
မော်လမြိုင် ဩဂုတ် ၂၀
မွန်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အထူးကု ဆရာဝန်ကြီးများနှင့်အတူ ကုသရေးဦးစီးဌာနနှင့် MoU လက်မှတ်ရေးထိုးထားသော Japan Heart အဖွဲ့ သည် Dai-ichi life Insurance နှင့်ပူးပေါင်း၍ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်၊ (သွားကျန်းမာ)တို့က ဦးစီး၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လွိုင်လင်မြို့ ပြည်သူ့ဆေးရုံကြီးတို့မှ သွားနှင့် ခံတွင်း အထူးကုဆရာဝန်ကြီးများက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆောင်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များအား အခမဲ့ခွဲစိတ်ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှု ကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မော်လမြိုင် မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ကြပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေး ငယ်များအား အခမဲ့စမ်းသပ် ခြင်း၊ အခမဲ့ခွဲစိတ်ကုသပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေး ခြင်း၊ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ဆေးကုသမှု ခံယူလျက်ရှိသည့် ကလေးငယ် လူနာများနှင့် မိသားစုများကို ရင်းရင်းနှီးနှီး လိုက်လံအားပေး စကား ပြောကြားပြီး လိုအပ်သည့်ဆေးဝါးများ ထောက်ပံ့ ပေးအပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် က အထူးကုဆရာဝန်ကြီးများကို ကျေးဇူးတင်စကားပြောကြားကာ အမှတ်တရ လက်ဆောင်ပစ္စည်း များ ပေးအပ်ခဲ့သည်။
အဆိုပါနှုတ်ခမ်းကွဲ၊ အာခေါင် ကွဲလူနာများ ခွဲစိတ်ကုသမှုများကို မော်လမြိုင်မြို့ အထွေထွေရောဂါ ကုပြည်သူ့ဆေးရုံကြီး၌ ဩဂုတ် ၂၀ ရက်မှ ၂၂ ရက်အထိ နှုတ်ခမ်း ကွဲ၊ အာခေါင်ကွဲ ကလေးငယ်လူနာ ၃၀ ကို ခွဲစိတ်ကုသမှုဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
သက်နိုင်(မော်လမြိုင်)