
မြိတ် ဇွန် ၁၄
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြန်မာ - ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မောတောင် - ဆင်းခွန် နယ်စပ်ဂိတ်မှ ကုန်သွယ်သည့်အနေအထားများမြင့်တက်လာနေသည့်အပြင် ကုန်သွယ်မှုလမ်းကြောင်းများ လည်း ကောင်းမွန်လာနေသည့်အတွက် လုပ်ငန်းရှင်များစိတ်ဝင်စားမှု ပိုမိုများပြားလာကြောင်း လုပ်ငန်းရှင် များထံမှ သိရသည်။
“ရေထွက်ကုန်ကတော့ အဓိကတင်ပို့တာရှိပါ တယ်။ အဲဒီအပြင် စိုက်ပျိုးရေးထွက်ကုန်တွေဖြစ်တဲ့ ငရုတ်သီး၊ ငှက်ပျောသီး၊ ကြက်သွန်နီတွေ တင်ပို့ နေတာရှိတယ်။ သွင်းကုန်အနေနဲ့ သစ်သီးဝလံတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေ တင်သွင်းတာရှိပါတယ်။ ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်နေတာရှိတဲ့အတွက် လုပ်ငန်းရှင်တွေနဲ့ဒေသခံတွေအတွက်လည်း အဆင်ပြေနေတဲ့အနေ အထားမှာရှိနေပါတယ်” ဟု မြိတ်မြို့မှ ကုန်သည် တစ်ဦးက ပြောကြားသည်။
မောတောင်ကုန်သွယ်ရေး စခန်းအနေဖြင့် ကုန်သွယ်မှုအခြေအနေမှာ ယခုနှစ် ၂၀၂၄ ခုနှစ် ဇွန် ၅ ရက်မှ ၈ ရက်အထိ လေးရက်တာကာလ အတွင်းမှာပင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၂၂၀ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၀ ဒသမ ၀၁၅၇ သန်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၃၇၇ သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ကြောင်း နယ်စပ် ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်း များအရ သိရသည်။
“ကုန်သွယ်မှုအနေအထားက အတော်လေး မြင့်တက်လာနေတယ်။ ထိုင်းနိုင်ငံဘက်ကလည်း ဆင်းခွန်နယ်စပ်ဂိတ်ကို အမြဲတမ်းဂိတ်အဖြစ် ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ အနောက်ဘက် စင်္ကြံလမ်းကြောင်းတစ်ခုကို ထိုင်းနိုင်ငံက စီမံကိန်း ဆွဲနေပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း အဲဒီနယ်စပ် ဂိတ်ကို အမြဲတမ်းဂိတ်အဖြစ် တိုးမြင့်ဆောင်ရွက် သွားဖို့ တွန်းအားပေးနေတာတွေ့ရတယ်။ ဘန်ကောက် နဲ့အနီးဆုံး လမ်းကြောင်းပေါ်မှာလည်း တည်ရှိ နေတဲ့အတွက် မောတောင် - ဆင်းခွန်ဂိတ်အနေနဲ့ မကြာခင်မှာ ကုန်သွယ်မှု ဒီထက်မက အားကောင်း လာဖို့ရှိနေပါတယ်” ဟု မြန်မာ - ထိုင်းကုန်သွယ်မှုဆောင်ရွက်နေသူတစ်ဦးက ပြောကြားသည်။
မောတောင်နယ်စပ်ဂိတ်ကို မြန်မာနိုင်ငံက အမြဲတမ်းဂိတ်အဖြစ် ဖွင့်လှစ်ထားသည်မှာ ဆယ်စု နှစ်တစ်ခုကျော် ကြာမြင့်နေပြီဖြစ်သော်လည်း ထိုင်းနိုင်ငံရှိဆင်းခွန်ဂိတ်မှာ အထူးယာယီနယ်စပ် ဂိတ်အဖြစ်သာရှိနေကြောင်းနှင့် ကုန်သွယ်မှု အားကောင်းလာမည့် အနေအထားရှိနေသည့်အတွက် ထိုင်းနိုင်ငံရှိလုပ်ငန်းရှင်များနှင့် အရပ်ဘက်အဖွဲ့ အစည်းကလည်း ဆင်းခွန်နယ်စပ်ဂိတ်ကို အမြဲတမ်း ဂိတ်အဖြစ်တိုးမြှင့်ဖွင့်လှစ်ရန် ထိုင်းအစိုးရအား တိုက်တွန်းမှုများရှိနေကြောင်း သိရသည်။
မြိတ်မြို့မှ မောတောင်မြို့သို့ မိုင် ၁၂၀ ကျော် ကွာဝေးသည့် အနေအထားတွင် ကုန်ကားတစ်စီးကို သယ်ယူပို့ဆောင်စရိတ်အနေဖြင့် ကျပ်ခုနစ်သိန်းခန့် ရှိသော်လည်း လမ်းခရီးတွင်ကုန်ကျမှုထိုထက်မကပိုမိုများပြားမှုလည်းရှိနေကြောင်း သိရသည်။
မြင့်ဦး (မြိတ်)