မဆန်းသော်လည်း မရိုးလှတဲ့ NDAA ‌ဇာတ်လမ်းတစ်ပုဒ်

Type
1

 

မြင့်မြတ်

 

အမေရိကန်နိုင်ငံကြီးအနေနဲ့ သူနဲ့ဓာတ်မတည့်တဲ့နိုင်ငံတွေမှာ စစ်ရေးအပါအဝင် ဝင်ရောက်စွက်ဖက်စိုးမိုးနိုင်ရေး၊ ပင်တဂွန်ရဲ့မူဝါဒတွေကို အထောက်အကူ ပြုမယ့် ၂၀၂၂ ခုနှစ်အတွက် (၆၁)ကြိမ်မြောက် ကာကွယ်ရေးဘတ်ဂျက်ဥပဒေသစ်တစ်ခုဟာ Congress မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က  အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ 

 


NDAA “National Defence Authorization Act” လို့ခေါ်တဲ့ ၎င်းဥပဒေကို သမ္မတဘိုင်ဒင်ကတော့    ဒီဇင်ဘာလ ၂၇ ရက်နေ့က   လက်မှတ်ထိုး အတည် ပြုလိုက်ပြီးလည်း     ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ဘီလီယံ  ၇၇၀ ခန့်အသုံးပြုမယ့်    “အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ”လို့ခေါ်တဲ့ ၎င်းဥပဒေ ကို    အထက်နဲ့အောက်   လွှတ်တော်နှစ်ရပ်လုံးက   တညီတညွတ်တည်း   အတည်ပြုလိုက်တယ်ဆိုပေ မယ့် တိုးတက်ရေးဝါဒီတွေနဲ့ စစ်ဆန့်ကျင်ရေးသမား များရဲ့ အပြင်းအထန်ကန့်ကွက်မှုတွေနဲ့လည်း ကြုံခဲ့ ရတာ ဖြစ်ပါတယ်။ 

 


ဝင်ရောက်စွက်ဖက်ရန် ပို၍ တိုးမြှင့်သုံးစွဲလာနေတဲ့ ကာကွယ်ရေးဘတ်ဂျက် 


အမေရိကန်အစိုးရအနေနဲ့  သူ့ပြည်သူတွေရဲ့ လူမှုရေးအသုံးစရိတ်  ဘတ်ဂျက်ကိုတော့  နှစ်စဉ် အမေရိကန်ဒေါ်လာ  ၁၇၅ ဘီလီယံလောက်သာ သုံးစွဲခဲ့တာ လေ့လာမိပါတယ်။ ပြည်တွင်းမှာ ကိုဗစ် ဒဏ်နဲ့    လူမှုစီးပွားဘဝ    သက်ရောက်မှုဒဏ်ကို ကြီးကြီးမားမားခံစားနေရပြီး အခွန်အတုတ်  ပိုထိ နိုင်တဲ့ အမေရိကန်ပြည်သူတွေအတွက် ပိုမိုသုံးစွဲ ရမယ့်အစား ယခုလို စစ်ရေးမှာအသုံးပြုဖို့   ငွေကြေး အလုံးအရင်း      ခွင့်ပြုချက်ပေးခြင်းဟာ ဘာကြောင့် ပါလဲ။    သတိထားသုံးသပ်ဖို့တော့ လိုပါမယ်။ 

 


အာဖဂန်နစ္စတန်ကနေ ဒရောသောပါး  ဆုတ်ခွာ ခဲ့ရတဲ့    အမေရိကန်အနေနဲ့ ယခုနှစ် ကာကွယ်ရေး ဘတ်ဂျက်ထက်   ပြည်တွင်းကိစ္စရပ်တွေမှာ    ပိုမို သုံးစွဲသွားလိမ့်မယ်လို့  အများက မျှော်လင့်ထားခဲ့ကြ တာပါ။ ဒါပေမယ့်   ယခုနှစ် ကာကွယ်ရေးဘတ်ဂျက်ဟာ ယမန်နှစ် ဒေါ်နယ်ထရန့်သုံးစွဲခဲ့တဲ့  ဘီလီယံ  ၇၄၀ ထက်  ၅ ရာခိုင်နှုန်း    ပိုများတဲ့အပြင်    ဘိုင်ဒင် တောင်းဆိုထားတဲ့ ပမာဏထက် ၂၄ ဘီလီယံကို Congress က   ပိုတိုးပေးလိုက်တဲ့    အချက်ဟာ     အမေရိကန်စစ်တပ်အနေနဲ့    အခြားနိုင်ငံများရဲ့ ပြည်တွင်းရေးမှာ ပိုပြီး ဝင်ရောက်စွက်ဖက်ဖို့အတွက် မီးစိမ်းပြလိုက်ခြင်းပဲ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ 

