
နေပြည်တော် ဧပြီ ၂၃
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် နယ်မြေ(၇) လမ်းသွယ်(၁၄)တွင် မလထော်ခါးတောင်(ခ)အားတောင်ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၁၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက် ချက်အရ ညနေ ၅ နာရီ မိနစ် ၂၀ တွင် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၅၉ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၂၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ဧပြီ ၂၁ ရက် ညနေ ၆ နာရီတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ် (ဒု) ညောင်ပင်ကြီး ကျေးရွာအုပ်စု (ဒု)ညောင်ပင်ကြီးကျေးရွာရှိ လူနေထိုင်ခြင်းမရှိသည့် နေအိမ်အနီးတွင် အဒူမူနာ့ဖ်နှင့် မာမတ်အာယာ့စ် တို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်း ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀၀ ကို လည်းကောင်း။
အလားတူ ဧပြီ ၂၂ ရက် နံနက် ၁၀ နာရီခွဲတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ် အင်းဒင် ကျေးရွာအုပ်စု အင်းဒင်ကျေးရွာရှိ ပူးပေါင်းစစ်ဆေး ရေးဂိတ်တွင် Alphard အမျိုးအစား ခရီးသည်တင် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ခရီးသည် ဇော်ဝင်းနှင့် မောင်မောင်ထွန်းတို့ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၅၈၅၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရ ညနေ ၆ နာရီခွဲတွင် ရွှေဇားကပ္ပကောင်းကျေးရွာ အုပ်စု စေတီပြင်ကျေးရွာအနီးတွင် မာမောက် အီစ္စလာမ်နှင့် အာယုအာလီတို့ကို ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
ရဲပြန်ကြား