မေတ္တာအခါတော်

ဝါခေါင်လပြည့်နေ့သည်    “မေတ္တာအခါတော်နေ့”    ဖြစ်သည်။ မြတ်စွာဘုရား   သက်တော်ထင်ရှားရှိစဉ် အခါတစ်ပါး၌  ငါးရာသော ရဟန်းတို့သည် ၎င်းတို့၏ စရိုက်အားလျော်စွာ ဘုရားရှင်ပေးတော် မူအပ်သော  ကမ္မဋ္ဌာန်းတို့ကို  အသီးသီးယူခဲ့ကြပြီး  ဟိမဝန္တာနှင့် တစ်စပ်တည်းသောအရပ်၌  သီတင်းသုံးကြ၏။ ထိုအခါ ရဟန်းတော် တို့၏ သီလတန်ခိုးအာနုဘော်ကြောင့် ရုက္ခစိုးနတ်တို့ မနေသာ၊ မထိုင် သာတော့သဖြင့် ညဉ့်အခါ ရဟန်းတော်တို့ တရားအားထုတ်နေစဉ် ကြောက်မက်ဖွယ်အာရုံအမျိုးမျိုး၊ အထူးထူးအထွေထွေပြုလုပ်ကာ ခြောက်လှန့်ကြ၏။ ထိုအခါ ရဟန်းတော်တို့မှာ စိတ်နှလုံး တုန်လှုပ်ကြ သဖြင့် ညှိုးနွမ်းကြုံလှီကာ သမာဓိကိုမရကြသဖြင့်  ဤအရပ်သည် ပတိရူပဒေသမဟုတ်ဟူ၍ တိုင်ပင်ကာ မြတ်စွာဘုရားထံ အကျိုး အကြောင်း လျှောက်ထားရာမှ  မြတ်စွာဘုရားက မေတ္တသုတ်ပရိတ် တော်ကို သင်ကြားပေးပြီး ဤမေတ္တသုတ်ပရိတ်ကို တစ်လရှစ်ကြိမ် စုဝေး၍ သရဇ္စျာယ်ကြရန်၊  မေတ္တသုတ်  ပရိတ်တော်လာ   တရား စကားတို့ကို ဆွေးနွေးမေးမြန်းကြရန်လည်း မိန့်ကြားတော်မူလိုက် သည်။


မေတ္တသုတ်ကို အကြောင်းပြု၍ ရုက္ခစိုးနတ်တို့၏ ခြောက်လှန့်မှု များ ပျောက်ကွယ်သွားသည်သာမက  ရဟန်းတော်တို့ကို အလုပ် အကျွေးပြုလာကြသည်ဖြစ်၍ တရားအလုပ်ကို ပြီးမြောက်အောင် ပြုလုပ်နိုင်ခဲ့ကြသည်။ မေတ္တာတရားကိုအခြေပြု၍ ဝိပဿနာကို ပွားစေကုန်ပြီး အရဟတ္တဖိုလ်သို့ ရောက်ကြသည်။ မေတ္တာဘာဝနာ ပွားမည့်သူသည် သိက္ခာသုံးပါး အကျင့်များကို ပြုကျင့်ရမည်။ ပြုကျင့် နိုင်စွမ်း ရှိရမည်။ ဖြောင့်မတ်ရမည်။ ပညာရှိတို့ ဆိုဆုံးမလွယ်ရမည်။ နူးညံ့သိမ်မွေ့ရမည်။  မာန်မာနကင်းရမည်။  ရောင့်ရဲလွယ်ရမည်။ အမွေးအမြူ လွယ်ရမည်။  ကိစ္စနည်းပါးရမည်။ ပေါ့ပါးသူ ဖြစ်ရမည်။ ငြိမ်သက်သော ဣန္ဒြေ ရှိရမည်။ ရင့်ကျက်သော ပညာရှိရမည်။ မကြမ်း တမ်း မရိုင်းပြသူ ဖြစ်ရမည်။  လူ (ဒါယကာ) တို့၌ တွယ်တာမက်မော ခြင်း မရှိသူဖြစ်ရမည်။  ပညာရှိတို့  ကဲ့ရဲ့ပြစ်တင်မည့်ကိစ္စမျိုးကို အသေးအဖွဲပင်ဖြစ်စေကာမူ မပြုကျင့်ရဟူ၍ မေတ္တသုတ်၌ လမ်းညွှန် ထားသည်။


