မျိုးဆက်သစ်တို့အတွက် ဘာအမွေတွေ ချန်ထားခဲ့ကြမလဲ

Type

 

သိန်းထွန်း (IR)

လူငယ်များဆိုသည်က နိုင်ငံတစ်နိုင်ငံအတွက် လူသားရင်းမြစ်များဖြစ်သည်။  သဘာဝသယံဇာတပစ္စည်းများတွင် ထုတ်ယူသုံးစွဲ၍  ကုန်ခန်းသွားနိုင် သည့်သယံဇာတများနှင့် ထုတ်ယူသုံးစွဲ၍  မကုန်ခန်းနိုင်သောရင်းမြစ်များပါဝင်ပါသည်။   ရေနံကဲ့သို့သော သဘာဝသယံဇာတသည် ထုတ်ယူသုံးစွဲ၍  ကုန်ခန်းနိုင် သည့်  သယံဇာတဖြစ်ပါသည်။ နေရောင်ခြည်ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များသည် ထုတ်ယူသုံးစွဲ၍မကုန်နိုင်သည့် သဘာဝရင်းမြစ်ဖြစ်သည်။ 


အခြေခံလုပ်ငန်းတစ်ရပ်


နိုင်ငံတစ်နိုင်ငံအတွက် ယင်းသဘာဝသယံ ဇာတများ မကုန်ခန်းရေး၊  မပျက်စီးရေး၊   ရေရှည် ထိန်းသိမ်းရေး  အလေးထားဆောင်ရွက်နေကြသကဲ့ သို့ပင်   တန်ဖိုးမဖြတ်နိုင်သည့်   လူသားရင်းမြစ် ဖြစ်သော   အနာဂတ်မျိုးဆက်သစ်တို့      ပြုစု ပျိုးထောင်ရေးနှင့်      တိုးတက်မြင့်မားလာရေး အတွက် ကောင်းမွေများ လက်ဆင့်ကမ်းပေးအပ်နိုင် ရေးသည်လည်း  မိသားစုတစ်စု၊   လူ့အဖွဲ့အစည်း တစ်ခုနှင့် နိုင်ငံတစ်နိုင်ငံအတွက် အခြေခံလုပ်ငန်း တစ်ရပ် ဖြစ်ပါသည်။ 


ဘာတွေချန်ထားရစ်ကြမလဲ


အဖိုးမဖြတ်နိုင်သော လူသားရင်းမြစ်များကို မည်ကဲ့သို့     ပြုစုပျိုးထောင်မည်၊      နိုင်ငံအတွက် မည်သို့အသုံးချမည်၊  လူငယ်များအား   မည်သည့် အရာများ  လက်ဆင့်ကမ်းအမွေပေးမည် စသည့် လူငယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်     အကောင်အထည် ဖော်မှု    မှန်ကန်ကောင်းမွန်မှသာ အနာဂတ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို  မျှော်မှန်းနိုင်ပါမည်။ သို့ဆိုပါလျှင်            ပစ္စုပ္ပန်မျိုးဆက်တို့အနေဖြင့် မျိုးဆက်သစ်တို့အတွက် ဘယ်လိုလက်ဆင့်ကမ်း အမွေတွေပေးကြမလဲ၊  လက်ရှိမှာရော   ဘာအမွေ တွေပေးနေကြလဲဆိုသည်ကလည်း        နဖူးပေါ် လက်တင်စဉ်းစားစရာပင် ဖြစ်သည်။


အမွေဆိုရာတွင် ကောင်းမွန်သည့် လက်ဆင့် ကမ်းအမွေများရှိကြသကဲ့သို့ မကောင်းသည့်ဆိုးမွေ များလည်းရှိကြပါသည်။    ပစ္စုပ္ပန်မျိုးဆက်တို့၏ လက်ဆင့်ကမ်းကောင်းမွေ၊          ဆိုးမွေများသည် အနာဂတ်မျိုးဆက်တို့၏   ကိုယ်ပိုင်ဘဝများအတွက် အရေးပါပါသည်။     ထို့အတူ    အနာဂတ်နိုင်ငံ တည်ဆောက်ရေးအတွက်လည်း  အရေးကြီးလှပါ သည်။ 


အနာဂတ်မျိုးဆက်တို့အတွက် စဉ်းစားရာတွင် အတိတ်မှ    အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့သည့် ကောင်းမွေ၊ ဆိုးမွေများထဲမှ ဆက်လက်ထိန်းသိမ်း ရမည့်အရာများနှင့်              စွန့်ပယ်ရမည့်အရာများကို     မိမိတို့လက်ထက်တွင်            တွေ့ကြုံခံစားခဲ့ရပြီး၊ တွေ့ကြုံခံစားနေရဆဲများရှိနေပါသည်။           မိမိတို့ တွေ့ကြုံခဲ့ရသည့်ကောင်းမွေ၊   ဆိုးမွေများအနက်မှ ကောင်းမွေများကိုသာ          မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းပေးအပ်ကြခြင်းဖြင့် လူငယ်မျိုးဆက် တို့အတွက်    ယခုထက်ပိုမိုဖြောင့်ဖြူးသော အနာဂတ်ဘဝများကို တည်ဆောက်နိုင်ပါလိမ့်မည်။ အတိတ်မှ ဆိုးမွေများအပြင်            မိမိတို့လက်ထက် တွင်လည်း လူငယ်များအတွက်  ဆိုးမွေအသစ်များ   ထပ်မံမဖြစ်စေရေး သတိပြုဆင်ခြင်ကြရန် လိုအပ် ပါသည်။ 


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်     António Guterres က “အနာဂတ်နဲ့ပတ်သက်လို့ အခြေခံ အကျဆုံးမေးခွန်းကို  မေးရပါမယ်။    အဲဒါကတော့ ကျွန်တော်တို့ရဲ့ကလေးတွေအတွက်  ဘယ်လိုကမ္ဘာ မျိုးကို ချန်ထားပေးခဲ့မလဲ”  ဟု မေးခွန်းထုတ်ဖူးပါ သည်။      အလားတူပင်       မိမိတို့လူမှုအသိုက်အဝန်း အတွက်၊  နိုင်ငံအတွက်   ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ဘယ်လိုပုံစံလူမှုအသိုက်အဝန်းမျိုး၊ ဘယ်လိုနိုင်ငံမျိုး ချန်ထားခဲ့မလဲဆိုသည်မှာ   လက်ရှိမျိုးဆက်တို့နှင့် သက်ဆိုင်သောမေးခွန်းဟု ဆိုရပါမည်။     ပစ္စုပ္ပန် မျိုးဆက်တို့နှင့်       အနာဂတ်မျိုးဆက်တို့အကြား မှန်ကန်သောအမွေ လက်ဆင့်ကမ်းပေါင်းကူးတံတား တည်ဆောက်ရမည် ဖြစ်ပါသည်။


အတုမြင်အတတ်သင်


မျိုးဆက်သစ်တို့အတွက်      ပေးအပ်ရမည့် လက်ဆင့်ကမ်းအမွေများထဲတွင် ပညာအမွေ၊ ဥစ္စာ အမွေ၊ အသိပညာများ၊ ကျွမ်းကျင်မှုများ၊ ယဉ်ကျေးမှု အမွေတို့အပြင်  တန်ဖိုးများ၊    အကျင့်စရိုက်များ၊ အတွေးအခေါ်များ၊ အမှတ်သရုပ်များလည်း ပါဝင် ပါသည်။    ဥပမာအားဖြင့်    တန်ဖိုးထားမှုများတွင် တစ်ဦးချင်းတန်ဖိုး၊  အဖွဲ့အစည်းတန်ဖိုး၊  မတူကွဲပြား မှုတန်ဖိုး၊ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်စေ သည့်  အရည်အသွေးနှင့်တန်ဖိုးများ၊  မိမိကိုယ်ကိုယ် တန်ဖိုးထားမှုနှင့်   အခြားသူများအပေါ် တန်ဖိုးထားမှု၊ အခွင့်အရေးနှင့်တာဝန်၊  တာဝန်ယူမှုနှင့်   တာဝန်ခံ တတ်မှု၊ အများနှင့်စုပေါင်းလုပ်ကိုင်တတ်မှု၊ လူ့အခွင့် အရေးများ  ပါဝင်ပါသည်။ အမွေအနှစ်လက်ဆင့်ကမ်း သည်ဆိုရာတွင် ပညာသင်ကြားပေးခြင်း၊  လေ့ကျင့် ပြုစုပျိုးထောင်ခြင်းအပြင်    နမူနာပြဦးဆောင်ခြင်း လည်း ပါဝင်ပါသည်။  


