လယ်ယာကဏ္ဍလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လယ်ယာကဏ္ဍလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

======================================================================

 

နေပြည်တော် နိုဝင်ဘာ ၁၁

 

လယ်ယာကဏ္ဍလုပ်ငန်းများ အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းက Virtual Meeting စနစ်ဖြင့် ကျင်းပ သည်။

 

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ တက်‌‌ရောက်ကြသည်။

 

အလေးထားဆောင်ရွက်

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလဆန်းတွင် စတင်ဖြစ်ပေါ်ခဲ့သော ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလတွင် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ် များ ပိုမိုတင်းကျပ်စွာ ချမှတ်ဆောင်ရွက်ခဲ့ရသဖြင့် လယ်ယာ ကဏ္ဍဆိုင်ရာ ထောက်ပံ့ရေးလမ်းကြောင်းအပေါ် အကျိုး သက်ရောက်မှုနှင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် နှောင့်နှေးကြန့်ကြာမှု ကိစ္စရပ်များမဖြစ်ပေါ်စေရေး၊ မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေးစသည့် သွင်းအားစုများ ဝယ်ယူ သုံးစွဲရေး၊ မိုးစပါးများ အချိန်မီရိတ်သိမ်းနိုင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးလုပ်ငန်းများ အထူးအလေးထားဆောင်ရွက်ကြစေလိုကြောင်း။

 

ပြည်တွင်းရောင်းဝယ်ရေး၊ နိုင်ငံခြားသို့ တင်ပို့ရောင်းချ ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး စသည်တို့အတွက် ဒေသ အသီးသီးမှ ထွက်ရှိလာသည့် စပါးများအား ဝယ်ယူကာ သိုလှောင်ရုံများသို့ ပို့ဆောင်ရေးလုပ်ငန်းများတွင် ဆန်စပါး ရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်းရှင်များက စီစဉ်ဆောင်ရွက် ကြရမည်ဖြစ်သကဲ့သို့ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဆက်စပ်ဆောင်ရွက် ပေးရန်လည်း လိုအပ်ကြောင်း။

 

ကိုဗစ်-၁၉ ကာလအတွင်း လယ်ယာထွက်ကုန်များ၏ ဈေးကွက်ဈေးနှုန်း ပြောင်းလဲလာမှုကြောင့် ပုံမှန်လည်ပတ် ရောင်းဝယ်ဖောက်ကားမှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်ရေး တို့တွင် ပြည်တွင်း၊ ပြည်ပ ဈေးကွက်လိုအပ်ချက် သတင်း အချက်အလက်များကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ ကြိုတင်သိရှိနိုင်ရေးအတွက် ရာသီချိန်အလိုက် သီးနှံထွက် ရှိမှု၊ ဈေးကွက်တင်ပို့မှုဆိုင်ရာမှတ်တမ်းများ၊ ရေတိုရေရှည် သီးနှံဈေးကွက်ဆိုင်ရာ နည်းဗျူဟာများရေးဆွဲဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။

 

တောင်သူများအတွက် လိုအပ်သည့်နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ကူညီပေးနိုင်ရန် နေပြည်တော် ရုံးချုပ်စိုက်ပျိုးရေး Call Center ထူထောင်ဆောင်ရွက် လျက်ရှိသကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ်များ၏ အစီအစဉ် ဖြင့် ဆင့်ပွား Call Center များ ထူထောင်ခြင်း၊ Viber Group ၊ Messenger Group များ ဖွဲ့စည်းဆောင်ရွက်မှု များကိုလည်း တိုးမြှင့်ဆောင်ရွက်ကြရန် မှာကြားလို ကြောင်း။

 

