
ဆရာမဲဇာ
====
ကျန်းမာလိုလျှင် ကိုယ်တိုင်ဆောင်ရွက်သင့်သည့်လုပ်ငန်း ကိုးခု ရှိကြောင်း ကျွန်တော်ရေးခဲ့ပါသည်။ လျှော့ (၃) လျှော့၊ ဖြတ် (၃) ဖြတ်၊ ဆောင် (၃) ဆောင် ဟူ၍ အတိုကောက်မှတ်နိုင်ပါသည်။ ဆီစားသုံးမှု လျှော့ချရန်၊ အငန်စားသုံးမှုလျှော့ချရန်၊ အချိုမှုန့်ကဲ့သို့ သဘာဝမဟုတ်သောအရာများကို လျှော့စားရန် တိုက်တွန်းခဲ့ပါသည်။
လျှော့စားရန်တိုက်တွန်းရခြင်းသည် ဖြတ်၍မရသောကြောင့် ဖြစ်ပါ သည်။ ဆီကို မစား၍မဖြစ်ပါ။ ကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးပါသည်။ သို့ရာတွင် ကျန်းမာရေးထိခိုက်လောက်အောင် စားသုံးနေကြသဖြင့် မကူးစက်တတ်သောရောဂါများဖြစ်သော အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ ဖြစ်ခြင်းမှသည် ဆီးချိုရောဂါဖြစ်ကာ ခြေထောက်များ ဖြတ်ပစ်ရ သည်အထိ ဖြစ်နေသည်များကို တွေ့နေရလေသည်။ ထိုမျှမက ခေတ်ပေါ် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသူများထဲတွင် ဆီးချိုရောဂါအခံရှိသူများမှာ ထိပ်ဆုံးကဖြစ်ကြောင်း တွေ့နေရပါ သည်။
ကပ်ရောဂါဖြစ်နေချိန်ကျမှ ဆီလျှော့ပါ၊ အငန်လျှော့ပါ၊ အချိုမှုန့် လျှော့ပါဟု တိုက်တွန်းသောအခါ နောက်ကျသွားပါပြီ။ လျှော့မစားဘဲ စားချင်သလောက်စားခဲ့ကြသောကြောင့် ရောဂါအခံများ များနေချိန် ကျမှ ကိုယ်ခံအားကောင်းဖို့ လုပ်ကြပါဦးဟုဆိုသောအခါ လက်တွေ့ မကျတော့ပေ။ ဝမ်းရောဂါကပ်ဆိုက်နေချိန်ကျမှ “ယင်လုံအိမ်သာ ဆောက်ပါ” ဟု တိုက်တွန်းသလိုဖြစ်နေ၏။
နိုင်ငံတကာတွင် ဆောင်ရွက်
ကျန်းမာနေချိန်မှာ ပြတ်သားစွာလျှော့ချစားသုံးရမည့်ကိစ္စ ဖြစ်ပြီး အိမ်ရှင်မ၊ စားသောက်ဆိုင်ပိုင်ရှင်၊ အရောင်းဆိုင်များနှင့် လူ့အဖွဲ့အစည်းက ထိန်းချုပ်ပေးနိုင်သည့်လုပ်ငန်းများအဖြစ် နိုင်ငံ တကာတွင် ဆောင်ရွက်နေကြလေပြီ။ အထူးသဖြင့် ဆိုင်တင်ရောင်းချ သောအစားအသောက်များတွင် အဆီပါဝင်မှု၊ အချိုပါဝင်မှု၊ အငန် ပါဝင်မှုကအစ တိကျစွာဖော်ပြမှသာ အစာဆေးဝါးဌာန(FDA)များက ခွင့်ပြုမိန့်ထုတ်ပေးသည့်အလုပ်များ လုပ်လာကြလေသည်။
အစားအစာထုတ်လုပ်ရောင်းချမှု လုပ်ငန်းကြီးတစ်ခုလုံး၏ ဆက်နွှယ်မှုများတွင် (Supply Chain) တစ်လျှောက်လုံး၌ အားနည်း ချက်မရှိအောင် လုပ်ရသောတာဝန်သည် ကြီးမားလှ၏။ ယခုအခါ ကိုဗစ် - ၁၉ ရောဂါကပ်ဆိုး ကာကွယ်ရန်အတွက် ကာကွယ်ဆေးများ ကို ထုတ်လုပ်ရာမှ ထိုးနှံပေးသည်အထိ ဆက်စပ်ဆောင်ရွက်မှုများကို စံချိန်မီရန် ဆောင်ရွက်ရသကဲ့သို့ပင် စားသုံးသူလူထု၏ကျန်းမာရေး အတွက် ကျန်းမာစေသော အစားအသောက်များ (Safe Food) ရရှိရေး သည် အစားအစာဖူလုံမှု (Food Security) ကဲ့သို့ အရေးကြီးရုံမက အဓိကကျကြောင်း သုတေသနများက ဖော်ပြနေပါသည်။
စွဲနေသောအရာများ၊ အစားအစာများကို လျှော့ချစားသုံးရသည် မှာ ခက်ခဲလှပါသည်။ ထိုအရာများကို ဖြတ်တောက်ရတော့မည်ဆိုလျှင် ပို၍ပို၍ခက်တော့၏။ စာရေးသူအနေဖြင့် မဖြတ်နိုင်သောအရာများကို မဖြတ်ခိုင်းဘဲ လျှော့ချစားသုံးရန်သာ တိုက်တွန်းရဲပါသည်။ ကျန်းမာ ရေး ထိခိုက်လောက်အောင်၊ လူမှုရေးပြဿနာ ထွေပြားလောက်အောင် ဖြစ်လာသော စွဲလမ်းမှုမျိုးကိုမူ ပြတ်ပြတ်သားသားဖြတ်တောက်ရန် လိုတော့၏။
“ဖြတ်သုံးဖြတ်” ဖြတ်ကြရန် တိုက်တွန်းအဆိုပြုခဲ့၏။
(၁) ဆေးရွက်ကြီးအခြေခံ ဆေးလိပ်၊ စီးကရက်၊ ကွမ်းယာ ဖြတ်ပါ။
(၂) အရက်ဖြတ်ပါ။
(၃) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော အရာများကို ဖြတ်ပါဟူ၍ ဖြစ်ပါသည်။
ဤအရာအားလုံးသည် မိမိ၏ရွေးချယ်မှု (Personal Choice Behavior) ဖြစ်၍ မိမိကိုယ်တိုင်ဖြတ်မှရ၏။ စွဲလမ်းနေပြီဆိုလျှင်၊ လူမှုရေး၊ စီးပွားရေး၊ ပြဿနာများ ကြီးထွားလာပြီဆိုလျှင် ယတိပြတ် ဖြတ်ရုံမှတစ်ပါး အခြားမရှိ။ သတ္တိရှိသူတို့က အစိမ်းဖြတ်နည်း (Cold Turkey Method) ကို သုံးကြ၏။ ပြတ်လပ်မှုဒဏ်ကို အပြင်းအထန် ခံစားရပြီး သတ္တိရှိရှိ ကျော်လွှားနိုင်စွမ်းရှိသူများမှာ အောင်မြင်၏။
မိမိ၏ရွေးချယ်မှုသည် အကျိုးရှိ၊ မရှိ ကြိုတင်သိရှိနိုင်ရန်သာ အသိပညာပေးသူတို့ တတ်နိုင်ပါသည်။ ဆေးလိပ်၊ အရက်၊ မူးယစ် ဆေးဝါးများသည် သုံးစွဲမိလျှင် ဖြတ်ရခက်ကြောင်း အသိပေးရုံသာ တတ်နိုင်ပါ၏။ စမ်းသပ်ကြည့်ချင်၍ဖြစ်စေ၊ တွန်းပို့ခံရ၍ဖြစ်စေ စတင်သုံးဆောင်မိလျှင် တရိရိနှင့် ဒုက္ခများ ပင်လယ်ဝေလာတတ် ကြောင်းကို သုံးမိရာမှ စွဲလမ်းသွားသူတို့က ပို၍သိပါသည်။ ထိုသို့သိလာ သည့် အချိန်တွင် ဖြတ်၍မရတော့ခြင်း၊ အကြိမ်ကြိမ်ဖြတ်၍ အကြိမ်ကြိမ် ပြန်လည်သုံးစွဲမိခြင်းတို့ ဖြစ်လာလေသည်။
