မြစ်ကြီးနား၊ လွိုင်ကော်၊ မောင်တော၊ ကျေးသီးနှင့် ပုသိမ်မြို့တို့တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော်   အောက်တိုဘာ   ၁၄  


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်   အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနားမြို့  မြို့သစ်ကြီးရပ်ကွက်နေ ငြိမ်းဇော်ဦး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလိုကို လည်းကောင်း၊ ယင်းနေ့ ညနေ ၆ နာရီ မိနစ် ၅၀ တွင် လွိုင်ကော်မြို့နယ် လွိုင်လင် လေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လွိုင်လင်လေးမြို့   အောင်တေဇရပ်ကွက်အနီးတွင်    မောင်သိန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၈၀၀ နှင့် ၇.၆၂ ကျည် ငါးတောင့်တို့ကို လည်းကောင်း။ 


ယင်းနေ့ မွန်းလွဲ ၃ နာရီတွင်   မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မောင်တော မြို့နယ် ငန်းချောင်းကျေးရွာအနီးတွင် မာမောက်အာယုတ် မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၉၅၀၀ ကို လည်းကောင်း၊ ယင်းနေ့ နံနက် ၇ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကျေးသီးမြို့နယ် မိုင်းနောင်မြို့ အမှတ်(၃)ရပ်ကွက် မြို့ဝင်စစ်ဆေးရေးဂိတ်အနီးတွင် စိုင်းလှကျော် မောင်းနှင်လာသည့် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၅၀၀၀ ကို လည်းကောင်း။


အောက်တိုဘာ ၁၂ ရက် နံနက် ၁၁ နာရီတွင် ပုသိမ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ် ဘုရားကြီး ကုန်းကျေးရွာအနီးတွင် အောင်မျိုးဦး မောင်းနှင်ပြီး ကျော်စွာ၊ စည်သူ ဇော်ဝင်းတို့  လိုက်ပါလာသည့်  ယာဉ်ကို   ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့ သဖြင့်  ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိ သည်။                                                                    

  ရဲပြန်ကြား