
ဒေါက်တာသန်းနိုင်စိုး(ကျန်းမာရေးအသိပညာမြှင့်တင်ရေး)
လက်ရှိအချိန်ကာလသည် နိုင်ငံတကာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး (SARS-Cov-2)၏ မျိုးရိုးဗီဇများ ပြောင်းလဲကူးစက်နေချိန်ဖြစ်ကာ မိမိတို့နိုင်ငံတွင်လည်း အဆိုပါ မျိုးရိုးဗီဇပြောင်းရောဂါပိုးများကြောင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကိုခံစားနေရချိန်ဖြစ်ပါသည်။ မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးများ ဥပမာ- ဒယ်လ်တာ ဗိုင်းရပ်စ်မျိုးကွဲသည် မူလကိုရိုနာဗိုင်းရပ်စ်ပိုးများနှင့် နှိုင်းယှဉ်လျှင်ကူးစက်မှုနှုန်း နှစ်ဆမှ သုံးဆအထိပိုမို၍ ကူးစက်ကာ ရောဂါပြင်းထန်စွာ ဖြစ်ပွားနိုင်သည့်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိနေရပါသည်။
သို့ဖြစ်ပါ၍ မိမိတို့နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ပထမလှိုင်းကာလ ၂၃-၃-၂၀၂၀မှ ၁၅-၈-၂၀၂၀ အထိ ၁၄၆ ရက်အတွင်း ဖြစ်ပွားသူ ၃၇၄ ဦး၊ သေဆုံးသူ ခြောက်ဦး၊ ဒုတိယလှိုင်းကာလ ၁၆-၈-၂၀၂၀မှ ၂၆-၅-၂၀၂၁ အထိ ၂၈၄ ရက် အတွင်း ဖြစ်ပွားသူ ၁၄၂,၉၄၄ ဦး၊ သေဆုံးသူ ၃,၂၁၀ဦး ရှိခဲ့ရာမှ ယခုတတိယလှိုင်းကာလ ၂၇-၅-၂၀၂၁ မှ ၆-၈-၂၀၂၁ အထိ ၇၂ ရက်တာ ကာလအတွင်း ဖြစ်ပွားသူ ၁၇၉,၅၂၀ ဦး၊ သေဆုံး သူ ၈,၀၄၆ ဦးအထိ ရှိလာခဲ့ခြင်းဖြစ်ပါသည်။
မတန်တဆဈေးပိုပေးနေရ
ရောဂါဖြစ်ပွားမှု တတိယလှိုင်းကာလအတွင်း တွင် ဖြစ်ပွားကူးစက်မှုနှုန်း အလွန်မြင့်မားစွာနှင့် လျင်မြန်စွာဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရောဂါဖြစ်ပွားမှု များပြားရာဒေသများတွင် အခြေခံအိမ်သုံးဆေးဝါး များ (Over The Counter Medicine - OTC)နှင့် ဆရာဝန်ညွှန်ကြားမှုဖြင့် သောက်သုံးရသော ဆေးဝါးများ (Prescription Only Medicine - POM) များ ဝယ်ယူရာတွင် ခက်ခဲရှားပါးမှုများ အထူးသဖြင့် လူသုံးများ၍ နာမည်ကြီး တံဆိပ်ပါ ဆေးဝါး(Branded Medicine)များ ဝယ်ယူရာတွင် ခက်ခဲရှားပါး၍ မတန်တဆ ဈေးပိုပေးနေရသည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့ရပါသည်။