 


ပစ်မှတ်က တရုတ်နဲ့ ရုရှားဖြစ်နေ 


အမေရိကန်နိုင်ငံရဲ့     နှစ်စဉ်ကာကွယ်ရေး ဘတ်ဂျက်ဟာ   ကမ္ဘာမှာ      အမြင့်ဆုံးပါ။ ဒုတိယ အမြင့်ဆုံးဖြစ်တဲ့ တရုတ်ကာကွယ်ရေးဘတ်ဂျက် ထက်     သုံးဆပိုများပါတယ်။    ကာကွယ်ရေး ဘတ်ဂျက်မှာ  စစ်သည်တွေရဲ့လစာ၊     လေယာဉ် တင်သင်္ဘောတွေ ဝယ်ယူဖို့အပြင် နျူကလီးယား လက်နက်တွေတိုးချဲ့ဖို့၊     ပထဝီနိုင်ငံရေးအရ တရုတ်နဲ့ရုရှားကို ယှဉ်ပြိုင်ဖို့ ထိန်းချုပ်ဖို့ရန်လည်း အဓိကပါဝင်ပါတယ်။ 

 


ဒီလောက်စစ်ရေးဘတ်ဂျက်ကို    အမြောက် အမြား    တိုးမြှင့်သုံးစွဲနေခြင်းဟာ     တရုတ်ကို    ပြိုင်ဆိုင်ထောက်ကန်ထားရန်နဲ့  ပိတ်ဆို့ချေမှုန်းဖို့က အဓိကပါ။    ဒုတိယဦးစားပေးကတော့   ရုရှားပါပဲ။ ထိုင်ဝမ်နဲ့ပတ်သက်နေတဲ့    တရုတ်နဲ့  ယူကရိန်းနဲ့ ဆက်စပ်နေတဲ့    ရုရှားနိုင်ငံတွေဟာ   အဓိကပစ်မှတ် ဖြစ်နေပေမယ့်       နှစ်နိုင်ငံစလုံးက  မြန်မာနိုင်ငံရဲ့ မိတ်ဆွေနိုင်ငံများလည်းဖြစ်ကြတယ်ဆိုတဲ့ အချက် ဟာ ဂရုပြုရမယ့်အချက် ဖြစ်နေပါတယ်။ ယူကရိန်း နိုင်ငံရဲ့လုံခြုံရေးကို    အကြောင်းပြပြီးပေးမယ့်    အကူအညီတွေလည်းပါတဲ့အပြင်    ပစိဖိတ်ဒေသ လုံခြုံရေးအတွက်လည်း ၇ ဒသမ ၁ ဘီလီယံလောက် အထိ သုံးစွဲမယ့်သဘောပါ။ တရုတ်နဲ့  ရုရှားအပြင်  အီရန်နဲ့   မြောက်ကိုရီးယားတို့လို နိုင်ငံတွေအနေနဲ့ လည်း NDAA စက်ကွင်းက မလွတ်နိုင်ပါဘူး။ 

 


ငွေကြေးအထောက်အပံ့အပြင် စစ်ရေးအကူအညီ ရှိလာနိုင်တဲ့ ခေါင်းစဉ်များ 


ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ယခုလို  အမေရိကန်ရဲ့ ကြေညာချက်အပေါ်မှာ        ဝမ်းသာနေသူတွေ၊ ကြိတ်ပျော်နေသူတွေ မြန်မာနိုင်ငံမှာ ရှိနေတာတော့ ဝမ်းနည်းဖွယ်ရာဖြစ်ပါတယ်။ အမေရိကန်ကာကွယ် ရေးဘတ်ဂျက်ဆိုတာ ဥပဒေအဖြစ်သက်ရောက်ပြီး နှစ်စဉ်   ထုတ်ပြန်နေကျဖြစ်ပါတယ်။   ဥပဒေတစ်ခု ဖြစ်သွားတော့     လုပ်ပိုင်ခွင့်လည်း    ပိုရသွားတဲ့ သဘောပါပဲ။ အခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးမှာ  ငွေကိုပုံအောသုံးဖို့ အမေရိကန်စစ်တပ်အတွက် “ထန်းပင်တက်လက်မှတ်ရ”သလို       ဖြစ်သွားတာ ပါပဲ။ ဘတ်ဂျက်ကိစ္စမှာ မြန်မာဆိုတဲ့ အမည်နာမ သုံးထားတာကို မတွေ့မိပေမယ့် BBC , RFA တို့ရဲ့    ဖော်ပြချက်‌တွေအပေါ်မှာ  အရိုးအရင်းပဲ         ကိုက်ရ ကိုက်ရ၊ အမေကျော်ဒွေးတော်လွမ်းသူတွေအတွက် အလွန်အကျွံ လိုရာဆွဲတွေးနေကြခြင်းသာ ဖြစ်ပါ လိမ့်မယ်လို့လည်း   ယူဆမိပါတယ်။ 

 


 NDAA ငွေကြေးအစိတ်အပိုင်းအချို့ကို ဒီမို ကရေစီအ‌ရေခြုံ ခေါင်းစဉ်အောက်မှာ  ဒီမိုကရေစီ အင်အားစုအမည်တပ်ပြီး အကြမ်းဖက်အဖွဲ့အစည်း တွေ  မွေးထုတ်ပေးနေတဲ့ NUG နဲ့ CRPH တို့ထံ နယ်စပ်ကတစ်ဆင့် ကူညီထောက်ပံ့မှုတွေရှိလာနိုင် ပါတယ်။    လူ့အခွင့်အရေးဗန်းပြ၊     လူသားချင်း စာနာထောက်ထားမှု ခေါင်းစဉ်အောက်မှာ စစ်ဘေး ရှောင် ဒုက္ခသည်တွေအတွက်ဆိုပြီး အထောက်အပံ့ အစီအမံတွေ ရှိလာနိုင်ပါတယ်။   ငွေကြေးအကူအညီ သာမက   စစ်ရေးအကူအညီပါ    ပါရှိလာမှာလည်း သေချာပါတယ်။ နောက်ဆုံး  တရုတ်နဲ့ ရုရှားနိုင်ငံတို့ က    မြန်မာနိုင်ငံအပေါ်မှာ    ဩဇာလွှမ်းမိုးနေမှုကို တန်ပြန်ဖို့အတွက်ထိ    ရည်မှန်းချက်တစ်ခု ပါရှိလာ နိုင်တယ်ဆိုတာ  တွက်ဆထားဖို့လိုပါတယ်။

 

 
တိုးမြှင့်သုံးစွဲလာတဲ့ငွေပမာဏနဲ့အတူ 
စစ်သွေးကြွ နိုင်ငံတစ်နိုင်ငံဖြစ်လာနေ 


အမှန်တကယ်က     နှစ်စဉ်   အမေရိကန်ရဲ့ ကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေနဲ့  တိုးပွားလာတဲ့ ဘတ်ဂျက်ပမာဏထုတ်ပြန်ချက်တွေဟာ အမေရိ ကန်ကို စစ်သွေးကြွနိုင်ငံတစ်နိုင်ငံအဖြစ် ဖြစ်မှန်း မသိ      တွန်းပို့နေတယ်လို့    သုံးသပ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်တွေက ထောက်ခံ ပေးလိုက်တဲ့ စစ်အသုံးစရိတ်တွေကြောင့်  အစိုးရနဲ့ စစ်တပ်ဟာ ကမ္ဘာပတ်ပြီး    စစ်မီးမွှေးခွင့်ရနေလို့ပဲ ဖြစ်ပါတယ်။        ဒီမိုကရေစီအကြောင်းပြခံရပြီး        ဆိုဗီယက်နိုင်ငံကြီးဟာ    အစိတ်စိတ်အမြွှာမြွှာ   ဖြိုခွဲခံလိုက်ရတာ ပြန်လည်သတိရစေပါတယ်။ 

 


