မှားမှန်းသိရင် ရဲရဲပြင်ကြဖို့

Type
၁

ဆောင်းပါး

=======

 

မှားမှန်းသိရင် ရဲရဲပြင်ကြဖို့

===============

 

ဆူးငှက်

 

ပြည်သူလူထုအပေါ် တိမ်းညွှတ်စောင့်ရှောက်ခဲ့တဲ့ မြို့တည် နန်းတည် သာသနာပြုမင်း လက်ထက်မှာ အရပ်ရပ်က ဖူးပေ့၊ ညွှန်ပေ့၊ ကွန့်ပေ့၊ ကောင်းပေ့၊ တော်ပေ့ဆိုတဲ့ ပညာရှိစာဆိုများ၊ အနုပညာသည်များဟာလည်း မန္တလေး နေပြည်တော်မှာ တစုတစည်းတည်း မြှောက်စား ချီးမြှင့်ခြင်းခံရကာ မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာ တွေလည်း ဖိတ်ဖိတ်လက်မျှ တောက်စား ထွန်းလင်းခဲ့ပါ တယ်။ သူ့ခေတ်နဲ့သူ့နား သာတယ်ထင်ရာကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

 

ယဉ်ကျေးမှုပိုင်းမှာလည်း နောက်ကျမကျန်ရစ်အောင်

 

မင်းတုန်းမင်းကြီးခေတ်ဟာ တိုင်းပြည်က အထိုက် အလျောက် အေးချမ်းသာယာတယ်။ ဘုရင်ကလည်း အေးချမ်းသာယာမှုရှိအောင် အစွမ်းကုန်ကြိုးစားရင်းနဲ့ တစ်ဖက်ကလည်း တိုင်းပြည်လူမျိုးအတွက် အဘက် ဘက်က ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှုတွေကို အစွမ်းကုန် အားပေးတယ်။ ဒီတော့ တိုင်းသူပြည်သား တွေကလည်း အားတက်မှု၊ တက်ကြွမှုတွေ ရှိလာတယ်။ ယဉ်ကျေးမှုပိုင်းမှာလည်း နောက်ကျမကျန်ရစ်အောင် အခြားသော ဖွံ့ဖြိုးမှုများနဲ့အတူ ရင်ပေါင်တန်း ခိုင်မာ စေတယ်။ ဒီအတွက် ကြိုးပမ်းလုပ်ဆောင်မှုအားလုံးကိုလည်း ဘုရင်က အားပေးတယ်။

 

အနုပညာဆိုတာကလည်း တက်ကြွမှု၊ ယုံကြည်မှု၊ အားပေးမှုတွေရှိလာတဲ့အခါ မကုန်နိုင်တဲ့ ဆန်းသစ် တီထွင်မှုတွေ ပေါ်ပေါက်လာတာလည်း ဓမ္မတာပါ။ ဒါ့အပြင် လက်နက် စက်ရုံတည်တယ်။ ဖန်ချက်တယ်၊ စာပုံနှိပ်စက်နဲ့ စာအုပ်တွေ ရိုက်တယ်၊ သတင်းစာထုတ် တယ်၊ ငွေဒင်္ဂါးသွန်းတယ်၊ မြန်မာလို ကြေးနန်း ရိုက်တယ်။ ဒီအချိန်မှာ အောက်မြန်မာနိုင်ငံက အင်္ဂလိပ် လက်အောက် ရောက်နေတာ မဟုတ်လား။ ခေတ်မပြိုင်ရင် ကျန်ရစ်မှာ။ ဒီတော့ ယဉ်ကျေးမှုဘက်ကလည်း ကိုယ်ခံအားကောင်း အောင် ကြိုးပမ်းတယ်။ အားပေးတယ်။ ဒါကလည်း မလုပ် လို့ မဖြစ်ဘူး။ အတိတ်က ရွှေထီးဆောင်းတာ တသသပြော ရင်း ကွမ်းအစ်တစ်လုံး ရေနွေးကြမ်းတစ်အိုးနဲ့ အချိန်ကုန်ခံ လေပစ်နေလို့မရဘူး။ ကိုယ်ခံအားမကောင်းရင် အောက်က ယဉ်ကျေးမှုက ချက်ချင်းဝါးမျိုသွားမှာ။ မြန်မာတွေ စိတ်ဓာတ်ကလည်း အသစ်အဆန်းဆို ကြားကာမြင်ကာမျှနဲ့ ချက်ချင်းအထင်ကြီးတတ်တယ်။ ကိုယ့်ပစ္စည်း ခိုင်ခိုင် မာမာကို ချက်ချင်းစွန့်တတ်တယ်။ သူများဟာကို ချက်ချင်းကောက်သုံးတတ်တယ်။ သူများပစ္စည်းက ကိုယ့်ပစ္စည်းလောက် မဟန်မှန်း သိချိန်ရောက်တော့ ကိုယ့် ပစ္စည်းက ပျက်နေပြီ၊ ယွင်းနေပြီ။ အဲဒီလိုကြုံရတာချည်း ပါပဲ။ ဒါကို ပညာရှင်ကြီးတွေက မြော်မြော်မြင်မြင်နဲ့ ကိုယ့်ပစ္စည်းကို ခိုင်သထက်ခိုင်၊ မာသထက်မာအောင် မန္တလေးမှာ အားစိုက်ကြိုးပမ်းခဲ့ကြတာက ထူးခြား လှပါတယ်။

