မြောက်ဥက္ကလာပမြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူများကို ပြစ်ဒဏ်အသီးသီးချမှတ်

 

နေပြည်တော်  မတ်   ၃၁


ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် အင်းစိန်မြို့နယ်နေ ဆုဝေနှင်း(ဘ)ဦးတင့်လွင်၊ ဆုမြတ်သွယ်(ဘ)ဦးစိန်မိုး၊ ခိုင်မင်းထွန်း (ခ)နေမင်း(ဘ)ဦးလှနိုင်၊  ဉာဏ်ဟိန်းထက်(ခ)ကိုထက်(ခ)ယုန်လေး(ဘ)ဦးစိုးဝင်း၊ ပြည့်ဖြိုးသူ(ခ)ကိုစိုင်း(ခ)စိုင်းသူ(ဘ)ဦးအေးသန်း၊ ရဲရင့်ဖြိုး(ခ)ပီတာပို(ဘ) ဦးညီညီလွင်၊  ဝေမိုးနိုင်(ခ)ဝင်းလွင်ဦး (ဘ) ဦးခင်ထွန်းနှင့်   သန်းဇော်(ခ)ဝတုတ်(ခ)ကျောင်းဆရာ(ဘ) ဦးမောင်တို့သည် မြောက်ဥက္ကလာပမြို့နယ် (ဇ)ရပ်ကွက်ရှိ Wifi ကားရေဆေးဆိုင်မှ ဆိုင်ရှင်ဖြစ်သူအား သုနန္ဒာလမ်းနှင့် မေဓာဝီလမ်းဆုံ၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး နိုင်ငံတော်က သတ်မှတ်ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ လက်အောက်ခံအဖြစ် အများပြည်သူ၏ လုံခြုံရေးကို ထိခိုက်ဆုံးရှုံးစေရန် အကြမ်းဖက်မှုကျူးလွန်ခဲ့ခြင်းကြောင့်လည်းကောင်း၊ ဆုမြတ်သွယ်(ဘ)ဦးစိန်မိုး၊ ခိုင်မင်းထွန်း (ခ)နေမင်း(ဘ) ဦးလှနိုင်၊ ဉာဏ်ဟိန်းထက်(ခ)ကိုထက်(ခ)ယုန်လေး(ဘ)ဦးစိုးဝင်း၊ ပြည့်ဖြိုးသူ(ခ) ကိုစိုင်း(ခ)စိုင်းသူ(ဘ)ဦးအေးသန်း၊ ရဲရင့်ဖြိုး(ခ)ပီတာပို(ဘ) ဦးညီညီလွင်၊ ဝေမိုးနိုင်(ခ) ဝင်းလွင်ဦး(ဘ)ဦးခင်ထွန်း၊ သန်းဇော်(ခ)ဝတုတ်(ခ) ကျောင်းဆရာ(ဘ) ဦးမောင်နှင့် ကိုလတ်တို့သည် မြောက်ဥက္ကလာပမြို့မရဲစခန်းအပါအဝင် အများပြည်သူများ သွားလာလျက်ရှိသည့်နေရာများ၊ လုံခြုံရေး စခန်းများ၊ ဘဏ်များ၊ နိုင်ငံပိုင်အဆောက်အဦများနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ငယ်များ၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းများကို လုပ်ဆောင် ခဲ့ခြင်းတို့ကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ အရ ၂၀၂၂ ခုနှစ်၊ မတ် ၃၀ ရက်တွင် ၎င်းတို့အား“သေဒဏ်” ပြစ်ဒဏ်ကို အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

 


အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

 


စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့်  စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန် ပါက  စစ်ခုံရုံးဖွဲ့၍   စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက်  မြန်မြန်ဆန်ဆန်  အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                                                            

သတင်းစဉ်