လယ်ယာမြေများကို အခြားနည်းများဖြင့် သုံးစွဲမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်

မိမိတို့နိုင်ငံ၏ စီးပွားရေးတွင် စိုက်ပျိုးရေးသည် အဓိကကဏ္ဍ တစ်ခုဖြစ်ပြီး   နိုင်ငံ့လူဦးရေ၏  ၇၀  ရာခိုင်နှုန်းဖြစ်သော ကျေးလက်နေပြည်သူများ  ပါဝင်လုပ်ကိုင်နေကြသည့် ကဏ္ဍ ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးတို့မှာ မြေယာကို အခြေပြု ရသော လုပ်ငန်းများဖြစ်သည့်အလျောက် မြေအသုံးချမှုများနှင့် စပ်လျဉ်း၍ အနာဂတ်အထိပါ မျှော်မှန်းကာ စနစ်တကျ စီမံ ခန့်ခွဲကြရမည်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက “မိမိတို့ နိုင်ငံတွင် လူသန်း ၁၀၀ အတွက် စိုက်ပျိုး‌မြေ  လုံလောက်စွာ ရှိရန်   မျှော်မှန်းဆောင်ရွက်ရမည်ဖြစ်သဖြင့်  လယ်ယာမြေ များကို   အခြားနည်းများဖြင့်   သုံးစွဲမှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်ရန်” မကြာသေးမီက မှာကြားခဲ့ရာ အနာဂတ်တွင် တိုးပွားလာမည့်     လူဦးရေနှင့်အညီ   စားရေရိက္ခာဖူလုံစွာ ထုတ်လုပ်ပေးနိုင်ရန် စိုက်ပျိုးမြေများ အကြောင်းအမျိုးမျိုးဖြင့် လျော့ပါးပျောက်ကွယ်မသွားစေရေးအတွက်     ထိန်းသိမ်း ဆောင်ရွက်သွားကြရန် လိုသည်။

 


မြေသယံဇာတများသည်   ထပ်မံတိုးပွားလာနိုင်ခြင်းမရှိ သော  အရင်းအမြစ်များဖြစ်ရာ  ပြည်သူလူထု၏   အသက် မွေးဝမ်းကျောင်းအတွက်၊     နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စသည်ဖြင့် မြေအသုံးချမှုများကို စနစ်တကျစီမံခန့်ခွဲ နိုင်မှသာ အနာဂတ်မျိုးဆက်များထိအောင် ရေရှည်တည်တံ့ သော မြေအသုံးချမှုများဖြစ်နိုင်မည်ဖြစ်သည်။ လယ်ယာမြေ အပါအဝင် ရာသီ သီးနှံ၊ နှစ်ရှည်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ စသည်တို့       စိုက်ပျိုးထုတ်လုပ်နိုင်သော   မြေများမှာ အကန့် အသတ်ဖြင့်သာ ရှိနေခြင်းဖြစ်သည့်အတွက် အဆိုပါမြေများကို အခြားနည်းများဖြင့် သုံးစွဲမှုများအပေါ် ဒေသအာဏာပိုင်များက ဥပဒေစည်းမျဉ်း  စည်းကမ်းများနှင့်အညီ  စည်းကမ်းတကျ ကြပ်မတ်ကြရန် လိုသည်။

 


လက်ရှိကာလတွင် မြို့မြေ၊ ရွာမြေများသာမက လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေများပါမကျန် ဈေးကောင်းကောင်းဖြင့် ရောင်းဝယ်နေကြရာ ယခင်စိုက်ပျိုးမြေများပေါ်တွင်  ခြံစည်း ရိုးခတ်ခြင်း၊ မြေဖို့ခြင်း၊ အဆောက်အအုံဆောက်ခြင်း၊ အခြား လုပ်ငန်းများလုပ်ကိုင်ခြင်းနှင့် အချို့လည်း စိုက်ပျိုးခြင်းလည်း မလုပ်၊  မည်သည့်လုပ်ငန်းမှလည်း  မလုပ်ဘဲ  ထပ်မံခွဲစိတ် ရောင်းချခြင်းတို့      ပြုလုပ်နေကြခြင်းတို့ကြောင့်    စိုက်ပျိုးမြေ များ    လျော့နည်းဆုံးရှုံးနေသည်ကို   တွေ့မြင်နေရသည်။ လယ်ယာမြေများအပါအဝင်  စိုက်ပျိုးမြေများ  လျော့နည်း ဆုံးရှုံးခြင်းက  အနာဂတ်ကာလတွင် စားနပ်ရိက္ခာဖူလုံမှုအပေါ် ခြိမ်းခြောက်လာနိုင်သည့်            အန္တရာယ်တစ်ခုဖြစ်သည်ကို ကြိုတင်မျှော်တွေးကြရမည်ဖြစ်သည်။

 


ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၇ အရ နိုင်ငံတော်သည် နိုင်ငံတော်ရှိ   မြေအားလုံး၏  ပင်ရင်းပိုင်ရှင်ဖြစ်သည်ဟူ၍ လည်းကောင်း၊ နိုင်ငံပိုင် သယံဇာတပစ္စည်းများအား စီးပွားရေး အင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်  ရန် လိုအပ်သည့်  ဥပဒေပြဋ္ဌာန်းရမည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည်။ သို့ဖြစ်ရာ နိုင်ငံတော်၏ မြေအရင်းအမြစ် များနှင့် စပ်လျဉ်း၍ ဥပဒေနှင့်မညီညွတ်သော မြေအသုံးချမှု များကို  ထိထိရောက်ရောက်   တားဆီးကာကွယ်အရေးယူရန် အပြင် နိုင်ငံတော်၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှု   ဖွံ့ဖြိုးတိုးတက်ရေးနှင့်   အနာဂတ်တွင် တိုးတက်လာမည့် လူဦးရေအတွက် စားရေရိက္ခာဖူလုံစေရန် လယ်ယာမြေများ  လျော့နည်းဆုံးရှုံးမှုများကို    တားဆီး ကာကွယ်နိုင်ရန်အတွက် လယ်ယာမြေများကို အခြားနည်း သုံးစွဲမှုများအား ထိထိရောက်ရောက် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ကြရပါမည့်အကြောင်း။     ။