စွဲလမ်းမှုကို ဖြတ်ပါ
အဓိကအကြောင်းအရင်းမှာ စွဲလမ်းမှုပင်ဖြစ်ပါသည်။ ပုထုဇဉ် လူသားမှန်သမျှမှာလည်း အစွဲအလမ်းမကင်းကြပါ။ စွဲလမ်းမှု “တဏှာ” ကြောင့်သာ သံသရာလည်နေပြီး ထွက်ပေါက်ပိတ်နေသူအချင်းချင်း “စွဲလမ်းမှုကို ဖြတ်ပါ” ဟု ပြောရန်ခက်ပါသည်။ သို့ရာတွင် ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သေချာသည့်ဆေးလိပ်၊ အရက်၊ မူးယစ် ဆေးဝါးများအကြောင်းကို မသိဘဲ သုံးစွဲမိမည်စိုးသောကြောင့်သာ အထပ်ထပ်အခါခါ အသိပညာပေးနေရခြင်းဖြစ်ပါသည်။
အတွေ့အကြုံအရသုံးသပ်ရလျှင် ဆေးလိပ်သောက်သူများမှာ ကျန်းမာရေးထိခိုက်မှု တစ်ခုတည်းမဟုတ်ကြောင်း တွေ့ရပါ၏။ ဆေးရွက်ကြီးတွင် ပါဝင်သောဓာတ်ပစ္စည်းထောင်ပေါင်းများစွာသည် ကောင်းကျိုးမပေးကြောင်း သိလွန်းနေသော ဆရာဝန်များကိုယ်တိုင် ဆေးလိပ်သောက်၊ ဆေးလိပ်စွဲ၊ ဆေးလိပ်မဖြတ်ဘဲ နေကြသည်ဖြစ်၍ ဆေးလောကနှင့် ဝေးသောသူများမှာ ဆိုဖွယ်မရှိပါ။ အထူးသဖြင့် စီးကရက်များကို ထုတ်လုပ်သူများက သောက်မိလျှင် စွဲလမ်းသွားရန် အတွက် သိပ္ပံနည်းကျဖော်စပ်ထားကြောင်း သိလာရသောအခါတွင်မှ စီးကရက်အန္တရာယ်ကို ပို၍ကျယ်ကျယ်လောင်လောင် ပြောဆိုကန့်ကွက် လာကြရုံမက ဥပဒေများရေးဆွဲကာ အရေးယူမှုများပြုလုပ်လာကြခြင်း ဖြစ်ပါသည်။
ဆေးလိပ်သောက်သူမှာ “ကိုယ်ဖြစ်ကိုယ်ခံ” ဟု ပြော၍မရတော့ပါ။ ကိုယ်တိုင် ဆေးလိပ်မသောက်တတ်ဘဲနှင့် ဆေးငွေ့များ ရှူရှိုက်ရရင်း ရောဂါရသည့်အဖြစ်အပျက်များ မိသားစုအတွင်း၊ လူ့အဖွဲ့အစည်းအတွင်း အတွေ့ရများလာသဖြင့် ထိုဒုတိယအဆင့် ဆေးလိပ်အန္တရာယ်(Second Hand Smoking) ကို ကာကွယ်တားဆီးလာကြရပါသည်။