အကြမ်းဖက်နှိမ်နှင်းရေး      အကြောင်းပြပြီး အကြမ်းဖက်တွေကို မွေးထုတ်ပေးနေတဲ့ဖြစ်စဉ်တွေ မြင်နိုင်၊   တွေ့နိုင်ပါတယ်။   အကြမ်းဖက် ISIS ရဲ့ မျိုးဆက်ဟောင်းဖြစ်တဲ့ အယ်လ်ကိုင်ဒါ‌ဟာ အမေရိ ကန် CIA ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ခဲ့ပြီး    အကြမ်းဖက် ခေါင်းစဉ်အောက်မှာပဲ         အာဖဂန်နစ္စတန်ကို တိုက်ခိုက်ပြီး ဆယ်စုနှစ်ချီ သိမ်းပိုက်ထားနိုင်ခဲ့ပေ မယ့်  နောက်ဆုံးတော့ မရှုမလှ ဆုတ်ခွာခဲ့ရတာ လည်း အားလုံးအသိပါပဲ။  ဖျက်အားပြင်းလက်နက် အကြောင်းပြ၊     တစ်ချိန်က    သူတို့ထောက်ခံခဲ့တဲ့ ဆက်ဒမ်ဟူစိန်ကိုပဲ အာဏာရှင် အကြောင်းပြပြီး အီရတ်ကို   ကျူးကျော်တိုက်ခိုက်ဖျက်ဆီးခဲ့တာ လည်း  သမိုင်းမှာ အမည်းစက်တစ်ခုအဖြစ်    စွန်း ထင်ခဲ့တာ မြင်ပါလိမ့်မယ်။ အာရပ်နွေဦးတော်လှန် ရေးလှိုင်းအောက်မှာ  လစ်ဗျားခေါင်းဆောင် ကဒါဖီ ကို ဖြုတ်ချချင်လို့    အာဏာရှင်အကြောင်းပြပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ကမ္ဘာ့သမိုင်းမှာ အထင်အရှားရှိခဲ့ပါတယ်။ ယခုလောလောဆယ် မပြီးဆုံးသေးတဲ့    ဆီးရီးယားပြည်တွင်းစစ်ကြီးမှာ လည်း ပါဝင်ပတ်သက်ခဲ့မှုတွေကြောင့် သွေးချောင်း စီးနေဆဲဖြစ်ပါတယ်။ 

 


ဝင်ရောက်စွက်ဖက်တိုက်ခိုက်ကျူးကျော်မှုများမှ
အဆိုးသက်ရောက်မှုများ


ဆိုလိုတာက ကမ္ဘာ့အရေးအခင်း၊    နိုင်ငံ ပြည်တွင်းရေးတွေမှာ အမေရိကန် ပါဝင်ပတ်သက် ခဲ့လို့ တည်ငြိမ်အေးချမ်းတိုးတက်သွားတဲ့   နိုင်ငံ မရှိသလောက်ပါပဲ။ အမေရိကန်နဲ့ အပေါင်းပါတွေရဲ့ စွက်ဖက်မှုခံရတဲ့နိုင်ငံတိုင်းမှာ      အမျိုးသားရေး လက္ခဏာတွေပျောက်ဆုံးပြီး   စည်းလုံးညီညွတ်မှုပြို ကွဲ၊ နိုင်ငံရေးမတည်မငြိမ်ဖြစ်၊ နိုင်ငံက အစိတ်စိတ် အမြွှာမြွှာဖြစ်၊   စီးပွားရေးကျဆင်း၊   ပြည်သူတွေ ဆင်းရဲမွဲတေ၊ ပြည်တွင်းစစ်ဒဏ်ကြောင့်   ထိခိုက် သေကျေပျက်စီးကြရ၊   နေရပ်စွန့်ခွာထွက်ပြေးကြ ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကြရ၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ   နောက်ကျပြီး   ကဏ္ဍတိုင်းမှာ ငြိမ်းချမ်းရေးနဲ့   ဖွံ့ဖြိုးတိုးတက်မှု   နှောင့်နှေး၊ နောက်ဆုံးဒေသအတွင်းသို့ပါ မတည်ငြိမ်မှု ကူးစက် ပြီး ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းမှုကိုလည်း   ပျက်စီးသွားစေ တာ များစွာတွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

 


နိုင်ငံတကာက ဝင်ရောက်တိုက်ခိုက်ခြယ်လှယ် ခံရတဲ့  ဘယ်နိုင်ငံဖြစ်ဖြစ်    ကာယကံရှင်   နိုင်ငံက ပြည်သူတွေအဖို့တော့   ဒီမိုကရေစီ   အရသာကို ကောင်းကောင်း မခံစားကြရဘဲ   ဒုက္ခပင်လယ်ဝေပြီး မြေစာပင်ဖြစ်ကြရတာများပါတယ်။ လူ့စွမ်းအား အရင်းအမြစ်တွေ များစွာဆုံးရှုံးပျက်စီးရပါတယ်။ ယခုဆိုရင် အမေရိကန်ရဲ့  ဝင်ရောက်စွက်ဖက်မှု ကြောင့် ဒေသတည်ငြိမ်ရေးနဲ့  ဖွံ့ဖြိုးတိုးတက်ရေးကိုထိန်းထားနိုင်တဲ့ အာဆီယံနိုင်ငံများအတွင်းမှာ လည်း   သဘောထားချင်းထပ်တူထပ်မျှ   မဖြစ်တာ တွေနဲ့အတူ  အက်ကြောင်းလေးတွေရှိလာနေတာ ကိုလည်း အထင်အရှား တွေ့နေရပါတယ်။ 

