မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းကဏ္ဍနှင့်ပတ်သက်၍ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်

Image not available
 
 
 
နေပြည်တော် ဖေဖော်ဝါရီ ၇
 
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ် ထန်တလန်မြို့နယ် မှောင်တလန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း နှစ်ထပ်ဆောင်အားဖျက်သိမ်းပြီး RC နှစ်ထပ်ဆောင်အဖြစ် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ထန်တလန်မြို့နယ် မှောင်တလန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း တွင် ပေ(၁၄၀ x ၃၀) RC နှစ်ထပ်ဆောင်အသစ် ဆောက်လုပ်ပေးရန် လိုအပ်သော ရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေတွင် ဦးစားပေးအစီအစဉ်အရ ထည့်သွင်းလျာထား ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
 
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၏ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာ အခြေခံပညာအလယ် တန်းကျောင်းအား အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် မည်သည့် ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မလော့ချောင်ကျေးရွာ အခြေခံပညာအလယ် တန်းကျောင်းတွင် ယခုနှစ်ပညာသင်နှစ်အတွင်း စုစုပေါင်းအလယ်တန်းအဆင့် သင် ကျောင်းသား ကျောင်းသူ ၃၅၀ ဦးရှိပါကြောင်း၊ အနီးဆုံးအထက်တန်း အဆင့်သင်ကျောင်းဖြစ်သည့် မုက္ခမူအခြေခံပညာအထက်တန်းကျောင်းနှင့် နှစ်မိုင်ခရီးအတွင်းရှိပါကြောင်း၊ ထို့ပြင် လက်ရှိကျောင်းအဆင့် သက်တမ်းတိုး ပေးထားသည်မှာလည်း တစ်နှစ်သာရှိသေးသည့်အတွက် ၂၀၂၀ - ၂၀၂၁ ပညာသင် နှစ်တွင် အဆင့်တိုးမြှင့်ရန် သတ်မှတ်ထားသည့် ဦးစားပေးကျောင်းစာရင်းတွင် မပါရှိသေးပါကြောင်း ဖြေကြားသည်။
 
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ် ရွာကြပ်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း (ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက အရာတော်မြို့နယ် ရွာကြပ်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၏ သက်တမ်းမှာ လေးနှစ်ခန့်သာရှိပါကြောင်း၊ ယခုနှစ် ပညာသင်နှစ်စာရင်းအရ စုစုပေါင်းအထက်တန်းအဆင့်သင် ကျောင်းသား ကျောင်းသူ (၅၈)ဦးသာရှိပါကြောင်း၊ လက်ရှိအားဖြင့်လည်း အထက်တန်းပညာ ရပ်များ သင်ကြားခွင့်ရရှိနေသည့် အခြေအနေရောက်ရှိနေသည့်အတွက် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အဆင့်မြှင့်တင်ခြင်းအတွက် ဦးစားပေးအဆင့် အနေဖြင့် သတ်မှတ်ထားခြင်းမရှိပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ကျောက်တော်မြို့နယ် လိပ်မကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)နှင့် သင်္ဂနက်ကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းတို့တွင် RC တစ်ထပ်ကျောင်းဆောင် တစ်ဆောင်စီနှင့် ရွာမပြင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် RC နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်တို့ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောက်တော်မြို့နယ် လိပ်မကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် ပေ(၁၂၀ x ၃၀) RC တစ်ထပ်ဆောင်တစ်ဆောင်၊ သင်္ဂနက်ကျေးရွာ အခြေခံပညာမူလတန်း(လွန်) ကျောင်းတွင်ပေ (၆၀ x ၃၀) RC တစ်ထပ်ဆောင်အသစ် တစ်ဆောင်၊ ရွာမပြင် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပေ(၁၀၀ x ၃၀) RC နှစ်ထပ် ဆောင်အသစ်တစ်ဆောင်တို့ကို ဆောက်လုပ်ပေးရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်းရန်ပုံငွေအောက်တွင် ဦးစားပေးအစီအစဉ်အရ ထည့်သွင်းလျာထား ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
 
