
မာန်အောင် ဖေဖော်ဝါရီ ၆
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ဟိုတယ်ဝန်ထမ်းတစ်ဦး ပျောက်ဆုံး ရာမှ ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ရေလှောင်ဆည်၌ သေဆုံးလျက် တွေ့ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မာန်အောင်မြို့နယ် ဆားချက်နယ်မြေစခန်းမှူး ရဲအုပ် နေလင်းထွန်းမှာ တာဝန်ထမ်းဆောင်နေစဉ် ကအီးကျေးရွာနေသူ ဦးနေမင်းလှိုင် (၄၂) နှစ်မှ မာန်အောင်ဟိုတယ်အနီးရှိ ရေလှောင်ဆည် ထဲတွင် လူသေအလောင်း တစ်လောင်းတွေ့ရှိကြောင်း သတင်းပေးပို့ သဖြင့် ရဲအုပ်နေလင်းထွန်းနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဖေဖော်ဝါရီ ၄ ရက်က လူပျောက် အမှတ်စဉ် (၁/၂၂) ဖြင့် အမှုရေးဖွင့်ထားသည့် မင်းထက်ဝေ (၂၂ နှစ်) မာန်အောင်ဟိုတယ်ဝန်ထမ်း၊ ကအီးကျေးရွာနေသူဖြစ်ပြီး ကမ်းစပ် နှင့် ၁၅ ပေခန့်အကွာ ရေထဲတွင် ပက်လက်အနေအထားဖြင့် တွေ့ရှိ ရ၍ အလောင်းအားကြည့်ရှုစစ်ဆေးရာ မျက်လုံးနှစ်ဖက် ဖူးရောင် ဒဏ်ရာ၊ ယာဘက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံး နေကြောင်း တွေ့ရှိရသည်။
အဆိုပါ မင်းထက်ဝေ သေဆုံးမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ အား စုံစမ်းဖော်ထုတ်နိုင်ရန် ဆားချက်နယ်မြေစခန်းက အမှုရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)