ထို့နောက်  သတ္တဝါမှန်သမျှ ကိုယ်ချမ်းသာကြပါစေ၊ ဘေးရန် ကင်းဝေး အေးချမ်းပါစေ၊ စိတ်လည်းချမ်းသာကြပါစေဟူ၍ မေတ္တာ ပို့ကြရမည်။   လူတစ်ယောက်နှင့်တစ်ယောက် လိမ်ညာလှည့်ဖြား စဉ်းလဲ    လှည့်ပတ်မှု   မပြုကြပါစေနှင့်။    လူတစ်ယောက်နှင့် တစ်ယောက်  နှိမ်ချဖိနှိပ်သောစကား မထီမဲ့မြင်တို့ မပြုကြပါစေနှင့်။ လူတစ်ယောက်နှင့်တစ်ယောက် ဒုက္ခဆင်းရဲရောက်ရသည့် အဖြစ်ကို အလိုမရှိကြပါစေနှင့်ဟူ၍လည်း ဆန္ဒပြုကြရမည်။ ခပ်သိမ်းသော သတ္တဝါတို့အပေါ်တွင် မေတ္တာစိတ်ပွားရာတွင် မိခင်သည် တစ်ဦး တည်းသော သားအပေါ်တွင် အသက်တမျှထားသည့်  မေတ္တာမျိုး ထားရှိရန်လည်း လမ်းညွှန်ထားပြီး မေတ္တာစျာန်သတိကို ရပ်လျက်ဖြစ် စေ၊  သွားလျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ၊ လျောင်းလျက်ဖြစ်စေ စွဲစွဲမြဲမြဲ ဆောက်တည်နေထိုင်ခြင်းကို ဗြဟ္မဝိဟာရခေါ် ထူးမြတ်သော နေခြင်းမျိုးဟူ၍လည်း မေတ္တသုတ်၌ ပြဆိုထားသည်။  


မေတ္တာစျာန်ရပြီးသော ယောဂီသည် မှားသောအယူသို့လည်း မကပ်၊ သီလလည်းရှိ၍ မဂ်ဉာဏ်နှင့် ပြည့်စုံသူဖြစ်လျက် ကိလေသာ တွယ်တာခြင်းတို့ကို အရှင်းပယ်ရှားပြီးသော် နောက်တစ်ဖန် ပဋိသန္ဓေ မနေရတော့သည်ဖြစ်ရာ မေတ္တာစျာန်ဖြင့်  နိဗ္ဗာန်သို့ပင်  ရောက်နိုင် ကြောင်း ဘုရားရှင်က ဟောကြားခဲ့သည်။ 
ယနေ့ကမ္ဘာကြီးသည်   လောဘ၊ ဒေါသ၊ မောဟ  ဟူသော ကိလေသာမီးတို့ကြောင့် မအေးချမ်းနိုင်သည့်အဖြစ်နှင့် ရင်ဆိုင်နေကြ ရသည်။ ကိလေသာတို့ ကြီးမားခြင်းကြောင့် ‌ပေါ်ပေါက်လာသည့် ကပ်ဘေးတို့နှင့်လည်း ကြုံတွေ့နေကြရသည်။   ပူလောင်နေသည့် ကမ္ဘာကို  အအေးဓာတ်တို့  လွှမ်းပတ်နိုင်ရန်မှာ မေတ္တာသည်သာ ငြှိမ်းသတ်နိုင်သည့် တရားဖြစ်သည့်အလျောက်     လူတိုင်းကိုယ်စီက   မေတ္တာ (အဒေါသ)  ကို     ကိုယ်စီကျင့်သုံးကာ    ငြိမ်းချမ်းနိုင်ကြပါစေ  ကြောင်း။       ။