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၏ ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတတက္ကသိုလ်ဝင်းအတွင်း ဆောက်လုပ်နေသော ပေ (၆၀၀ x ၄၀၀) ရှိ မီတာ(၄၀၀) ပြေးလမ်းပါ အားကစားကွင်းအား စံချိန်ကိုက် ဘောလုံးကွင်းနှင့် ပြေးလမ်းများအဖြစ် ပြင်ဆင်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဆင့်မြင့် ပညာဦးစီးဌာနအနေဖြင့် တည်ဆောက်လျက်ရှိသော ဘောလုံးကွင်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခြောက်လနှင့် (၁၂)လဘတ်ဂျက်၏ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေအောက်မှ ခွင့်ပြုငွေကျပ်သန်းပေါင်း ၈၅၉ ဒသမ ၅၅ ဖြင့် လုပ်ငန်းများဆောင်ရွက်ရန် ဘတ်ဂျက်လျာထား၍ ချထားပေးခဲ့ ပါကြောင်း၊ အဆိုပါဘောလုံးကွင်းအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် Kay Golden Myanmar Co.Ltd. မှ တာဝန်ယူဆောက်လုပ်လျက် ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တင်ပြသကဲ့သို့ စံချိန်နှင့်မကိုက်သည့် အချက်အလက်များကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဟင်္သာတတက္ကသိုလ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးကုမ္ပဏီ Kay Golden Myanmar Co.Ltd. တို့မှ တာဝန်ယူ၍ စံချိန်ကိုက်ဘောလုံးကွင်းနှင့် ပြေးလမ်းများအဖြစ် ပြင်ဆင်ရန် စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ဖြေကြား သည်။
 
မိုဘိုင်းသုံးစွဲသူပြည်သူများနစ်နာဆုံးရှုံးမှုမရှိစေရေး
 
ဆက်သွယ်ရေးအော်ပရေတာများအား ကြီးကြပ်ဆောင်ရွက်လျက်ရှိ
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၏ တယ်လီဖုန်းအော်ပရေတာကုမ္ပဏီများမှ မိုဘိုင်းတယ်လီဖုန်း အသုံးပြုသူများ၏ ကြိုတင်ပေးသွင်းထားသော ဖုန်းဘေလ်များထဲမှ အခြားသောဝန်ဆောင်မှု အမျိုးအစားများအတွက်ဟုဆိုကာ ကာယကံရှင်၏သဘောတူခွင့်ပြုချက် မဟုတ်ဘဲ အခကြေးငွေများ ဖြတ်တောက်ယူငင်မှုများ များပြားလာ၍ သုံးစွဲသူ ပြည်သူများ ဆုံးရှုံးနစ်နာနေပါသဖြင့် ထိရောက်စွာ တားဆီးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနသည် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းကဏ္ဍနှင့် ပတ်သက်၍ ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သုံးစွဲသူပြည်သူများ အတွက် ဈေးနှုန်းသင့်တင့်မျှတစွာဖြင့် ကြိုက်နှစ်သက်ရာ ဝန်ဆောင်မှုအစီအစဉ် များကို ရွေးချယ်အသုံးပြုနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အဆိုပါ ဝန်ဆောင်မှုအစီအစဉ်များနှင့်ပတ်သက်၍ သုံးစွဲသူပြည်သူများ နစ်နာ ဆုံးရှုံးမှုမရှိစေရေးအတွက် ဆက်သွယ်ရေးအော်ပရေတာများအား ကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးအော်ပရေတာများ၏ ဝန်ဆောင်မှု အစီအစဉ်များနှင့်စပ်လျဉ်း၍ သုံးစွဲသူပြည်သူများကြုံတွေ့နေရသည့် အခက်အခဲ များကို ဖြေရှင်းပေးနိုင်ရေးအတွက် Facebook Page မှဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေ တိုင်ကြားလာမှုများကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ် အတွင်း ဖုန်းဘေလ်ဖြတ်တောက်ခံရမှုကြောင့် တိုင်ကြားလာမှုများအားလုံးကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာသည့် အမှုများကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးနိုင်ခဲ့သည်ကိုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများနှင့်ပတ်သက်၍ သုံးစွဲသူပြည်သူများအား ထိခိုက်နစ်နာအောင် ဆောင်ရွက်မှုများနှင့် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနသို့လည်းကောင်း တိုင်ကြားနိုင်ပါ ကြောင်း၊ တိုင်ကြားလာမှုများကို ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
 
ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်းကိုလွှတ်တော်သို့ တင်သွင်းသည်။
 
ယင်းနောက် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းလွင် က အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
 
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
 
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ဆဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
 
အောင်ရဲသွင်၊ စိုးဝင်းထွန်း(သတင်းစဉ်)