ထပ်မံ၍ သုတေသနပြုပြန်သောအခါ (Third Hand Smoking) ခေါ် တတိယအဆင့် ဆေးလိပ်အန္တရာယ်ကို တွေ့လာကြရပြန်ပါသည်။ ဆေးလိပ်သောက်သွားသူနေခဲ့သော အိမ်ခန်း၊ ရုံးခန်း၊ ဟိုတယ်ခန်း၊ ကား စသည်တို့တွင် ဆေးလိပ်ငွေ့များ၊ ဆေးလိပ်ဆီများ စွဲ၍ကျန်နေရာ ထိုနေရာသို့ရောက်သွားသူများမှာ ဆေးလိပ်လည်းမသောက်ရ၊ ဆေးလိပ် ငွေ့လည်းမရှူရဘဲနှင့် ဆေးလိပ်မှ အဆိပ်များကြောင့် ကျန်းမာရေး ထိခိုက်လာကြောင်း တွေ့ရလေသည်။ အထူးသဖြင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များမှာ အန္တရာယ်ရှိလာသဖြင့် သတိပြုရန် တိုက်တွန်းခြင်း၊ ဆေးလိပ်သောက်ခွင့် မပြုသောနေရာများ သတ်မှတ် ရာတွင် ဟိုတယ်ခန်းများကိုပါ သတ်မှတ်ခြင်းပြုလာကြရ ပါသည်။
ဥပဒေအရ တားမြစ်ပိတ်ပင်
ခေတ်ကလည်း “ကိုယ်ဖြစ်ကိုယ်ခံ” ခေတ်အဖြစ် ပြောင်းလဲလာ ခဲ့ရာ ဆေးလိပ်သောက်သူ၏အခွင့်အရေးအတွက် ဆေးလိပ်သောက်ရန် နေရာများကို စီစဉ်ပေးရန် သတ်မှတ်ကြပြန်ပါသည်။ စူပါမားကတ်ကြီး များ၊ ဈေးဆိုင်များထဲတွင် ဆေးလိပ်မသောက်ရသောအခါ အပြင်ဘက် တွင် ဆေးလိပ်ငွေ့ထောင်းထောင်းထအောင် ထွက်သောက်နေသူများ ရှိလာ၏။ ထိုသူများကို ထပ်မံကန့်သတ်သည့်အနေဖြင့် စင်ကာပူ နိုင်ငံတွင် လူစည်ကားရာ အောချတ်လမ်း (Orchard Road) တွင် ဆေးလိပ်လုံးဝမသောက်ရန် ကန့်သတ်လိုက်သည်မှာ မကြာသေးပါ။ လူတစ်ဦးချင်း၏အခွင့်အရေးနှင့် လူများစုကြီး၏အခွင့်အရေး ထိပ်တိုက်မတွေ့ရန် ဥပဒေအရ တားမြစ်ပိတ်ပင်ထားကြရပါသည်။
သို့သော်ဥပဒေဆိုသည်မှာ ထိရောက်စွာအရေးယူမှုမရှိပါက “စက္ကူကျား” သာလျှင် ဖြစ်ပါသည်။ စင်ကာပူနိုင်ငံတွင်မူ ကျန်းမာရေး ကို ဦးစားပေးပြီး လူများစုထိခိုက်စေမည့် ဥပဒေချိုးဖောက်မှုများကို မည်သို့ထိရောက်စွာအရေးယူသလဲဆိုသည်ကို သိလိုလျှင် လေ့လာ နိုင်ပါသည်။ နိုင်ငံကြီးသားတာဝန် (Civic Duty of Citizens) ကျေပွန်ဖို့ ရာ များများအရေးယူ၍ ဒဏ်ကြေးများများရိုက်သည့်နည်းကို တွင်တွင် သုံးစွဲနေရာတွင် ဆေးလိပ်သောက်သည့်ကိစ္စလည်းပါ၏။ ကွမ်းတံတွေးထွေးခြင်းကိစ္စလည်း ပါဝင်နေ၏။
ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ် ကြီးထွားလာရာတွင် ကွမ်းတံတွေး ထွေးခြင်း၏အန္တရာယ်ကို မြန်မာနိုင်ငံမှာလည်း အသိပညာပေးနေသည် ကို တွေ့ရ၏။ မြန်မာတို့၏ ၄၉ ရာခိုင်နှုန်းသည် ကွမ်းစားကြကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးရှိသူအများစုမှာ ရောဂါလက္ခဏာ မပြကြကြောင်း၊ ထိုသူများ၏ တံတွေးထဲတွင် ကိုဗစ်-၁၉ ပါဝင်မှုနှုန်းသည် ၉၀ ရာခိုင် နှုန်းကျော်ကျော်ရှိနေကြောင်း၊ သို့ဖြစ်၍ ကွမ်းတံတွေးများကို တွေ့ကရာ မထွေးကြရန် ပညာပေးထားသည်ကို တွေ့ရလေသည်။ နေရာအချို့ တွင် ကွမ်းတံတွေးထွေးလျှင် ဒဏ်ငွေမည်ရွေ့မည်မျှရိုက်မည်ဖြစ်ကြောင်း သတိပေးစာကပ်ထားသည်ကိုလည်း တွေ့ရ၏။ ပြောထား၊ ကန့်သတ် ထားသည့်အတိုင်းမလုပ်ဘဲ လူထုကျန်းမာရေးထိခိုက်အောင် လုပ်သူ များကို မည်သို့အရေးယူပြီးဖြစ်ကြောင်း ကြေညာချက်များတွင် ပေါ်ထွက်လာခြင်းမရှိသေးသည်ဖြစ်၍ လူတိုင်း၏ကျန်းမာရေးအတွက် အန္တရာယ်ရှိနေဆဲဖြစ်ပါသည်။
တစ်ဖက်ကကြည့်လျှင် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း သည် ဘာသာရေးအရအပြစ်မရှိပါ။ ဆေးလိပ်သောက်ခြင်းကို တစ်ကမ္ဘာလုံးက အားရပါးရ သောက်သုံးခဲ့ကြပြီး ဆေးရွက်ကြီးစိုက်ပျိုး ထုတ်လုပ်ခြင်း၊ ဆေးလိပ်စီးကရက်ထုတ်လုပ်ခြင်းကိုလည်း ယနေ့ ထက်ထိ ကန့်သတ်ပိတ်ပင်ခြင်းမရှိပါ။ ဆေးလိပ်လက်လီရောင်းသူများ နှင့် ဆေးလိပ်သောက်သူများကိုသာ ပစ်မှတ်ထား၍ အရေးယူနေခြင်း ကိုလည်း ရှားရှားပါးပါးတွေ့ရပါသည်။ သတ်မှတ်ထားသောဥပဒေမှာ လည်း လက်တွေ့ကျင့်သုံးရာ၌ အခက်အခဲများစွာရှိပါသည်။
ကွမ်းစားခြင်းမှာလည်း အရှေ့အလယ်ပိုင်းမှစ၍ အရှေ့တိုင်း တစ်ခွင်လုံး သုံးဆောင်နေကြကာ ဘာသာရေးအရ၊ လူမှုရေးအရ ကန့်သတ်မှုမရှိသဖြင့် အားရပါးရသုံးဆောင်နေကြပါသည်။ ကွမ်းစား ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများကြောင်း ပညာပေးမှုများမှာ လူတို့၏ အစဉ်အလာဓလေ့ထုံးစံများအကြားတွင် မှုန်ဝါးဝါးဖြစ်၍ နေပါသည်။
ဆေးလိပ်များ၊ စီးကရက်များ၊ ကွမ်းယာများတွင် ဘာတွေ ကောင်း၍ သုံးဆောင်သည်ကို မသိကြသလို ဘာတွေမကောင်း၍ ဖြတ်ကြသည်ကိုလည်း တိုင်းတာရန်မလွယ်ပါ။
ကြိုက်၍ သုံးသည်။ သို့သော် မကြိုက်သူများသောကြောင့် ဖြတ်သည်ဟူ၍သာ---။
p
- Log in to post comments