 

ဘုရင့်ရှေ့တော်ပြေးအဖွဲ့

 

မန္တလေးခေတ် (ဝါ,ဂီ,နစ်) ရဲ့ ကနဦး လုပ်ဆောင်မှုက တော့ ရှေ့ဘက်ပြေး မောင်မောင်သိုက်ဦးဆောင်တဲ့ အဖွဲ့က မြဝတီမင်းကြီးရဲ့ ပတ်ပျိုးကြီးတွေကို စောင်းနဲ့ ကျကျ နနကြီး ပြန်လည်ဖော်ထုတ်တယ်။ မန္တလေးမှာ မြန်မာ့ စောင်းပညာက သိပ်တက်လာတယ်။ မောင်မောင်သိုက်က မြန်မာ့စောင်းရဲ့ မူလ ၇ ကြိုးမှာ ၆ ကြိုးထပ်တိုးပြီး ၁၃ ကြိုးနဲ့ စတီးခတ်ခဲ့သူပါ။ နန်းတော်တွင်းက မောင်မောင် သိုက် ဦးဆောင်တဲ့ မဟာဂီတအဖွဲ့ကြီးမှာ စောင်းသမား ၁၇ ဦးလောက်ရှိတယ်။ ရတနာပုံခေတ်မှာ စောင်း မတတ်ရင် လူရာမဝင်ဘူး။ ဘုရင့်ရှေ့တော်ပြေးအဖွဲ့လို မိဖုရားခေါင်ကြီးဘက်က မမအုံး၊ မမဥ၊ တပယ်ခင်သစ်တို့ ဦးဆောင်တဲ့ အမျိုးသမီး မဟာဂီတသမားတွေကလည်း သူတို့ပညာနဲ့ အကောင်အထည်ဖော်ကြပြန်တယ်။ မဟာ ဂီတဟာ မင်းတုန်းမင်းခေတ်မှာ အထင်ပေါ် အကျော် ကြားဆုံး ဖြစ်လာတယ်။

 

မောင်မောင်သိုက်ရဲ့ မူလရှေ့တော်ပြေးအဖွဲ့မှာ စောင်း မောင်မောင်သိုက်၊ အဆို ဦးပေနဲ့ မိကျောင်းမောင်မောင်ကြီး တို့ ပါဝင်တယ်။ မောင်မောင်ကြီးဆိုတာ မောင်မောင်သိုက် ရဲ့ဇနီး ခင်ခင်ရဲ့မောင်ပါ။ နောက်တော့ မောင်မောင်ကြီးက စောင်းကို လိုက်စားတယ်။ မောင်မောင်ကြီးက သူ့ ယောက်ဖ မောင်မောင်သိုက်တီးတဲ့အကွက်တွေကို ယူတီး ပေမယ့် မောင်မောင်သိုက်ရဲ့ စံချိန်ကို ချိုးနိုင်တယ်။ မောင်မောင်သိုက်ထက်ကောင်းတဲ့ အကွက်တွေ တီထွင် တီးခတ်တယ်။ အရင်စံချိန်ထက် ခံ့တဲ့နေရာ ပိုခံ့လာတယ်။ သွဲ့တဲ့နေရာ ပိုသွဲ့လာတယ်။ နွဲ့တဲ့နေရာ ပိုနွဲ့လာတယ်။ သပ်တဲ့နေရာ ပိုသပ်လာတယ်။ ရှပ်တဲ့နေရာ ပိုရှပ်လာ တယ်။ သွက်တဲ့နေရာ ပိုသွက်လာတယ်။ ဟန်ယူရမယ့် နေရာ ပိုဟန်ယူလာတယ်။ အဆိုသမားကို အခင်းနဲ့ခေါ် တယ်။ အခေါ်နဲ့အခင်းနဲ့ တီးပေးတယ်တဲ့။

 

