မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို မှန်ကန်စွာအသုံးပြုသူများအား အကာအကွယ်ပေးနိုင်ရေး

 

မှတ်ပုံတင်ထားခြင်းမရှိသည့်  SIM Card များကို  အသုံးပြုပြီး ဆက်သွယ်ရေးကွန်ရက်ပေါ်မှ    ရာဇဝတ်မှုများ၊    အကြမ်းဖက် လုပ်ဆောင်မှုများနှင့် ခြိမ်းခြောက်အန္တရာယ်ပြုမှုများ ပိုမိုပြုလုပ် လာကြသည့်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးမှုကို ထိခိုက်လာကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်‌ ရေးဝန်ကြီးဌာနက   ထုတ်ပြန်လိုက်သည့်    SIM Card  များကို စနစ်တကျမှတ်ပုံတင်ရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင် စနစ် တကျပြန်လည်မှတ်ပုံတင်ခြင်း  အမိန့်ကြော်ငြာစာတွင်  ဖော်ပြ ထားသည်။


မြန်မာနိုင်ငံတွင်   ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာ များအားလုံးပေါင်း ဆင်းမ်ကတ်သုံးစွဲသူ သန်း ၆၀ ကျော်ရှိရာ နိုင်ငံ့လူဦးရေထက်   ပိုမိုများပြားသည်။   မိုဘိုင်းဖုန်းသုံးစွဲသူမှာ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ခန့်သာရှိသည်ဟုဆိုရာ တစ်ဦးလျှင် SIM Card  နှစ်ကတ်ထက်မနည်း   သုံးစွဲနေသည့်သဘောပင် ဖြစ်သည်။ မိုဘိုင်းဖုန်းသုံးစွဲသူများ မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင် ခြင်းမရှိသည့်  SIM Card များကို  အပြီးပိတ်သိမ်းသွားမည်ဖြစ် ကြောင်း ယခင်အစိုးရလက်ထက်ကပင် ကြေညာချက်ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး   အဓိကရည်ရွယ်ချက်မှာ   မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို မှန်ကန်စွာအသုံးပြုနေသူများအား အကာ အကွယ်ပေးနိုင်ရန်နှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများ၊ အွန်လိုင်း ဝန်ဆောင်မှုလုပ်ငန်းများတွင် ဝင်ရောက်လိမ်လည်မှုများ မပြုလုပ် နိုင်ရန်၊ အွန်လိုင်းရာဇဝတ်မှုများကို ထိန်းချုပ်နိုင်ရန်တို့အတွက် ပင်ဖြစ်သည်။


မှတ်ပုံတင်ထားခြင်းမရှိသော SIM Card များကိုအသုံးပြု၍ လိမ်လည်ခြင်း၊ အသရေဖျက်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း စသည် တို့အပါအဝင် ရာဇဝတ်မှုများကို စုံစမ်းဖော်ထုတ်နိုင်ရန် အခက်အခဲ များရှိသည့်အတွက် SIM Card များကိုရောင်းချရာတွင် ထုတ်ပြန် ထားပြီးဖြစ်သော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများတွင် တာဝန်ရှိနေသည်။     ညွှန်ကြားချက်နှင့်အညီ    မှတ်ပုံမတင်ဘဲ ဆက်လက်ရောင်းချမှုများပြုလုပ်နေခြင်းက ဥပဒေအရ အရေးယူ ရမည့်အခြေအနေသို့ ရောက်ရှိနေခြင်းပင်ဖြစ်သည်။ ပြည်တွင်း၌ သုံးစွဲနေသည့် SIM Card များကို နိုင်ငံသားစိစစ်ရေးကတ်ပြား များနှင့် တိုက်ဆိုင်စစ်ဆေးပြီး ရက်ပေါင်း ၃၀ အတွင်း မှန်ကန်စွာ မှတ်ပုံတင်ရန်၊ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံသားစိစစ်ရေးကတ် အချက်အလက်အမှန်ဖြင့်  ပြန်လည်ပြင်ဆင်ခြင်းမရှိသည့်  SIM Card များကို အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့သည့် မေလအတွင်းက ထုတ်ပြန်ခဲ့ သည်။ အဆိုပါကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်အချက်အလက်အမှန်ဖြင့်  ပြန်လည်ပြင်ဆင်ခြင်းမရှိသည့်  SIM Card များမှာ မှန်ကန်စွာသုံးစွဲနေခြင်းဖြစ်သည်ဟု ယူဆဖွယ်ရာမရှိသည့် အလျောက် အပြီးပိတ်သိမ်းသင့်သည်သာ ဖြစ်သည်။


ယခုထုတ်ပြန်လိုက်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအရ မိုဘိုင်း SIM Card များကို အသစ်ထုတ်ဝေရောင်းချရာတွင်ဖြစ်စေ၊ လက်ရှိဖြန့်ဝေထားသည့် SIM Card ဖြစ်စေ ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ရန်၊ မှတ်ပုံတင်မထားသော၊ လိမ်လည်မှတ်ပုံတင်ထားသော၊ ညွှန်ကြား ချက်နှင့်အညီ မှတ်ပုံမတင်သော SIM Card များကို မရောင်းရန်၊ SIM Card ကို လွှဲပြောင်းကိုင်ဆောင်ပါကလည်း ရယူအသုံးပြုသူ ၏ အချက်အလက်အမှန်ဖြင့် ပြန်လည်မှတ်ပုံတင်ကြရမည်ဖြစ် သည်။ အဆိုပါ သတ်မှတ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း စိစစ်တွေ့ရှိရပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင်  ထိုသူအား ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ ပြဋ္ဌာန်း ထားခြင်းဖြစ်ရာ SIM Card များကို‌ ရောင်းချရာတွင် စနစ်တကျ မှတ်ပုံတင်ရေး၊   လွှဲပြောင်းရယူသုံးစွဲရာတွင်လည်း  စနစ်တကျ ပြန်လည်မှတ်ပုံတင်ကြရေးအတွက် အကျိုးမျှော်ကာ နှိုးဆော် တိုက်တွန်းလိုက်ရပါကြောင်း။         ။