ထိုသို့ အိမ်သုံးဆေးဝါးများ စျေးကြီးပေး၍ ခက်ခဲရှားပါးစွာ ဝယ်ယူနေရမှု ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းများအနက် အချို့မှာ- ပြည်သူ တို့အနေဖြင့် ဆေးဝါး/ဆေးပစ္စည်းဆိုင်ရာ ဝယ်ယူ သုံးစွဲမှုများနှင့် ပတ်သက်သည့် ကျန်းမာရေးအသိ ပညာအားနည်းခြင်း၊ အချို့သောဆေးဆိုင်များသည် ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုအန္တရာယ်ကို အကြောင်းပြ၍ ဖွင့်လှစ်ရောင်းချမှုမပြုခြင်း၊ အချို့သောကျင့်ဝတ်နှင့်မညီညွတ်သည့် ဆေးဝါးတင်သွင်းဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းကုမ္ပဏီ များ၊ လုပ်ငန်းများနှင့် ဆေးအရောင်းကိုယ်စား လှယ်များသည် ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလ အတွင်း ဆေးနှင့်ဆေးပစ္စည်းများကို စျေးကစား လိုသည့် ရည်ရွယ်ချက်ဖြင့် လက်ထဲတွင် သိုလှောင် သိမ်းဆည်းထား၍ အမြတ်အစွန်းကြီးစွာရရှိစေရန် ဆောင်ရွက်ခြင်း၊ ကပ်ရောဂါဖြစ်ပွားနေစဉ် ကာလ အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ အဆင်ပြေ ချောမွေ့စွာ စီးဆင်းသွားလာရေးတွင် အကန့် အသတ်များရှိနိုင်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို အိမ်နီးချင်းနိုင်ငံများတွင်လည်း တစ်ပြိုင်နက်ခံစားနေရချိန်ဖြစ်၍ ဒေသတွင်း စျေးကွက်လိုအပ်ချက် များပြားနေခြင်းတို့ကြောင့် ဖြစ်သည်ဟု သုံးသပ်ရပါသည်။
သင့်တင့်သည့်ဈေးနှုန်းအတိုင်းသာရောင်းချ
နိုင်ငံတော်အစိုးရအနေဖြင့်လည်း မိမိအိမ် တွင်သာနေထိုင်ရမည့်အစီအစဉ် (Stay at Home) တွင် ပါဝင်သည့် မြို့နယ်များနှင့် အခြားမြို့နယ်များ တွင်လည်းကောင်း၊ ရုံးပိတ်ရက်ရှည်ကာလများ တွင်လည်းကောင်း ဆေးဝါးနှင့်ဆေးပစ္စည်း အရောင်း ဆိုင်များ၊ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှု ဆေးရုံ/ ဆေးခန်းများကို ဆက်လက် ဖွင့်ထားရန် ကြေညာထားရှိခြင်း၊ ရုံးပိတ်ရက်ရှည်ကာလ အတွင်းတွင်ပင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆေးပစ္စည်း များ အဆင်ပြေချောမွေ့စွာ စီးဆင်းနိုင်ရေးအတွက် နေ့စဉ်ဌာနများကို ပိတ်ရက်မရှိ ဖွင့်လှစ်၍ ဝန်ဆောင် မှုပေးနေခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍ နိုင်ငံရပ်ခြားမှ ဆေးဝါးနှင့် ဆေးပစ္စည်း ကုန်စည်များဝင်ရောက်လာမှု အဆင်ပြေချောမွေ့ စေရေး ညှိနှိုင်းဆောင်ရွက်ခြင်း၊ နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှတစ်ဆင့် ဆေးဝါး နှင့်ဆေးပစ္စည်း အမြောက်အမြားတင်သွင်းခြင်း၊ ဆေးဝါးနှင့် ဆေး