ဒေ၀ဣန္ဒာဘွဲ့ ချီးမြှင့်ခံရ

 

ဆရာဖြစ်သူ မောင်မောင်သိုက်က သူ့ထက်တော်တဲ့ သူကို နေရာပေးတယ်။ သဘောထားကြီးတယ်။ ရှေ့တော် ပြေးအဖွဲ့က စောင်းကို မောင်မောင်ကြီးပဲ တီးစေတော့ တယ်။ မောင်မောင်ကြီးတို့ စောင်းတီးကွက်က ထမင်း လုတ် လက်ကလွတ်ကျအောင် ကောင်းလှပါသတဲ့။ မောင်မောင်ကြီးက ရှေ့သီချင်းမှန်သမျှ အကုန်တော်လှန် ရေးလုပ်ပစ်သတဲ့။ ရှေ့က သီချင်းတွေ ကို သီချင်းအားလုံး နရီစည်းချည်းလုပ်တယ်။ နရီစည်းနဲ့ပဲသီဆိုခဲ့သတဲ့။ မောင်မောင်ကြီးဟာ သီပေါမင်းလက်ထက်မှာအထိ ရှေ့တော်ပြေးအဖွဲ့ရဲ့ ခေါင်းဆောင်စောင်းဆရာဖြစ်ခဲ့ပြီး ဒေ၀ဣန္ဒာဘွဲ့ ချီးမြှင့်ခံရတယ်။ သူ့အဖွဲ့မှာ စောင်းက ဒေ၀ဣန္ဒာ မောင်မောင်ကြီး၊ အဆိုက ဦးပေ၊ တယောက ကွမ်းဘိုးထိန်း ဦးမှိုတို့ပါတယ်။

 

ဒါကြောင့် မြန်မာ့ဂီတရယ်လို့ စုစုစည်းစည်း၊ ဆုပ်ဆုပ် ကိုင်ကိုင် ထင်ရှားကျော်ကြားတဲ့ မန္တလေးရတနာပုံ ခေတ် ကာလမှာ သီချင်းအားဖြင့် ရေးသားအကောင်အထည်ဖော် ရာမှာ မြဝတီမင်းကြီး ဦးစ ကလွဲလို့ အခြားမရှိပါဘူး။ ဒီသီချင်းတွေကို အသစ်အဆန်း အကွက်အလက်များနဲ့ အပီအပြင်ဖော်နိုင်တဲ့ တီးဖက်ဆိုင်ရာမှာ ဒေ၀ဣန္ဒာ မောင်မောင်ကြီးထက် သာလွန်သူ အခြားမရှိပါဘူး။

ဒီသီချင်း ဒီအတီးနဲ့ လိုက်ဖက်စွာ သဒ္ဒါဆယ်ပါးနှင့် လိုက်ဖက်သီဆိုနိုင်သူကလည်း နောင်အချိန် ဘုန်းကြီးပေ လို့ခေါ်ကြတဲ့ ဦးပေထက်သာလွန်သူ မရှိခဲ့ပါဘူးလို့ သတ်မှတ်ခဲ့ကြပါ တယ်။ သူတို့သီချင်း သူတို့အတီး သူတို့ အဆိုကို မူအဖြစ် စံအဖြစ် သတ်မှတ်ခဲ့ကြတယ်။ ဒါဟာ မန္တလေးမူ၊ မန္တလေးစံမျှသာ မဟုတ်ပါဘူး။ မြန်မာ့မူ၊ မြန်မာ့စံပါ။ ဒီမူ ဒီစံတွေကို ခေတ်ပြိုင်ပညာရှင်တွေကလည်း နာယူတယ်။ ထိန်းသိမ်းတယ်။ ဖြန့်ဝေတယ်။

 

သျှောင်မှာ ပေရွက်ထိုးပြီး အသိပေးတင်ပြခဲ့

 

