ငန်းစဉ်ကိုလည်း အကောင်အထည်ဖော် လျက်ရှိသည်။
သတ်မှတ်ကာလအတွင်း လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရန်မှာ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးသည် အရေးကြီးသည့်အလျောက် မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ရန် ရပ်ကွက်/ ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရေးအဖွဲ့ (Working Group) များက အချိန်နှင့် တစ်ပြေးညီ စာရင်းကောက်ယူလျက်ရှိကြသည်။ မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် အလေးထားဆောင်ရွက်ခြင်းသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သော မဲမသမာမှု မျိုး နောက်ထပ်မဖြစ်ပွားစေရန်၊ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများအကြား အငြင်းပွားမှုများ ထပ်မံမဖြစ်ပေါ်စေရန် ဆောင်ရွက်ခြင်းဖြစ်ရာ ပြည်သူလူထုအနေဖြင့် မိမိတို့နေထိုင်ရာ ရပ်ကွက်/ကျေးရွာတွင် အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူမှုများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုသည်။
“ရွေးကောက်ပွဲ ကျင်းပချိန်တွင် မဲပေးခြင်း၊ မပေးခြင်း သည် လူတစ်ဦးချင်း၏ ဆန္ဒဖြစ်ပြီး လူတိုင်းမဲပေးနိုင်အောင် ပြုလုပ်ပေးခြင်းသည် အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် ပြောကြား ခဲ့သည့်အတိုင်း ပြည်သူများအနေဖြင့် ခြိမ်းခြောက်မှု၊ အကျပ် ကိုင်မှု၊ ဖိအားပေးမှု ကင်းရှင်းစွာဖြင့် တစ်ဦးချင်း၏ ဆန္ဒကို ဖော်ထုတ်မဲပေးနိုင်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မှတ်ကျောက်တင်ခံရသည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေရေး မိမိတို့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား ဇန်နဝါရီ ၆ ရက်က တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ပြည်သူလူထုအနေဖြင့် မိမိတို့၏ လွတ်လပ်သော ဆန္ဒသဘော ထားများနှင့်အညီ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်နိုင်ရန်အတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အချိန်နှင့်တစ်ပြေးညီ ကျင်းပနိုင်ရေးပါဝင် ကူညီပေးကြရမည်ဖြစ်သည်။
ယခုအခါ ပြည်တွင်း ပြည်ပမှ အကြမ်းဖက်အဖွဲ့များဖြစ် သော NUG ၊ CRPH ၊ PDF တို့က မဲစာရင်းမှန်ကန်ရေး ဆောင် ရွက်မှု လုပ်ငန်းစဉ်များနှင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတို့ ဖြစ်ပေါ်လာခြင်းမရှိစေရန် ဟန့်တား ခြိမ်းခြောက်နှောင့်ယှက်မှုများကို ပြုလုပ်လျက်ရှိကြသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများသည် ဒီမို ကရေစီ၏ အနှစ်သာရပင်ဖြစ်ရာ ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီကို ဖော်ဆောင်နိုင်ရေးအတွက် အကြမ်းဖက် ခြိမ်းခြောက်နှောင့်ယှက်မှုများကို ဝိုင်းဝန်း ဆန့်ကျင် ရှုတ်ချကြရန်နှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး တက်ကြွစွာပါဝင် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။