ဆည်ရေသောက်ဒေသများတွင် ဆည်နှင့် ရေလှောင် တမံများ၌ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို စိစစ်ပြီး အဆိုပါဆည်၊ ရေလှောင်တမံများ၏ ရေသောက် ဧရိယာများတွင် ရေကို အလေအလွင့်မရှိစေဘဲ အကျိုးရှိရှိ အသုံးချနိုင်ရေး၊ အခြားသော ရေအရင်းအမြစ်များ ဖော်ထုတ်သုံးစွဲနိုင်ရေး၊ အခြားသင့်လျော်သည့် သီးနှံပုံစံနှင့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးတို့အတွက် အစီအမံများ ချမှတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နည်းပညာအသစ်များဖြင့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသော မျိုးသစ်များ၊ သက်တမ်းတိုမျိုးများ ရရှိရန်အတွက် သုတေ သန စမ်းသပ်ကွက်များ ဆောင်ရွက်ခြင်း၊ သီးနှံနှင့် သီးနှံပုံစံ ပြောင်းလဲစိုက်ပျိုးခြင်း၊ ဒေသအလိုက် ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ်မူတည်ပြီး မိမိတို့ဒေသအတွင်းရှိ လယ်ယာကဏ္ဍဆိုင်ရာ သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ထိခိုက်မှု နည်းနိုင်သမျှ နည်းပါးအောင် လိုအပ်သော ပြုပြင်ပြောင်းလဲ ရေး နည်းလမ်းများအား တောင်သူများ နားလည်သဘော ပေါက် လိုက်နာဆောင်ရွက်ကြစေရေး စည်းရုံးပညာပေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် တာဝန်ရှိသူများ က ဒေသအလိုက် ဆောင်ရွက်ချက်များနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြ ကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းလမ်းညွှန်ချက်များ ချမှတ် ဆောင်ရွက်ပေးခဲ့ကြသည်။

 

ဧက တစ်သိန်း စိုက်ပျိုးနိုင်ခဲ့

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်များ အတွင်း စိုက်ပျိုးမွေးမြူရေးအပါအဝင် ကျေးလက်‌နေ ပြည်သူများ၏ စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန် Cash for Work နှင့် Cash for Training အစီအစဉ်များ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ပထမလှိုင်းကြောင့် စိုက်ပျိုးရေးကဏ္ဍ၏ လယ်ယာလုပ်သား လိုအပ်ချက် ဖြစ်ပေါ်ခဲ့မှုနှင့်အတူ မိုးခေါင်မှုကြောင့် စိုက်ပျိုးရေ လိုအပ် ချက်များ ကြုံတွေ့ခဲ့ရခြင်းကြောင့် မိုးစပါးစိုက်ဧရိယာ ၆၀ ရာခိုင်နှုန်းခန့်အနေဖြင့် ပျိုးထောင်စိုက်ပျိုးနိုင်ခဲ့ခြင်းမရှိဘဲ ကြဲပက်စိုက်ပျိုးခြင်း၊ တိုက်ရိုက်မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ရပြီး ယခင်နှစ် က မိုးစပါးသီးနှံ ဧက ၁၄ ဒသမ ၉၇ သန်း စိုက်ပျိုးနိုင်ခဲ့ သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အောက်တိုဘာလ ကုန်အထိ စိုက်ဧက ၁၄ ဒသမ ၉၂ သန်းကျော် စိုက်ပျိုးနိုင် ခဲ့ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ၌ မျိုးစေ့ထုတ် တောင်သူ လယ်သမားအစုအဖွဲ့များ၊ မျိုးစေ့ထုတ် သမဝါယမအသင်း များ၊ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေသူ လုပ်ကွက်ငယ် အကျိုးဆောင်တောင်သူများကို မျိုးစေ့ဆိုင်ရာ စံချိန်စံညွှန်း များနှင့် ညီညွတ်သည့်မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်ပေး နိုင်ရေးအတွက် ထောက်ပံ့မှုများပေးအပ်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး၌ မိုးစပါးမျိုးစေ့ထုတ် ဧရိယာ ဧက တစ်သိန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်