ပစ္စည်းများ ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်ခြင်း စသည် တို့ကို အထူးအားပေး ဆောင်ရွက်နေချိန်ဖြစ်ပါသည်။ ဆေးဝါးနှင့် ဆေးပစ္စည်းများလက်ဝယ် သိုလှောင် ထားသည့် ဆေးဝါးနှင့် ဆေးကုမ္ပဏီများ၊ ဆေး အရောင်းကိုယ်စားလှယ်များအနေဖြင့်လည်း အများ ပြည်သူအကျိုးရှေးရှု၍ ဆေးဝါးနှင့် ဆေးပစ္စည်း များကို သိုလှောင်ထိန်းသိမ်း၍ စျေးမြှင့်တင်ရောင်း ချခြင်းမပြုဘဲ သင့်တင့်သည့် စျေးနှုန်းအတိုင်းသာ ရောင်းချသင့်သည့် အချိန်ကာလဖြစ်ပါသည်။
မိဘပြည်သူများအနေဖြင့် အိမ်သုံးရန်အတွက် လိုအပ်၍ဖြစ်စေ၊ ဆရာဝန်ညွှန်ကြားထား၍ ဖြစ်စေ ဆေးဝါးများကို ဝယ်ယူရာတွင် အောက်ဖော်ပြပါ အချက်တို့ကို သတိပြု၍ လိုက်နာကြည့်ရှု ဝယ်ယူ ကြစေလိုပါသည် -
(က) မိမိဝယ်ယူမည့် ဆေးအရောင်းဆိုင် သည် စနစ်တကျမှတ်ပုံတင်ထားခြင်း (သို့မဟုတ်) လိုင်စင်သက်တမ်းရှိသည့် ဆေးအရောင်းဆိုင် (သို့မဟုတ်) လုပ်ငန်း ကုမ္ပဏီဖြစ်ရန် လိုအပ်ပါသည်။ အွန်လိုင်း မှ တရားမဝင် ရောင်းချသော မည်သည့် အာမခံချက်မျှမရှိသည့် မည်သည့် ဆေးဝါး၊ ဆေးပစ္စည်းမဆို ဝယ်ယူသုံးစွဲ ခြင်းမှ လုံးဝ ရှောင်ကြဉ်သင့်ပါသည်၊
(ခ) မိမိဝယ်ယူသုံးစွဲမည့် ဆေးကတ် (သို့မဟုတ်) ဘူးခွံပေါ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအသိအမှတ်ပြု မှတ်ပုံတင် လက်မှတ် (Myanmar Registration Number) ပါဝင်ရပါမည်၊ ထုတ်လုပ်သည့် ရက်၊ သက်တမ်းကုန်ဆုံးမည့်ရက်တို့ကို ရှင်းလင်းစွာ ဖော်ပြထားရပါမည်၊ ထုပ်ပိုးမှုစနစ် ကောင်းမွန်ပြီး ဆေး အညွှန်းအမှတ် အသားများ၊ ပါဝင်ပစ္စည်း များပြည့်စုံရှင်းလင်းစွာ ဖော်ပြထားရ ပါမည်၊ ဆရာဝန် ညွှန်းဆိုမှုဖြင့် သောက်သုံးရသော ဆေးဝါးများ (Prescription Only Medicine) ဖြစ်ပါက တတ်ကျွမ်းနားလည်သော ဆေးပညာရှင်များက ညွှန်ကြားသော ဆေးဝါးနှင့် ဆေးပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲသင့်ပါသည်၊
(ဂ) စျေးအလွန်ကြီးမြင့်၍ လတ်တလော ဝယ်ယူရန် ရှားပါးသော နာမည်ကြီး တံဆိပ် အခြေခံအိမ်သုံးဆေးဝါး (Branded Over The Counter Medicine)များကို ဈေးများစွာပိုပေး၍ ဝယ်ယူခြင်းမှ ရှောင်ရှားသင့်ပါသည်၊ အချို့သော အခြေခံအိမ်သုံးဆေးများ သည် လတ်တလော အခြေအနေတွင် မူလရှိရင်းစွဲစျေးထက် (၁၀)ဆမှ အဆ (၂၀) အထိ အလွန်မြင့်မား စွာ တိုးမြှင့် ရောင်းချလျက်ရှိနေသည်ကို တွေ့ရှိရ ပါသည်၊ အဆိုပါနာမည်ကြီး တံဆိပ် ဆေးများနှင့် ပါဝင်သည့်ဆေးအမျိုး အစား၊ ဆေးပမာဏနှင့် အရည်အသွေး တူညီကာ စျေးနှုန်းသက်သာသည့် မူလဆေးဝါးဗေဒဆိုင်ရာ အမည်ဖြင့် ဆေး (Generic Medicine) (သို့မဟုတ်) အခြားတံဆိပ်ဖြင့် ဆေးများစွာရှိပါ သည်၊ ဥပမာ-‘BBB’ တံဆိပ်ဖြင့် ရောင်းချသည့် အကိုက်အခဲပျောက်ဆေး ပါရာစီတမော ၅၀၀ မီလီဂရမ်ပါဝင်သည့် ဆေးသည် စျေးအလွန်ကြီး၍ ဝယ်ယူ ရန်ခက်ခဲနေပါက ပါဝင်သည့် ဆေး အမျိုးအစား ပါရာစီတမော ၅၀၀ မီလီ ဂရမ် (Paracetamol 500mg) တူညီစွာ ပါဝင်သည့် ကျန်းမာရေးဝန်ကြီး ဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန အသိအမှတ်ပြု ပါရာစီတမော ၅၀၀ မီလီဂရမ် (Generic Medicine)ဆေး (သို့မဟုတ်) အခြား တံဆိပ်ဖြင့် ပါရာစီတမော ၅၀၀ မီလီ ဂရမ် ပါဝင်သောဆေးကိုပြောင်းလဲ၍ ဝယ်ယူသုံးစွဲသင့်ပါသည်၊ ထိုသို့ဝယ်ယူ သုံးစွဲလျှင် လိုအပ်သောဆေးကို အလွယ် တကူ ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူ ရရှိမည်ဖြစ်ပါသည်၊
(ဃ) စျေးနှုန်းအလွန်သက်သာမှု တစ်ခု တည်းကိုကြည့်၍ ဝယ်ယူသုံးစွဲခြင်းကို လည်း ရှောင်ကြဉ်သင့်ပါသည်၊ ကျန်းမာ ရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အသိ အမှတ်ပြု မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် အမှတ် (Myanmar Registration Number) မပါရှိခြင်း၊ စနစ်တကျ ထုပ်ပိုးမှုမရှိခြင်း၊ ထုတ်လုပ်သည့်ရက်၊ သက်တမ်း ကုန်ဆုံးသည့်ရက်မပါရှိခြင်း စသည့်ဆေးဝါးများဖြစ်ပါက ဆေးဝါး အတု (Fake Drug) များ (သို့မဟုတ်)
အရည်အသွေးမပြည့်ဝသော ဆေး (Substandard Drug)များ (သို့မဟုတ်) သက်တမ်းလွန်ဆေးဝါး (Expired Drug) များဖြစ်နိုင်၍ သုံးစွဲမည့်သူအတွက် အသက်အန္တရာယ်ပင် ရှိနိုင်ပါသည်၊
(င) စပ်ဆေးများဝယ်ယူသုံးစွဲခြင်းကို လုံးဝ ရှောင်ကြဉ်ရမည်ဖြစ်ပါသည်၊ စပ်ဆေး များတွင်ပါဝင်သော ဆေးများသည် သက်တမ်းလွန်ဆေးဝါးများ၊ ပဋိဇီဝ ဆေးဝါးများ၊ ပြင်းထန် သည့်အကိုက်အခဲ ပျောက်ဆေးများ၊ စတီးရွိုက်ဆေးဝါး များပါဝင်၍ သောက်သုံးမိပါက လတ်တလောတွင် ဝေဒနာသက်သာစေ သလိုရှိသော်လည်း ရောဂါပြင်းထန်လာ ကာ အသက်သေဆုံးသည်အထိ ဖြစ်ပွား ခြင်း၊ စပ်ဆေးများကို မကြာခဏ ဝယ်ယူသောက်သုံးပါက နောက်ဆက်တွဲ အစာအိမ်၊ ကျောက်ကပ်၊ နှလုံးနှင့်သွေးကြောရောဂါများဖြစ်ပွား၍ ဘေးထွက် ဆိုးကျိုးများစွာခံစားရခြင်း၊ ပဋိဇီဝဆေး ယဉ်ပါးခြင်းတို့ ဖြစ်ပွားစေကာ လူ့ သက်တမ်းစေ့မနေရဘဲ စောစီးစွာ အသက်သေဆုံးနိုင်ပါသည်၊
