မြိတ်၊ တန့်ယန်းနှင့် ရပ်စောက်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်  ဒီဇင်ဘာ  ၁၉ 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက်   မွန်းတည့် ၁၂ နာရီတွင်  မြိတ်မြို့နယ်   မြိတ်တောင်ကျေးရွာအုပ်စု မြိတ်တောင်ကျေးရွာအနီးတွင်    ထက်နိုင်ဦး မောင်းနှင်ပြီး နေမျိုး(ခ)နောင်ပိန် လိုက်ပါလာ သည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို လည်းကောင်း။


ထို့အတူ ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ  ၁၂ နာရီခွဲတွင် တန့်ယန်းမြို့နယ် တန့်ယန်း-ပန်ဆန်း သွားကားလမ်းရှိ    တာကော်အက် ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် မနန်းလိတ် မောင်းနှင် လာသည့်  မော်တော်ဆိုင်ကယ်ကို    ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၀ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀၀၀ ကို လည်းကောင်း။


အလားတူ ယင်းနေ့ နံနက်  ၉ နာရီခွဲတွင် ရပ်စောက်မြို့နယ် မားသဲကျေးရွာအုပ်စု မုံပြင် (မြောက်)ကျေးရွာရှိ ထွန်းလင်းအောင်၏ နေအိမ် သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၃၀၀၀ ကိုလည်းကောင်း  သိမ်းဆည်းရမိခဲ့ သဖြင့်  ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားကြောင်း သိရသည်။ 


ရဲပြန်ကြား