
မော်လမြိုင်ကျွန်း ဇွန် ၁၀
မော်လမြိုင်ကျွန်းမြို့မှ အောက်မရမ်းချောင်းကျေးရွာသို့ စက်လှေမောင်း ဦးထွန်းထွန်းလတ် (၄၅နှစ်) မောင်းနှင်ပြီး ဒီဇယ် တစ်ပီပါ တင်ဆောင် လာသည့် မျှော်ရင်ရောက်ပြီ အမည်ရှိ စက်လှေသည် ဇွန် ၉ ရက် ညနေ ၆နာရီ ၂၅ မိနစ်တွင် မော်လမြိုင်ကျွန်းမြို့ အမှတ် (၉) ရပ်ကွက် တုံးလှဲချောင်းမြစ်အတွင်း၌ မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိ ပြည်သူတစ်ဦးက မြို့နယ်မီးသတ်စခန်းသို့ သတင်းပေးပို့ အကြောင်း ကြားခဲ့သဖြင့် မော်လမြိုင်ကျွန်းမြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ် ဦးစီးမှူး ဦးမျိုးဇော်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ် (၉) ရပ်ကွက် ဒေသခံပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီတွင် မီးငြိမ်းသွားသည်။
မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဂက်(စ်)မီးဖိုဖြင့် ထမင်းချက်ထားရာမှ အနီးရှိဒီဇယ်ပီပါသို့ မီးကူးစက်လောင်ခြင်းဖြစ်ကြောင်း၊ မီးလောင်မှု ကြောင့် စက်လှေမောင်း ဦးထွန်းထွန်းလတ်မှာခြေသလုံးနှင့် လက်များ မီးလောင်ဒဏ်ရာရရှိပြီး မော်လမြိုင်ကျွန်းမြို့နယ် ခုတင် ၁၀၀ ဆေးရုံသို့ တက်ရောက်ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ စက်လှေမောင်း ထွန်းထွန်းလတ် (၄၅ နှစ်)အား မော်လမြိုင်ကျွန်းမြို့နယ်ရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။
မော်ကျွန်းမြင့်အောင်