 


ခြိမ်းခြောက်မှုများကြားက အားသာချက်နှင့်
အခွင့်အလမ်းများရှိနေ 


သို့ပေမယ့် မြန်မာ့အရေးမှာတော့  အာဖဂန်၊ အီရတ်၊ လစ်ဗျား၊ ဆီးရီးယားစတဲ့  နိုင်ငံတွေနဲ့ မတူ ကွဲပြားခြားနားတဲ့   အကြောင်းတရားဖြစ်စဉ် အသွင် အပြင်နဲ့   အပြုအမူဆောင်ရွက်ချက်တွေကိုသာ သတိထား   တွေ့မြင်ရပါလိမ့်မယ်။      ကျွန်တော်တို့ နိုင်ငံနဲ့လူမျိုးတွေမှာ နက်ရှိုင်းသိမ်မွေ့ပြီး အစဉ်အလာ ကောင်းတွေနဲ့ပြည့်နေတဲ့ သမိုင်းနောက်ခံနဲ့ဘာသာ တရားယဉ်ကျေးမှုတွေ     ရှိနေပါတယ်။ ယုံကြည်မှုနဲ့  နားလည်မှုအချို့   လိုအပ်နေသေးပေမယ့် လက်တွဲ မဖြုတ်၊  သစ္စာမယွင်းတဲ့ တိုင်းရင်းသားတွေနဲ့အတူ စည်းလုံးညီညွတ်မှု   အခိုင်အမာ  ထာဝရရှိနေဆဲ ဖြစ်ပါတယ်။ 

 


မတည်ငြိမ်မှု   အနိဋ္ဌာရုံအချို့     ရှိနေပေမယ့် အမျိုးသား  ပြန်လည်ရင်ကြားစေ့ရေးနဲ့       တစ်မျိုး သားလုံးငြိမ်းချမ်းရေးအတွက်      အပေါင်းလက္ခဏာ သယ်ဆောင်ပေးနေတဲ့   ခေါင်းဆောင်တွေရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။     အတိတ်သင်ခန်းစာများကို ကောင်းစွာယူ၊    နိုင်ငံတကာနဲ့    ပြည်တွင်းအတွေ့ အကြုံများကို ရှာဖွေနိုင်စွမ်းရှိပြီး   ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်တွေနဲ့အတူ   အနာဂတ်နိုင်ငံတော်ကို ပုံဖော်မယ့် ခေါင်းဆောင်တွေရှိတဲ့နိုင်ငံလည်း ဖြစ်ပါ တယ်။ 

 


ဗြဟ္မစိုရ်တရားထွန်းကားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ကောင်းမြတ်တဲ့ဘာသာတရား     အဆုံးအမများ အောက်မှာ မျိုးချစ်စိတ်ပြည့်ဝပြီး အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေးနဲ့  တည်ငြိမ်မှုကို လိုလားပြီး ကိုယ်ကျင့်တရားနဲ့ ပညာရည်ပြည့်ဝတဲ့ ပြည်သူတွေ၊ ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့အတူ စည်းကမ်းနဲ့   စနစ်တကျရှိမှုကိုရှေ့ထားပြီး  ခေတ်မီ တိုးတက်အောင်    တည်ဆောက်နေတဲ့   တပ်မတော် တစ်ရပ်လည်းရှိပြီး ဖြစ်ပါတယ်။  ပထဝီနိုင်ငံရေးနဲ့ မဟာဗျူဟာအချက်အချာကျတဲ့ နိုင်ငံတစ်နိုင်ငံမှာ မတည်မငြိမ်ဖြစ်မှာ  မလိုလားတဲ့    ပတ်ဝန်းကျင် မိတ်ဆွေနိုင်ငံများလည်း    ရှိနေပါတယ်။ Unipolar ကနေ Multipolar ကမ္ဘာကို ကူးပြောင်းနေပြီး New world order ကမ္ဘာ့ပုံစံသစ် အခင်းအကျင်း အရ ယခင်ကလို   အင်အားကြီး      နိုင်ငံတစ်နိုင်ငံရဲ့ ကြိုးဆွဲရာအကခံမယ့်  နိုင်ငံတွေ ဒီကမ္ဘာမှာ    မရှိ သလောက် ရှားသွားပြီလည်း ဖြစ်ပါတယ်။ 

