မေတ္တာတရား၊ ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စု

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

ငြိမ်းချမ်းသည့်နိုင်ငံ၊ သာသနာရောင်ဝါထွန်းသည့်နိုင်ငံ၊ အယူဝါဒစုံ တို့ အတူတကွ ပွင့်လန်းနိုင်သည့်နိုင်ငံ၊ တောင်ပေါ်မြေပြန့်မခွဲ ပြည်ထောင်စုသားအားလုံး တန်းတူညီမျှ ရှိနိုင်၊ ခံစားနိုင်ကြသည့် နိုင်ငံပေါ်ထွန်းပါစေ စသည့်ဆုတောင်းများဖြင့် ပြည်သူတို့ မျှော်လင့်နေခဲ့ကြသည်မှာ နှစ်ရှည်ကြာခဲ့ပြီ။
တောင့်တ ငံ့လင့်နေကြသည့် ဆန္ဒများ၏ အရင်းခံလိုအပ်ချက် သည် လူအချင်းချင်းကြားမှာ ရှိနေသည့် မေတ္တာတရားပေါ်တွင် များစွာ မူတည်နေသည်ဟု ဆိုချင်ပါသည်။
မေတ္တာတရားပေါ်အခြေမတည်ဘဲ ငြိမ်းချမ်းရေးတည်ဆောက် ၍ ရမည်မဟုတ်ချေ။ ဒေါသများဖြင့် စစ်ပွဲများကို တိုးမြင့်တိုက်ခိုက် နေခြင်းဖြင့် ငြိမ်းချမ်းရေးပေါ်လာဖို့ နီးစပ်ပါမည်လား။ မေတ္တာ မပါဘဲ၊ စာနာစိတ်မပါဘဲ ပြည်ထောင်စုသားအားလုံး တန်းတူ ညီမျှ ဖြစ်ရေးဟူသည် အောင်မြင်နိုင်ပါ့မည်လား။
မည်သည့် ကိုးကွယ်ယုံကြည်ရာ ဘာသာမဆို မေတ္တာတရား၏ မြင့်မြတ်ခမ်းနားမှုကို အမွှမ်းတင်ဂုဏ်ပြုကြ၊ နှလုံးသည်းပွတ် ထဲတွင် မြှုပ်နှံထားကြရန် သင်ကြားဆုံးမသည် ချည်းသာတည်း။
မေတ္တာဟု ရေရွတ်မိရုံမျှနှင့်ပင် ခဏတာဖြစ်စေ ရင်ထဲ ငြိမ်းအေးသွားရတတ်၏။ မေတ္တာဟူသည် ဒေါသ၏ ဆန့်ကျင် ဘက်။ စစ်မက်ရန်ပြုမှုတို့၏ ဆန့်ကျင်ဘက်။ သတ္တဝါတို့ကို ကျန်းမာစေ၊ ချမ်းသာစေ၊ ကြီးပွားတိုးတက်စေ၊ စစ်ဘေး အနာ ရောဂါဘေး အငတ်ဘေး စသည့်ဘေးရန်တို့က ကင်းဝေးစေရန် လိုလားတောင့်တသည့် စေတနာ။ သတ္တဝါတို့၏ အကျိုးစီးပွားနှင့် ကောင်းရာမွန်ရာကို ဖြစ်စေလိုသော အဒေါသ စေတသိက်။
မေတ္တာသည် မည်မျှစင်ကြယ် မွန်မြတ်လှပါသနည်း။
ထိုစင်ကြယ်မွန်မြတ်သော သူတစ်ပါးကို ကောင်းရာမွန်ရာ ရစေလိုသည့်စိတ်၊ သူတစ်ပါးကို ကောင်းရာမွန်ရာတို့နှင့်သာ ကြုံတွေ့စေချင်သောစိတ်၊ ထိုစိတ်ကို အကြိမ်ကြိမ်အထပ်ထပ် အဖန်ဖန်အလဲလဲ ပွားများနေခြင်း၊ ထိုသို့သော မွန်မြတ်သည့်စိတ် ကိုသာ အာရုံပြု စူးစိုက်နေခြင်း။ ထိုစိတ်စေတနာကို အတွေးအာရုံ တွင်းက ဖြန့်ကြက် ပို့လွှတ်ခြင်းကို မေတ္တာဘာ၀နာပွားများခြင်း၊ မေတ္တာပို့သခြင်းဟု ဆို၏။
မေတ္တာဘာ၀နာတွင် လည်းကောင်း၊ မေတ္တာပို့သခြင်း တွင် သော်လည်းကောင်း အာဃာတမရှိ။ ထိုသို့ပြုအပ်သော စိတ်စေတနာသည် မေတ္တာပို့နေသူအတွက်ကို ရည်ရွယ်သည်ထက် မေတ္တာပို့ခံ အများသူငါတို့အတွက်ကို ရည်ရွယ်သည်ဖြစ်၏။ မည်သူမည်ဝါ ကောင်းစားပါစေ သဗ္ဗေသတ္တာဝေနေယျာတို့ ကျန်းမာချမ်းသာကြပါစဟူသည့် ဖြူစင်သော စိတ်သဘောထား မှာ မည်မျှလောက် မွန်မြတ်သန့်စင်လှပါသနည်း။
ယနေ့ တိုင်းရင်းသားတို့၏ အကျိုးအတွက်ဟူသည့် ကြွေးကြော်နေကြသူတိုင်း၊ ပြည်ထောင်စုသားအားလုံးအပေါ် အထက်တွင် ဆိုခဲ့သလို အမှန်တကယ်ဖြူစင်သန့်ရှင်းသော မေတ္တာကိုအရင်းခံကာ စစ်ပွဲများ ရပ်ဆိုင်းရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့ကို အာရုံစူးစိုက်သင့်လှပြီ ဖြစ်ပါသည်။
အထူးသဖြင့်မူ တိုင်းရင်းသားလူမျိုးစုအားလုံးတို့၏ တန်းတူ ညီမျှရှိမှုကို အလေးထားသည့်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးကို အလေးဂရုပြု စဉ်းစားကြရမည်ဟု ယူဆ ပါသည်။
မြန်မာနိုင်ငံသားအားလုံး၏ တန်းတူညီမှုကို အကောင်အထည် ဖော်နိုင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှု ကို အာမခံနိုင်သော အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေး သည် ပြည်ထောင်စုကို အမှန်တကယ် ချစ်မြတ်နိုးသူတိုင်း၊ တိုင်းရင်းသားအားလုံးတို့၏ အကျိုးစီးပွားကို အမှန်တကယ် လိုလားသူတိုင်း မေတ္တာအရင်းခံဖြင့် ပူးပေါင်းအကျိုးဆောင်ကြရန် လိုအပ်ပါမည်ဟု ယုံကြည်ပါကြောင်း။ ။