မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

 

နေပြည်တော် ဩဂုတ် ၂၆

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၉)ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟို ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ရရှိထားသူများအနေဖြင့် လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရယူသည့်နည်းတူ မြေခွန်တော်များကို ဥပဒေနှင့်အညီ ပေးအပ်ရန် တာဝန်ရှိပါကြောင်း၊ ပေးအပ်ခြင်းမပြုပါက အစည်းအဝေးများတွင် အတည်ပြုဖွဲ့စည်းထားသည့် အထူးအဖွဲ့များဖြင့် ကွင်းဆင်းစိစစ်ပြီး ဥပဒေနှင့် အညီ ထိ‌ရောက်စွာ အရေးယူ‌ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြား သည်။ (ယာပုံ)

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်းအရာများအလိုက်တင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။

ယနေ့ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဗဟို ကော်မတီ၏ (၂၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လက်ရှိ အစိုးရကာလ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသည့် အမှုတွဲများအား စိစစ်တင်ပြခြင်းဆိုင်ရာကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၂၅/၂၀၂၀) နှင့် (၂၄/၂၀၂၀) အစည်းအဝေးဆုံးဖြတ်ချက်များအရ ပြန်လည်စိစစ်ရန် အကြောင်းကြားခြင်းအပေါ် ပြန်လည်တင်ပြလာသည့် ကိစ္စရပ်များ၊ ယခင် ဗဟို အဖွဲ့က ခွင့်ပြုထားသည့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများအား ပြန်လည် အပ်နှံခွင့်ပြုပါရန် လျှောက်ထားလာခြင်း ကိစ္စရပ်များ၊ ယခုအစိုးရကာလ သက်ဆိုင်ရာဝန်ကြီးဌာနများက သဘောထားမှတ်ချက် ပြန်ကြားလာသည့် အမှုတွဲများ စိစစ်တင်ပြခြင်းကိစ္စရပ်များ၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများသည် ဥပဒေပုဒ်မ ၁၆ ၊ ပုဒ်မခွဲ (ဃ)ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပြီး ပေးဆောင်ရမည့် မြေခွန်များကို ပေးဆောင်ရန် ပျက်ကွက်နေမှုအား ဥပဒေပုဒ်မ ၂၁ နှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပေးထားသည့် အထူး အဖွဲ့များအား အစားထိုးပြင်ဆင်ဖွဲ့စည်းပေးခြင်း ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် အသုံးပြုခွင့်၊ လုပ်ပိုင်ခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်းအား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းကိစ္စရပ်များ နှင့် ကျေးရွာသုံး ထင်းစိုက်ခင်းနယ်မြေ သတ်မှတ်ရေးကိစ္စ၊ ဒေသခံ တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာအရ သတ်မှတ်နယ်မြေများ ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်