မောက်မယ်မြို့နယ် ရိုးရာဓလေ့(လွယ်ဝေါ်ကျောက်တောင်ပူဇော်ပသပွဲ) ကျောက်တောင်းပွဲကျင်းပ

မောက်မယ်   ဇွန်   ၂၂ 
ရှမ်းပြည်နယ်(တောင်ပိုင်း) မောက်မယ်မြို့နယ်၌ နမ့်လွတ်ကျေးရွာ အုပ်စုအရှေ့ဘက်ရှိ ဂေါ်ဒန်ကျောက်တောင်(လွယ်ဝေါ်ကျောက်တောင် နတ်ပူဇော်ပသပွဲ)ကျောက်တောင်းပွဲကို ရှမ်းရိုးရာဓလေ့ထုံးတမ်းစဉ်လာ များအရ ရှေးဟောင်းမောက်စံဘုန်းတော်ကြီးကျောင်း ဂေါ်ဒန်ကျောက် နတ်စင်တွင် နှစ်စဉ်နယုန်လပြည့်နေ့ရောက်တိုင်း ကျင်းပလေ့ရှိသည့် ကျောက်တောင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။ 
ထိုကျောက်တောင်းပွဲကို ဂေါ်ဒန်ကျောက်လုပ်ငန်း လုပ်ကိုင်နေကြ သော လုပ်ငန်းရှင်များပူးပေါင်းပြီး နှစ်စဉ်ကျင်းပခြင်းကြောင့် မိုးလေဝသ မှန်ခြင်း၊ ဂေါ်ဒန်ကျောက်တောင်မှ ကျောက်အများအပြားထွက်ရှိပြီး ဘိလပ်မြေစက်ရုံသို့   တင်ပို့ရောင်းချနိုင်ခြင်း၊  ကျောက်တွင်း အလုပ် သမားများ သဘာဝဘေးအန္တရာယ်မှ ကင်းဝေးခြင်းတို့ အယူရှိကြသည်။ ဇွန် ၂၁ ရက် နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုရှိ ကျေးရွာ များက ပင့်ဖိတ်ထားသည့် သံဃာတော်များအား အဆိုပါကျောင်းတွင် နေ့ဆွမ်းနှင့်   ဘောဇဉ်၊  ခဲဖွယ်၊  ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့ပြင် ရပ်ဝေးရပ်နီးမှ ကြွရောက် လာကြသော  မိတ်ဆွေများအား ထမင်းထုပ်များဖြင့် မျှဝေခဲ့ကြပြီး နေ့လယ်ပိုင်းတွင်   ရှမ်းအိုးစည်ဗုံမောင်းများတီး၍  လူဖိုင်း(ခေါ်)မီးရှူး လွှတ်တင်ကြသည့် ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ရှေးထုံးစဉ်လာ ဘိုးဘွားစဉ်ဆက်မိရိုးဖလာ အမူအကျင့်တစ်ခုပင်ဖြစ်ကြောင်း သိရ သည်။                             စိုင်းမျိုးသန့်(မောက်မယ်)