(စ) ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည်ဟု သံသယ ရှိပါက အွန်လိုင်းပေါ်မှရရှိသည့် ဆေးမြီးတို များနှင့် ကုသခြင်းလုံးဝ(လုံးဝ)မပြုပါနှင့်၊ နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ် သွားရောက်ပြသ၍ စနစ်တကျကုသမှုခံယူ ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။ အိမ်တွင်း ဆေးမြီးတိုဖြင့် ကုသခြင်းသည် ရောဂါကြောင့်သေဆုံးမှုကို အလွန်မြင့် တက်စေ၍ အိမ်တွင်းရှိ အခြားသူများကို ရောဂါ ဆက်လက်ကူးစက်စေနိုင်ပါသည်၊
(ဆ) ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလ အတွင်း ဆေးအရောင်းဆိုင်များသို့ ဆေး ဝါးနှင့် ဆေးပစ္စည်း သွားရောက်ဝယ်ယူ ပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ထားပါ၊ လက်ကို အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် စနစ် တကျဆေးပါ၊ အခြားသူများနှင့် ခြောက်ပေအကွာ ခပ်ခွာခွာနေပါ၊ ဆေးဆိုင်တွင်လိုအပ်ပါက စနစ်တကျ တန်းစီ၍ဝယ်ယူပါ၊ လူစုလူဝေးဖြစ်စေ ခြင်းမှ လုံးဝရှောင်ကြဉ်ပါ၊ မိမိအတွက် လိုအပ်သည့်ပမာဏကိုသာ ဝယ်ယူပါ၊ ဆေးကို မလိုအပ်ဘဲအလွန်အကျွံ များ ပြားစွာ ဝယ်ယူစုဆောင်းခြင်း မပြုပါနှင့်။
အထက်ဖော်ပြပါ ဆေးဝါး/ဆေးပစ္စည်းဆိုင်ရာ ဝယ်ယူသုံးစွဲမှုများနှင့်ပတ်သက်သည့်ကျန်းမာရေး အသိပညာများကိုမိတ်ဆွေအချင်းချင်း၊ မိသားစု အချင်းချင်း မျှဝေပေးခြင်း၊ လိုက်နာကြည့်ရှု ဆောင်ရွက်စေခြင်းဖြင့် အခြေခံအိမ်သုံးဆေးများ အလွန်အကျွံစျေးနှုန်းတက်၍ ဝယ်ယူရခက်ခဲခြင်း မှရှောင်ရှားနိုင်ခြင်း၊ ဆေးဝါးနှင့်ဆေးပစ္စည်းများကို စျေးနှုန်းကစား၍ အမြတ်တင်ရောင်းချသူတို့၏ လှည့်ဖြားခြင်းအန္တရာယ်မှ ရှောင်ရှားနိုင်ခြင်း၊ အရည်အသွေးပြည့်ဝသော ဆေးဝါးများကို တန်ဖိုးသင့်စွာဖြင့် ဈေးပိုပေးစရာမလိုဘဲ ပစ္စည်း မှန်၊ ဈေးနှုန်းမှန်ဝယ်ယူရရှိခြင်း၊ အရည်အသွေး မပြည့်မီသောဆေးဝါးများ၊ ဆေးဝါးအတုများ နှင့် စပ်ဆေးအန္တရာယ်တို့မှ ကင်းဝေးခြင်း အကျိုး ကျေးဇူးတို့ကို ရရှိခံစားရစေမည်ဖြစ်ပါသည်။ ။
- Log in to post comments