ဒီမူ ဒီစံတွေနဲ့ မသိမသာ ယွင်းကာ ယိမ်းကာဖြစ်တဲ့အချိန် သီပေါမင်းလက်ထက် အတွင်းတော် လက်ျာစိန်ဆိုင်း အမှုတော်ထမ်း ဆီဆုံရွာစား နေမျိုးကျော်စွာခေါင်ဘွဲ့ရ ဆရာဖေကြီးဟာ သီပေါဘုရင်ရှေ့တော်မှောက် သျှောင်မှာ ပေရွက်ထိုးပြီး အသိပေးတင်ပြခဲ့တယ်။ စိန်ဆိုင်းဆိုတာ အတော်ဆုံးဆိုင်းဆရာကိုသာ ရှင်ဘုရင် တီးခွင့်ပြုတဲ့ ဆိုင်းဝိုင်းဖြစ်တယ်။ ဆိုင်းဝိုင်းကြီးမှာ မှန်စီရွှေချတွေကို အခြားအရောင်တွေ မစီခြယ်စေဘဲ အဖြူရောင်ပဲစီခြယ် ထားပြီး စိန်ဆိုင်းသမုတ်တယ် ။ အတွင်းတော်တီး ဆိုင်း (၃)မျိုး (၃)စားမှာ စိန်ဆိုင်း၊ မြဆိုင်း၊ ပတ္တမြားဆိုင်းတွေဖြစ် တယ်။ စိန်ဆိုင်းက ဘုရင့်ရှေ့တော်တီး ဆိုင်းဖြစ်ပြီး မြဆိုင်း က မိဖုရား ရှေ့တော်တီးဆိုင်းဖြစ်တယ်။ ပတ္တမြားဆိုင်းက အိမ်ရှေ့မင်းရှေ့တော် တီးဆိုင်းဖြစ်ပါတယ်။ စိန်ဆိုင်းကို မှန်အဖြူများနှင့်ချည်းခြယ်သလို၊ မြဆိုင်းကိုလည်း မှန် အစိမ်းရောင်များချည်းခြယ်သရတယ်။ ဒီလိုပါပဲ ပတ္တမြား ဆိုင်းကိုလည်း မှန်အနီများနှင့်ချည်း ခြယ်သရတယ်။ အတွင်းတော်တီး ဘုရင့်ဆိုင်းကို ဘုရင်က မြှောက်စားတော့ ဆိုင်းဝိုင်းကြီးမှာ သိုင်းဘယ်နှချက် တပ်ဆင်စေ၊ အလံ ဘယ်နှလက်ထိုးစေ၊ ဖန်အိုးဘယ်နှလုံး စိုက်စေဟုဆိုပြီး ဆိုင်းတော် ရဲ့ အဆောင်အယောင်များအဖြစ် ချီးမြှင့်ခွင့်ပြု ခဲ့တယ်။

ပညာရှင်ကလည်း ရဲရဲတင်ပြ

 

ဒါကြောင့် အတွင်းတော်တီး ဘုရင့်စိန်ဆိုင်းက ဆရာ ဖေကြီးကိုယ်တိုင် တိမ်းတဲ့ ယိမ်းတဲ့မူများ စံများကို သုတ် သင်တည်းဖြတ် ပြင်ဆင်ပေးခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ပါ တယ်။ ဒီမူမှန် ဒီစံမှန်တွေဟာ ဆရာကြီးသား ဆရာစိမ့်တို့၊ ရွာစားကြီးစိန်ဗေဒါတို့နဲ့အတူ ဂီတဝိသောဓနီ မောင်မောင် လတ်၊ စောင်း မောင်မောင်ခန့်၊ ရွှေပြည်ခင်ခင်ကြီး၊ ခင်ခင် လေး၊ ဆရာသိန်းကြီး၊ ဒေါ်သူဇာ၊ အုတ်ဆက်ခင်လေး၊ မေ၊ ဆရာဘကြီး၊ ဆရာဘကလေး၊ ဆရာနွဲ့၊ ဦးပေါ်ဦး၊ ဆရာမှန်း၊ ဦးလူကြီး၊ တပယ်ခင်သစ်၊ မမအုံး၊ မမမှုန်၊ ဘီလစ် ဦးထင်၊ ရုံပိုင်ကြီး ဦးစံဝင်း၊ ဦးခင်မောင်ဒွေး၊ ဦးဘသင်၊ ဘာဂျာ ဆရာလွှား၊ ဒေါ်အောင်ကြည်၊ ဒေါ်စောမြအေးကြည် စသည်ဖြင့် ပညာရှင်များဆီအထိ တစ်ဆုပ်တစ်ခဲ တင်းပြည့်ကျပ်ပြည့် ကျန်ရစ်ခဲ့ခြင်းဖြစ်ပါ တယ်။ မြန်မာ့မဟာဂီတ လမ်းကြောင်းမှန်ပေါ် ပီပြင်ခိုင်မာ စေခဲ့ခြင်းဟာ ကနဦးအစ စတင်လမ်းလွဲ တိမ်းပါးသယောင် ဖြစ်ခဲ့ကတည်းက ပညာရှင်ကလည်း ရဲရဲတင်ပြ၊ ဘုရင်က လည်း ရဲရဲ ပြင်ခဲ့လို့ဖြစ်ပါတယ်။ မှားမှန်းသိရင် ရဲရဲပြင်ကြ ဖို့ပါပဲ။