
နေပြည်တော် စက်တင်ဘာ ၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီတွင် မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာရှိ သီဟဇော်၏နေအိမ်သို့ ဝင်ရောက်စစ်ဆေး ရှာဖွေရာ ၎င်းအားတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ သိမ်းဆည်း ရမိခဲ့သည်။ စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအတွင်း၌ မရွှေကျင်ကို စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
သိမ်းဆည်းရမိ
အလားတူ ထိုနေ့ ညနေ ၆ နာရီခွဲတွင် ဟိုပန်မြို့နယ် မတ်ဝမ် ကျေးရွာအနီး မတ်ဝမ်-ခြူးရွှေကျေးရွာသွား လမ်းမပေါ်တွင် သတင်းအရ သူရကျော်(ခ)လှကျော် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ ညနေ ၆ နာရီ ၃၅ မိနစ်တွင် အဆိုပါနေရာ၌ ကျန်ချိုင်မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ စက်တင်ဘာ ၁ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် နောင်ချို မြို့နယ် အိုရီယမ်တယ် တိုးဂိတ်အနီး မူဆယ်-မန္တလေးသွား ကားလမ်း မိုင်တိုင်အမှတ်(၇၉/၁)တွင် ခင်မောင်လွင် မောင်းနှင်ပြီး အောင်သန်း လိုက်ပါလာသည့်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၁၀၀၀၀ ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား