
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၁၇)ကြိမ်မြောက် အစည်းအဝေး ကျင်းပ
==========================================
နေပြည်တော် နိုဝင်ဘာ ၆
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၁၇)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက Virtual Meeting စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က အရည်အသွေးကောင်းမျိုးသစ်များ ထုတ်လုပ်နိုင်ရေးသည် အရေးကြီးသကဲ့သို့ ထုတ်လုပ်ပြီးသော မျိုးသစ်များ၏ မျိုးစေ့ စံချိန်စံညွှန်းများ ပြည့်မီရန်၊ မျိုးစေ့လုပ်ငန်းများ စနစ်တကျ ရှိစေရန်၊ မျိုးစေ့ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကြီးကြပ်ဆောင်ရွက်နိုင်ရန်သည်လည်း အရေးကြီးသော လုပ်ငန်းစဉ်တခုဖြစ်ပါကြောင်း၊ သီးနှံမျိုးကောင်းမျိုးသစ် များ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံတော်ပိုင်းမှ ပညာရှင် များ၊ ပုဂ္ဂလိကအခန်းကဏ္ဍမှ မျိုးစေ့ကုမ္ပဏီများ၊ မျိုးစေ့ ထုတ်အဖွဲ့အစည်းများနှင့် လက်တွေ့စိုက်ပျိုးထုတ်လုပ်ကြ သည့် တောင်သူလယ်သမားများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပုဂ္ဂလိကမျိုးစေ့ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် မျိုးစေ့ကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရေး အားပေးကူညီဆောင်ရွက်ရန်၊ နည်းပညာများ ဖြန့်ဝေပေးနိုင်ရေးနှင့် သတင်းအချက် အလက်များ ဖြန့်ဝေပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီက စိစစ်ပြီး သဘောထားမှတ်ချက်ဖြင့် တင်ပြလာသည့် အသိ အမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရေးဆိုင်ရာကိစ္စရပ် များကိုလည်းကောင်း တင်ပြကြရာ အစည်းအဝေးတက်ရောက် လာကြသူများက လုပ်ငန်းတစ်ခုချင်းအလိုက် ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။
လယ်ယာကဏ္ဍတွင် စီးပွားရေးတွက်ခြေကိုက်ပြီး အထွက်နှုန်းကောင်းမွန်သော ဒေသနှင့် ကိုက်ညီဖြစ်ထွန်း မှုရှိသည့် သီးနှံမျိုးကောင်းမျိုးသန့်များကို အသုံးပြု စိုက်ပျိုးခြင်းဖြင့် တောင်သူလယ်သမားများ၏ ဝင်ငွေ တိုးတက်ရေး၊ ပြည်သူလူထု၏ စားနပ်ရိက္ခာဖူလုံရေးတို့ကို တစ်ပြိုင်နက်တည်း ရရှိခံစားနိုင်ကြမည်ဖြစ်ရာ အရည်အသွေး ကောင်းသီးနှံ မျိုးကောင်းမျိုးသန့်များရရှိရေးအတွက် မျိုးသစ်ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများကို အပင်မျိုးသစ် ကာကွယ်ပေးရေး ဥပဒေ Plant Variety Protection Law ၊ မျိုးစေ့ဥပဒေ Seed Law ၊ အပင်ပိုးမွှားကာကွယ်သည့်ဥပဒေ Plant Pest Quarantine Law စသည့် ဥပဒေများနှင့်အညီ စိစစ် ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည်။
မျိုးစေ့ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ သီးနှံ ကျွမ်းကျင်ပညာရှင်များနှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီတို့၏ အဆင့်ဆင့်စိစစ်ပြီးဖြစ်သည့် သဘောထား မှတ်ချက်ဖြင့် တင်ပြချက်များအရ မျိုးစေ့ဆိုင်ရာအမျိုးသား ကော်မတီက သီးနှံမျိုးစေ့ဆိုင်ရာ အသိအမှတ်ပြု လက်မှတ် များထုတ်ပေးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မျိုးစေ့ ဆိုင်ရာ အမျိုးသားကော်မတီ၏ (၁၆) ကြိမ်မြောက် အစည်း အဝေးအထိ သီးနှံမျိုး ၆၀ ၏ မျိုးကွဲ ၉၆၉ မျိုးနှင့် မိဘမျိုးလိုင်း ၁၃၆ လိုင်း စုစုပေါင်း ၁၁၀၅ မျိုးတို့ကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခဲ့ပြီးဖြစ်သည်။
ယနေ့ကျင်းပသည့် (၁၇)ကြိမ်မြောက် အစည်းအဝေး တွင် စမ်းသပ်စိုက်ပျိုးသီးနှံ ၁၀ မျိုး၏ မျိုးသစ်မျိုးကွဲ ၅၉ မျိုး၊ Documents သီးနှံ ၂၇ မျိုး၏ မျိုးသစ်မျိုးကွဲ ၈၀၊ မိဘ မျိုးလိုင်းအစုံ ငါးစုံတို့ကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေး နိုင်ရေး၊ စမ်းသပ်စိုက်ပျိုးစစ်ဆေးရန်လိုအပ်သည့် သီးနှံမျိုး အုပ်စု ၁၇ ခုမှ လေးခုအား စမ်းသပ်စစ်ဆေးခြင်းအား ဖြေလျှော့၍ သီးနှံမျိုးအုပ်စု ၁၃ ခုသာ စမ်းသပ်စိုက်ပျိုးသွားရန် နှင့် အခြားသီးနှံအုပ်စုများအား Documents များဖြင့်သာ စိစစ်၍ မျိုးစေ့အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေး၊ မြန်မာ့ဒေသမျိုးရင်းများအား National Significant Crops များအဖြစ် သတ်မှတ်အကာအကွယ်ပေးနိုင်ရေးအတွက် လိုအပ်သည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့်အစီ အစဉ်များရေးဆွဲ၍ မူဝါဒတစ်ခု သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး ကိစ္စရပ်များအတွက် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ကော်မတီဝင်များ၊ သီးနှံကျွမ်းကျင်ပညာရှင် များက သက်ဆိုင်ရာဒေသအသီးသီးတို့မှ Zoom Application အသုံးပြု၍ ပါဝင်တက်ရောက်ကြသည်။ သတင်းစဉ်