မိမိတို့အိမ်တွင် သားသမီးများကို  အမွေပေးအပ် ရာတွင် လက်ဆုပ်လက်ကိုင်ပြ၍မရသည့် အတွေး အခေါ်၊   အပြောအဆို၊    အပြုအမူ၊    အကျင့်စရိုက်၊ ကိုးကွယ်ရာဘာသာ၊ ဓလေ့ထုံးစံတို့ကို သားသမီးများ က အတုမြင်အတတ်သင်   မိဘတို့၏  အမူအကျင့်၊ စရိုက်များကို         လက်ဆင့်ကမ်းယူနေသည်ကို လက်တွေ့မြင်နိုင်ပါသည်။        အမိယုတ်တော့ နှုတ်ကြမ်း၊ အဖယုတ်တော့ ကိုယ်ကြမ်း၊ တံငါနား နီးတံငါ မုဆိုးနားနီးမုဆိုးဆိုသည့်  စကားတို့သည် သင်ပေးစရာမလို၊         လေ့ကျင့်ပေးစရာမလိုဘဲ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်လာသည့်အမွေဆိုးများ ဖြစ်ပါသည်။ 
ကောင်းမွန်သည့်အလေ့အကျင့်များ အပြည့်အဝ တည်ဆောက်ရန် ခက်ခဲတတ်သော်လည်း မကောင်း သောအလေ့အကျင့်များသည် ကူးစက်လွယ်၊ ပျံ့နှံ့ လွယ်တတ်ကြပါသည်။ ပဋိပက္ခများသည့်   မိသားစု တွင် ကြီးပြင်းလာသော ကလေးငယ်တစ်ဦးအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာချို့တဲ့မှုများ ခံစားရ တတ်သည်ကို  တွေ့ကြုံဖူးပါလိမ့်မည်။   အနီးစပ်ဆုံး အနေဖြင့်တစ်ချိန်က မိမိ၏မိဘဆွေမျိုးအသိုက်အဝန်း များထံမှ မိမိရရှိလာသောအကျင့်စရိုက်၊   အပြုအမူ၊ အပြောအဆိုနှင့်  တန်ဖိုးထားမှုများကို    စဉ်းစား ကြည့်လျှင်   ပိုမိုသိမြင်နိုင်ပါသည်။   ယင်းတို့မှာ မိသားစုတစ်ခုအနေဖြင့်   လက်ဆင့်ကမ်းပေးအပ် လာသည့် အမှတ်သရုပ်လက္ခဏာအမွေများပင် ဖြစ် ပါသည်။ နိုင်ငံတစ်နိုင်ငံအတွက်လည်း အလားတူပင်။


မျိုးဆက်ဟောင်းတို့တာဝန်


နိုင်ငံတစ်နိုင်ငံတွင်လည်းကောင်း၊     လူ့အဖွဲ့ အစည်းတစ်ခုတွင်လည်းကောင်း    ထိုကဲ့သို့သော ကောင်းမွေဆိုးမွေများရှိကြပါသည်။       အနာဂတ် မျိုးဆက်သစ်တို့အတွက် ကောင်းမွေများ လက်ဆင့် ကမ်းပေးလိုသည့်ဆန္ဒသည် ကမ္ဘာကြီးအတွက်၊ နိုင်ငံ အတွက်၊ လူအဖွဲ့အစည်းအတွက် ကူညီပေးလိုခြင်း၊ တည်ဆောက်ပေးလိုခြင်း၊        တိုးတက်စေလိုခြင်း စေတနာပင်ဖြစ်ပါသည်။           သတိပြုရမည်မှာ လက်ဆင့်ကမ်းအမွေအနှစ်များတွင် သူတို့ ထိတွေ့၊     ခံစား၊ ကြုံတွေ့ခဲ့ရသည့်ဘဝများနှင့်  သူတို့ ဩဇာ    လွှမ်းမိုးခဲ့သည့်ပုဂ္ဂိုလ်များ         ပါဝင်လေ့ရှိတတ်ခြင်းပင် ဖြစ်သည်။   မည်သို့ပင်ဖြစ်စေ   မျိုးဆက်သစ်လူငယ်  များသို့ ကောင်းမွန်သည့်အမွေများ လက်ဆင့်ကမ်း နိုင်ရန်  သတိပြုဆင်ခြင်၍ ဆောင်ရွက်ကြရမည်မှာ မျိုးဆက်ဟောင်းများ၏ တာဝန်ပင်ဖြစ်ပါသည်။


ပစ္စုပ္ပန်မျိုးဆက်တို့၏ အတွေးအခေါ်၊ အပြုအမူ၊ အကျင့်စရိုက်၊    အလေ့အထနှင့်   တန်ဖိုးထားမှု များအနက်      နောင်လာမည့်    မျိုးဆက်တို့အတွက် လက်ဆင့်ကမ်းယူသင့်သည့်အရာများ၊    လက်ဆင့် ကမ်းမယူသင့်သည်များ ပါဝင်နေမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ    အနာဂတ်မျိုးဆက်သစ်တို့အတွက် လက်ဆင့်ကမ်းအမွေတို့ကို ရေရှည်တည်တံ့ခိုင်မြဲ ၍   စစ်မှန်သောနည်းလမ်းဖြင့်     ချန်ထားခဲ့ရန် အရေးကြီးလှပါသည်။ 
မိမိတို့ကိုယ်ကိုယ်မိမိတို့ ပြန်လည်မေးခွန်းထုတ် ရမည်မှာ အနာဂတ်မျိုးဆက်သစ်တို့ကောင်းဖို့ မိမိ တို့ဘာလုပ်နေသလဲနှင့် မျိုးဆက်သစ်တို့ ထိခိုက်ဖို့ ဘာလုပ်နေသလဲဆိုသည့်    မေးခွန်းပင်ဖြစ်သည်။ ယင်းမေးခွန်းများ၏အဖြေသည် မိမိတို့၏သမိုင်းဟု လည်း ဆိုရပါလိမ့်မည်။   မျိုးစေ့မမှန်    ပင်မသန် ဖူးတံငုံကင်း    အသီးဖျင်းဆိုသည့်စကားလိုပင်။     ကောင်းမွန်သည့်အမွေ ချန်ထားမှသာ ကောင်းမွန် သည့်အကျိုးဆက်ကို  မျှော်မှန်းနိုင်ပါလိမ့်မည်။ 


ထို့အပြင် မိမိတို့၏ ကိုယ်ပိုင်အမှတ်လက္ခဏာ တို့သည် မိမိတို့၏လုပ်ဆောင်ချက်များမှ ဖြစ်တည် လာသည်ကို သတိပြုကြရမည် ဖြစ်ပါသည်။ ကျေးဇူး ပြု၍ သင့်၏လက်ဆင့်ကမ်း အမွေများနဲ့ပတ်သက်လို့ စဉ်းစားပေးကြပါ၊ ဘာကြောင့်လဲဆိုတော့ သင်ဟာ အဲဒါကို နေ့စဉ်နေ့တိုင်းရေးထိုးနေလို့ဖြစ်ပါတယ် လို့ ဘီလာရုစ်-အမေရိကန် စွန့်ဦးတီထွင်သူ၊ စာရေး ဆရာ Gary Vaynerchuk က ပြောခဲ့ဖူးပါသည်။


စိတ်ရင်းစေတနာနှင့် မျှော်မှန်းနိုင်စွမ်း 


အနာဂတ်မျိုးဆက်သစ်တို့အတွက် လက်ဆင့် ကမ်းအမွေများဆိုသည်က   နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ တန်ဖိုးထားမှုများ စသည်ဖြင့် ကဏ္ဍအစုံ၊       အကြောင်းအရာမျိုးစုံ ရှိပါသည်။ ယင်းကဏ္ဍများအလိုက် ယနေ့ပစ္စုပ္ပန်မျိုးဆက်များ ၏      ပြုမူဆောင်ရွက်လုပ်ကိုင်နေကြပုံများသည် အနာဂတ်မျိုးဆက်တို့အတွက်    လက်ဆင့်ကမ်း အမွေများ ဖြစ်နေပါသည်။ ထိုအမွေများ ကောင်း၏၊ မကောင်း၏၊ သင့်၏၊  မသင့်၏ဆိုသည်က မိမိတို့ ပစ္စုပ္ပန်မျိုးဆက်များ၏           စဉ်းစားတွေးခေါ်မှု၊ စိတ်ရင်းစေတနာနှင့်    မြော်မြင်နိုင်စွမ်းတို့အပေါ် မူတည်နေပါသည်။
မျိုးဆက်သစ်များအတွက် အနာဂတ်ရေရှည် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက် ကြရာတွင်  လက်တွေ့ကျသော အကောင်အထည် ဖော်မှု၊ မှန်ကန်သောဦးဆောင်မှုနှင့် ပူးပေါင်းဆောင် ရွက်မှုတို့ဖြင့်သာ  လူငယ်များအတွက်    အကျိုးရှိ သောအမွေဖြစ်ပါလိမ့်မည်။           မိဘတစ်ဦး အနေဖြင့်ဆိုရပါက ကျောင်းပညာရေး၊ အသက်မွေး ဝမ်းကျောင်းပညာ၊     ပစ္စည်းဥစ္စာအမွေပေးရုံဖြင့် ပြီးပြည့်စုံသည့် လက်ဆင့်ကမ်းအမွေဟု မဆိုနိုင်ပါ။ 


ပညာရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်သော လူ့အဖွဲ့ အစည်းတို့သည် အနာဂတ်မျိုးဆက်သစ်တို့အတွက် အခြေခံလိုအပ်ချက်များတွင် ပါဝင်သကဲ့သို့  အခြား သော   မမြင်နိုင်သည့်အမွေများ ကျန်ရှိနေသည်ကို သတိပြုကြရမည် ဖြစ်ပါသည်။ 


နိုင်ငံတစ်နိုင်ငံအတွက်ဆိုရပါက    သိသာ မြင်သာနိုင်သော သဘာဝသယံဇာတများသာမက ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှု၊  သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် ဖြစ်တည်နေဆဲ နိုင်ငံရေး ဓလေ့များ၊ ယဉ်ကျေးမှုများ၊  လူမှုတန်ဖိုးများသည် အနာဂတ်မျိုးဆက်သစ်တို့အတွက်    ကောင်းမွေ၊ ဆိုးမွေများဖြစ်လာမည်ကို သတိပြုဆင်ခြင်ကြရန် အရေးကြီးလှပါသည်။  


သို့ဖြစ်ရာ မျိုးဆက်သစ်များ၏ အနာဂတ်ဘဝ များ   တိုးတက်စေရေး၊    နိုင်ငံတိုးတက်စေရေး အတွက် မျိုးဆက်သစ်တို့အတွက် ဘာအမွေတွေ ချန်ပေးခဲ့မလဲဆိုသည်မှာ    လက်ရှိမျိုးဆက်တို့ ဖြေကြရမည့်မေးခွန်းဖြစ်ပါသည်။  


ထို့အတူ မျိုးဆက်ဟောင်းတို့ထံမှ ဘယ်လို အမွေမျိုးကို ဆက်ခံယူကြမလဲ၊ ဘယ်လိုအမွေမျိုး ကို စွန့်ပစ်ကြမလဲဆိုသည်ကို  မျိုးဆက်သစ်များသို့ ထပ်မံမေးမြန်းရန် ကျန်ရှိနေပါဦးမည်။     ။