မော်လမြိုင်မြို့ မင်းရွာကျေးရွာ ရော်ဘာခြံအတွင်း သေဆုံးမှုတွင် ထွက်ပြေးတိမ်းရှောင်နေသူများအား ဖမ်းဆီးရမိ

 

မော်လမြိုင်      ဧပြီ    ၃၀  


မော်လမြိုင်မြို့   မင်းရွာကျေးရွာ   အား/ကာသိပ္ပံ ကျောင်းရှေ့ ကားလမ်းဘေး ရော်ဘာခြံအတွင်း ဧပြီ ၂၅ ရက် နံနက် ၉ နာရီခွဲခန့်က  ဦးခေါင်းနောက်စေ့ပေါက်ပြဲ  ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍  ဝေယံနှင့် အောင်မြတ်ရဲရင့် (ခ) သားကြီး  တို့နှစ်ဦးသည် မြဝတီမြို့ဘက်သို့       ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ မော်လမြိုင်ဘက်သို့ ပြန်လည်ထွက်ခွာလာကြောင်း သတင်းအရ ၎င်းတို့၏နေအိမ်အား  စောင့်ကြည့်ခဲ့ရာ ဝေယံ (၁၇ နှစ်) (ဘ)ဦးစိုးမင်း ဘန်မွေးကုန်းလမ်း ကျွဲခြံကုန်းရပ်ကွက် မော်လမြိုင်မြို့နေသူနှင့် အောင်မြတ် ရဲရင့် (ခ) သားကြီး  (၁၉  နှစ်)     (ဘ)  ဦးကိုကိုလေး (၁) လမ်း မြိုင်သာယာရပ်ကွက်နေသူတို့နှစ်ဦးမှာ မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်  ရွှေနှင်းဆီလမ်း ရှိ အစ်ကိုဖြစ်သူ ငြိမ်းပြည့်ပြည့်မောင် (ခ) ပြည့်စုံ၏ နေအိမ်သို့ ရောက်ရှိလာသဖြင့် ဧပြီ ၂၆ ရက် ညနေ ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။

 


၎င်းတို့နှစ်ဦး၏  ထွက်ဆိုချက်အရ   လူသတ်၍ ယူဆောင်သွားသည့်    Honda Wave Alpha 110 အမျိုးအစား   ဆိုင်ကယ်    ကာလတန်ဖိုးငွေကျပ် ၁၄ သိန်းခန့်အား မြ၀တီမြို့ အမှတ် (၅ )ရပ်ကွက်ရှိ အပေါင်ဆိုင်၌ ငွေကျပ် ခြောက်သိန်းဖြင့် ပေါင်နှံခဲ့ကြောင်း နှင့်  Mi အမျိုးအစား ခဲရောင်ဖုန်းအား ကျိုက်မရောမြို့နယ် ကော့ဒွန်းရွာ ကားလမ်းဘေးရှိ ဓာတ်ဆီဆိုင်တွင် ဆီဖြည့် ၍ ၎င်းဖုန်းအားပေးခဲ့ကြောင်းသိရှိရသဖြင့်   သက်သေခံ ပစ္စည်းများကို ပြန်လည်သိမ်းဆည်းရမိခဲ့သည်။

 


ဖြစ်စဉ်နှင့်ပတ်သက်၍ ဝေယံနှင့် အောင်မြတ်ရဲရင့် (ခ) သားကြီးတို့နှစ်ဦးအား ထိရောက်ပြစ်ဒဏ်ရရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


ခရိုင်(ပြန်/ဆက်)