 


မြန်မာပြည်သူတွေအနေနဲ့တော့ ခေတ်အဆက် ဆက် အစိုးရအဆက်ဆက်မှာ   ဘယ်နိုင်ငံကဖြင့် မိမိနိုင်ငံကို  မတည်ငြိမ်  မငြိမ်းချမ်းအောင်၊ ဒုက္ခ ရောက်အောင် ဝင်စွက်ဖက်ခဲ့တယ်၊  ခြယ်လှယ်နေ တယ်၊    လုပ်လည်းလုပ်နေဆဲ    ဖြစ်တယ်ဆိုတာ မြင်အောင်ကြည့်စေချင်ပါတယ်။   ကိုယ်ကျိုးစီးပွား မပါဘဲ ဖြူစင်သန့်ရှင်းလွန်းတဲ့ နိုင်ငံရယ်လိုတော့ ကမ္ဘာမှာ မရှိပါဘူး။ ကိုယ့်တိုင်းပြည်၊  ကိုယ့်လူမျိုးတိုးတက်ကြီးပွားရေးအတွက်ဆိုရင် မိမိပြည်တွင်း အင်အားကသာ အဓိကပါ။ 

 


ကမ္ဘာကြီးကို ခြယ်လှယ်ဖို့ကြိုးစားနေတဲ့  အတ္တ အားကြီးနိုင်ငံအဖို့တော့  ဒေသတွင်း စိုးမိုးနိုင်ရေး မြန်မာလိုနိုင်ငံမျိုးကို   အကျိုးလိုလို့     ညောင်ရေ လောင်းပြီး အမြဲစွက်ဖက်ဖို့ ကြိုးစားနေမှာ   ဖြစ်တဲ့ အတွက်   အသိနဲ့သတိ    အမြဲရှိနေဖို့လိုအပ်နေမှာ ဖြစ်ပါတယ်။ အပြန်အလှန်စိုးမိုးဖို့   ကြိုးစားကြတဲ့ အင်အားကြီးတွေကြားမှာ       မြေစာပင်မဖြစ်ဖို့ ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ်  ကိုယ်ခံအားကောင်း အောင် တည်ဆောက်နေကြရမှာပဲ   ဖြစ်ပါတယ်။ နိုင်ငံအရေးနဲ့ပတ်သက်လာရင်     တိုင်းပြည်ကို ဖျက်ဆီးသူမဖြစ်မိအောင်၊ သမိုင်းနဲ့ ယဉ်ကျေးမှုကို ပျက်စီးစေသူမဖြစ်မိအောင်   ကြိုးစားရင်း တစ်ပါးသူ ကို အထင်ကြီးအားကိုးချင်စိတ်၊ တစ်ပါးနိုင်ငံကိုသာ သိက္ခာမရှိ  ချစ်ချင်တဲ့စိတ်၊ ပထွေးကိုအဖေတော်ချင် တဲ့ စိတ်တွေကို နိုင်ငံရေးအသိနဲ့ ဖြေဖျောက်ပစ်ရမှာပဲ ဖြစ်ပါတယ်။ 

 


ငြိမ်းချမ်းရေးကို    အမှန်တကယ်လိုလားရင် ပြည်ပအားကိုးချင်စိတ်တွေကို     ဖျောက်ဖျက်ပစ် ရမှာပဲ ဖြစ်ပါတယ်။ တကယ်တော့ တစ်ပါးနိုင်ငံကြီးရဲ့ သူ့မဟာဗျူဟာ အကျိုးစီးပွားသက်သက် ရည်ရွယ် ပြဋ္ဌာန်းထားတဲ့ NDAA ကိုသာ မျှော်ကိုးတမ်းတနေ မယ်ဆိုရင်တော့ ငြိမ်းချမ်းနေတဲ့ဒေသတွေမှာ ကမ္ဘာ မီးလောင်  သားကောင်ချနင်းလိုသူတွေ   ပြန်လည် နိုးထလာပြီး မတည်ငြိမ်ခြင်းတွေသာ    ပြန်လည် လွှမ်းမိုးလာမယ်ဆိုတာ အသေအချာ    ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။     ။