မစ်ဒယ်ဘရော့အသင်းကို အနိုင်ယူပြီး ချယ်ဆီးအသင်း အက်ဖ်အေဖလား ဆီမီးဖိုင်နယ်တက်လှမ်း

 

အက်ဖ်အေဖလားကွာတားဖိုင်နယ် ပွဲစဉ် တစ်ပွဲဖြစ်သည့်   မစ်ဒယ်ဘရော့အသင်း နှင့် ချယ်ဆီးအသင်းတို့ ပွဲစဉ်ကို စနေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ   ချယ်ဆီး အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့  တက်လှမ်းနိုင်ခဲ့သည်။ မစ်ဒယ်ဘရော့အသင်းသည် စတုတ္ထအဆင့် နှင့် ပဉ္စမအဆင့်တွင် နာမည်ကြီး   မန်ယူ အသင်းနှင့် စပါးအသင်းတို့ကို  အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့သော်လည်း ယခုကွာတား ဖိုင်နယ်တွင် ချယ်ဆီးအသင်းကို ရှုံးနိမ့်ပြီး  ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သည်။ 

 


မစ်ဒယ်ဘရော့အသင်းသည်    စပါးအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ    ကစားသမားစာရင်းကို     နှစ်ဦးအပြောင်းအလဲ ပြုလုပ်လာခဲ့သလို ချယ်ဆီး အသင်းက လူတန်အသင်းကို အနိုင်ရရှိသည့်ပွဲစဉ်မှ ကစားသမားစာရင်းကို   ခြောက်ဦးအပြောင်းအလဲ ပြုလုပ်လာခဲ့သည်။   မစ်ဒယ်ဘရော့အသင်းသည် ယခုပွဲစဉ်တွင်       ခြေစွမ်းပြသထားနိုင်ခြင်းမရှိဘဲ သာမန်ခြေစွမ်းအောက်ရောက်နေပြီး ဂိုးကန်သွင်းခွင့် ငါးကြိမ်သာရရှိကာ ဂိုးပေါက်တည့်မတ်မှုမရှိခဲ့ပေ။ ချယ်ဆီးအသင်းက ဂိုးကန်သွင်းမှု ၁၁ ကြိမ်ရှိခဲ့ပြီး ဂိုးပေါက်တည့်မတ်မှု လေးကြိမ်တွင် သွင်းဂိုးနှစ်ဂိုးရရှိ ခဲ့ခြင်းဖြစ်သည်။ 

 


ပွဲချိန် ၁၅ မိနစ်တွင် မောင့်၏ ဖန်တီးမှုမှ လူကာ ကူ ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ချယ်ဆီးအသင်း ဦးဆောင် ဂိုးရရှိခဲ့သည်။ အသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၃၁ မိနစ်တွင် မောင့်၏ ဖန်တီးမှုမှပင်   ဇီယက်ဇ်က သွင်းယူပေးခဲ့သည်။ ထို့နောက်တွင် နှစ်သင်းစလုံးလူစားလဲမှုများပြုလုပ်ကာ ဂိုးရရှိရေးကြိုးစားလာ သော်လည်း     ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိသော ကြောင့်  ချယ်ဆီးအသင်းက  နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။                                                                                                           
အောင်ဇော်