
နေပြည်တော် စက်တင်ဘာ ၁၉
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနား မြို့ စီတာပူရပ်ကွက် ဂျပန်လမ်းမကြီးအနီးတွင် အေးနိုင်လင်း မောင်းနှင် ပြီး မရူထု(ခ)အဘွတ် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၁၈ ကီလိုကို လည်းကောင်း၊ အလားတူ ယင်းနေ့ ည ၇ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ် လားရှိုး-မိုင်းယော်သွားကားလမ်း တာပုံကျေးရွာအုပ်စု တာပုံကျေးရွာနီးတွင် အိုက်ပွင့် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၂၂ ကီလိုကို လည်းကောင်း၊ ထို့အတူ စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲ တွင် တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ် တောင်ကြီး - မိုင်းပျဉ်းသွားကားလမ်း နန်းဟောင်းကျေးရွာအုပ်စု နောင်ပယ်ကျေးရွာအနီးတွင် ဖြိုးဝေကျော် (ခ) အောင်ဖြိုးဝင်း မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား