
ကြည်လွင်မြင့်(မုဒြာ)
=============
စာရေးသူ၏မိတ်ဆွေတစ်ဦးသည် မိုးရာသီ ရောက်တိုင်း နေမကောင်းဖြစ်သည်ဟု ဆိုသည်။ ဆောင်းရာသီနှင့် နွေရာသီတွင် ရောဂါမရှိ နေကောင်းသည်ဟု ဆိုသည်။ သူသည် ရုံးဝန်ထမ်း တစ်ဦးဖြစ်သော်လည်း သူ၏ရုံးနှင့် နေအိမ်မှာ မဝေးလှသဖြင့် ကားစီးရန်မလို လမ်းလျှောက် သွားပြီး နေ့စဉ်ရုံးတက်သူဖြစ်သည်။ သူ၏ရုံးသွား ရာလမ်းသည် ကတ္တရာလမ်းဖြစ်သော်လည်း အနိမ့် ပိုင်းကျသဖြင့် မိုးရွာလျှင် ရေဝပ်သည်။ မိုးရွာပြီး ရက်အနည်းငယ်အထိ ရေတင်ကျန်နေတတ်သည်။ ရေဝပ်သောလမ်းတွင် လမ်းလျှောက်သောအခါ ခြေထောက်ရေစိုရာမှ နေမကောင်းဖြစ်လာသည်။ မူလက အစာမကြေ လေရောဂါအခံရှိသူလည်း ဖြစ်သည်။ ယခုအသက်ရလာသောအခါ သူ့တွင် သွေးတိုးရောဂါလည်း ဝင်စပြုပြီ ဖြစ်သည်။
မိုးရာသီနှင့် သွေးတိုး
မိုးဥတုတွင် နေအိမ်ပြင်ပထွက်ပြီး နေ့စဉ် သွားလာအလုပ်လုပ်ရသူများသည် ခြေထောက်ရေစို ရာမှ နောက်ဆက်တွဲအဖြစ် ခြေအေးဝမ်းရောင် ခေါ် အစာမကြေ ဝမ်းဗိုက်လေပွရောဂါနှင့် အသက် ၄၀ ကျော်သူများမှာ သွေးတိုးရောဂါဝင်လာတတ် သည်ကို သတိပြုကြရန်တင်ပြလိုပါသည်။ သွေးတိုး ရောဂါသည် အစားမှားမှ၊ အငန်စားမှမဟုတ်။ ပြင်ပ အအေးပတ်ဖွဲ့ခြင်း၊ မိုးမိခြင်းကြောင့်လည်း ဖြစ်နိုင် သည်။ သွေးစီးဆင်းမှုကြောင့် ပုံမှန်ပူနွေးနေသော သွေးကြောသည် အအေးဓာတ်ကြောင့် ကျုံ့သွားပြီး ဖိအားတစ်ခုဖြစ်လာကာ သွေးမသွားနိုင်ဖြစ်ရသည်။ ထိုအခါ သွေးပုံမှန်သွားစေရန် နှလုံးမှပို၍ ညှစ်အား ပေးရသည်။ ထိုအားကို သွေးပေါင်ချိန်ကိရိယာဖြင့် တိုင်းသောအခါ BP 140/90 mm Hg. (အပေါ် သွေးဖိအား ၁၄၀ နှင့် အောက်သွေး ၉၀ မီလီမီတာ / ပြဒါး) ထိ ခံနိုင်ရည်ရှိသောအနေအထားဖြစ်သည်။ အပေါ်ရောအောက်ပါ ထိုထက်ဖိအားပိုလာလျှင် သွေးတိုးရောဂါဟု သတ်မှတ်သည်။
မိုးဥတုတွင် နေအိမ်မှ ထွက်ချိန်နှင့် ပြန်လာချိန်များကို သွေးပေါင်ချိန် (သွေးဖိအား) မှတ်တမ်းထား လေ့လာကြည့်သောအခါ အိမ်မှ မထွက်ခွာမီ ပုံမှန်ဖြစ်သော်လည်း ပြန်ရောက်လာ ချိန်တွင် မိုးရေစိုခဲ့ခြင်း (သို့မဟုတ်) ခြေထောက် ရေစိုခဲ့လျှင် သွေးပေါင်ချိန်တက်နေသည်ကို တွေ့ရှိ ရသည်။ အချိန်ကြာကြာ မိုးမိသည်နှင့်အမျှ ပို၍ တက်သည်ကိုလည်း လေ့လာတွေ့ရှိရသည်။
နံနက်စောစော အစာကိုစားပြီး နေအိမ်မှ ထွက်သွားသူများသည် မိုးမိပြီးနောက် အစာမကြေ ဖြစ်လာတတ်သည်။ ခန္ဓာကိုယ်အအေးပတ်ခြင်း၊ ခြေနှစ်ဖက်ရေစိုခြင်းကြောင့် ဝမ်းမီးနုံ့ပြီး အစာ မကြေဖြစ်သည်ဟု ယူဆရသည်။ အစာခြေခြင်းကို ဝမ်းမီး (ခေါ်) ပါစက တေဇောဓာတ်က ဆောင်ရွက် သည်။ ထိုဝမ်းမီးသည် အအေးဓာတ်ကြောင့် အားပျော့သွားခြင်းကို ဝမ်းမီးနုံ့သွားသည်ဟုခေါ်၍ ရိုးရာဆေးပညာက ချင်းနှင့် ရေနွေးပူပူကို သောက် ပေးခြင်းဖြင့် အစာကြေစေနိုင်သည်။
အစပ်သုံးပါး၊ ဆေးသုံးပါး
ငရုတ်/ ငရုတ်ကောင်း၊ ပိတ်ချင်းနှင့် ချင်းကို တြိကဋုက်သုံးပါးဟု အာယုဗေဒဆေးကျမ်းများက ဆိုသည်။ အစာကြေစေသော (အစပ်သုံးပါး) ဆေး သုံးပါးဟု ဆိုသည်။ မိုးဥတုတွင် အပြင်မထွက်မီ အစားအသောက်စားသုံးလျှင် ဟင်းနှင့် ဟင်းချိုတွင် ငရုတ်ကောင်းခတ်ခြင်း၊ ချင်းထည့်ချက်ခြင်းဖြင့် အစာကြေအောင် အထောက်အကူပြုနိုင်သည်။ အထူးသဖြင့် အသားဟင်းချက်လျှင် ချင်းကို နိုင်နိုင် ထည့်ချက်လျှင် မိုးဥတုနှင့်သင့်သည်။
ရှေးလူကြီးများက ခြေအေးလျှင် ဝမ်းရောင် သည်ဟုဆိုကြသည်။ မိုးရေစိုချိန်ကြာသဖြင့် ခြေထောက်အေးလာသောအခါ အအေးဓာတ်သည် တဖြည်းဖြည်းအပေါ်သို့တက်လာပြီး ချက်တိုင်နှင့် ဝမ်းဗိုက်အထိ ရောက်လာသည်။ အစာမကြေ ဖြစ်လာသည်။ အစာမကြေလျှင် လေပွလာပြီး ဝမ်းဗိုက်သည်တင်းပြီး ဖောင်းလာသည်ကို ဝမ်းရောင်ခြင်းဖြစ်သည်ဟု ခေါ်ခြင်းဖြစ်သည်။ အစာ မကြေခြင်း၏ နောက်ဆက်တွဲရောဂါမှာ ခေါင်းကိုက်၊ ခေါင်းအုံခြင်းနှင့် သွေးတိုးရောဂါဖြစ်သည်။
အအေးပတ်၍လေဖြတ်ခြင်း
မိုးရွာထဲမှ ပြန်လာပြီးနောက် ကိုယ်တစ်ခြမ်း လေဖြတ်သွားသူကို တွေ့ဖူးသည်။ ထိုသူသည် အသက် ၅၀ ခန့် အရွယ်ကောင်း ဖြစ်သည်။ ယခင်က သွေးတိုးဖူးသည်။ သို့သော်အမြဲမတိုးသဖြင့် သွေးကျ ဆေးကို ပုံမှန်မသောက်ဟု ဆိုသည်။ နေအိမ်တွင် လဲကျသဖြင့် ဆေးရုံပို့သောအခါ သွေးပေါင်အလွန် တက်ပြီး ဦးနှောက်အတွင်း သွေးခဲရောက်သဖြင့် ပိတ်ဆို့ပြီး လေဖြတ်ရခြင်းဖြစ်သည်ဟု ဆိုသည်။ ခြေအေးခြင်းမှစခဲ့သည့် သွေးတိုးရောဂါဖြစ်သည်။ သတိပြုကြစေရန် တင်ပြရခြင်းဖြစ်သည်။
လေဖြတ်သည်ဟုဆိုလျှင် အဆီ၊ အဆိမ့်အစား များသူ၊ လူဝပြီးဇိမ်ကျကျနေနိုင်သူများသာဖြစ်သည် ဟု ထင်ကြသည်။ ဆင်းရဲသားများ၊ မိုးထဲလေထဲ အလုပ်လုပ်နေသူများ လေဖြတ်သည်ကို မတွေ့ဖူး ကြပေ။ ဆေးရုံများတွင် လေဖြတ်သူများစွာ ရောက်ရှိ လာသည့်အထဲတွင် သာမန်လက်လုပ်လက်စား ဆင်းရဲသားများစွာပါဝင်သည်ကို ယနေ့ခေတ်တွင် တွေ့မြင်ရသည်။ ထိုသူများသည် ချမ်းသာသူများထက် မိုးရွာသော်လည်း အလုပ်မနားနိုင်သူများ ဖြစ်သည်။ မလုံခြုံသောအမိုးအကာအောက်တွင် မလုံခြုံသော အဝတ်အစားဖြင့် အလုပ်လုပ်ကြရင်း အအေးပတ်ရာ မှ လေဖြတ်သူများစွာရှိသည်။
သက်ကြီးရွယ်အိုများတွင် ပို၍ဖြစ်သည်။ စာရေးသူကျောင်းနေစဉ်က နေ့စဉ်ဝယ်ယူစားသုံး ခဲ့ဖူးသည့် ကျောင်းအနီးအကြော်ဆိုင်မှ ကောက်ညှင်း ပေါင်းနှင့် အကြော်စုံရောင်းသော ဦးလေးကြီးမှာ အသက်အရွယ်ရလာပြီး လွန်ခဲ့သည့်နှစ် မိုးတွင်း ရေကြီးသောအချိန်က ရေတစ်ပိုင်းစိုနှင့် အကြော် ရောင်းရင်းလဲကျပြီး လေဖြတ်သွားသည်ဟု သိရ သည်။ အပူဓာတ်သည် သွေးကြောများကို ကျယ်စေ သည်။ ပူလွန်းလျှင်လည်း အပူရှပ်ပြီး ဦးနှောက် သွေးကြောပေါက် လေဖြတ်နိုင်သည်။ ဤကဲ့သို့ပင် ဆန့်ကျင်ဘက်အတွေးဖြင့် ယူဆပါက အေးလွန်းလျှင် အအေးဓာတ်သည် သွေးကြောများကို ကျုံ့စေပြီး အစွန်အဖျားသွေးကြောများသို့ သွေးရောက်အောင် နှလုံးက ပိုညှစ်ပေးရာမှ သစ်ပင်များရေဖျန်းလျှင် ရေပိုက်ကို ထိပ်ဖျားမှညှစ်ပေးလျှင် ရေပန်းထွက် သကဲ့သို့ ဦးနှောက်အတွင်း သွေးညှစ်အားများပြီး ဦးနှောက်သွေးကြောပြတ် လေဖြတ်နိုင်သည်ကို သတိပြုဖို့လိုသည်။
ခြေအေးဝမ်းရောင်
ရှေးလူကြီးများ ဆုံးမစကားတွင် မကြာခဏ နေပူမရှောင် မိုးရွာမရှောင် သွားလာနေသည်ကို “လျှောက်ပြန်သံပေး … ခြေအေးဝမ်းရောင်”ဖြစ်မည်။ နေမကောင်းဖြစ်မည်။ အထူးသဖြင့် မိုးရွာနေချိန်၊ မိုးရွာပြီး ရေတင်နေချိန်၊ လမ်းတွင် ရေဝပ်နေချိန်များ တွင် အသွားအလာလုပ်ရင်း ခြေထောက်အေးရာမှ အစာမကြေဖြစ်လာပြီး လေပွကာ ဝမ်းချုပ်သည့် ရောဂါ (ဝမ်းဖောဝမ်းရောင်ရောဂါ) ဖြစ်မည်ဟု သတိ ပေးခြင်းဖြစ်သည်။
ခြေထောက်သည် လူ၏ခန္ဓာကိုယ်တွင် အလွန် အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ ရှေးက ယာဉ်ရထားများမပေါ်သေးမီက ခြေနှစ်ဖက်ကို အသုံး ပြုပြီး သွားလာကြရသည်။ ခြေထောက်အားကိုးရ သည်။ ထိုအခါ ခြေထောက်ရေစိုထဲသွားလျှင် နေထိုင် မကောင်းဖြစ်သည်ကို ခြေအေးဝမ်းရောင်ဟု လူကြီး များ ပြောဆိုကြခြင်း ဖြစ်မည်ထင်သည်။ ခြေဖဝါးတွင် ဖဝါးပထဝီကြောဟူ၍ ရှိသည်။ ဖဝါးနှင့် မြေကြီး (ပထဝီ) ထိသည့်အကြောဖြစ်သည်။ အပြင်ပထဝီ ကြောနှင့် အတွင်းပထဝီကြောဟူ၍ နှစ်ချောင်း ရှိသည်။ ကျွမ်းကျင်သည့် အနှိပ်ဆရာ၊ အကြောပြင် ဆရာများသည် နေမကောင်းလမ်းမလျှောက်နိုင်သူကို ဖဝါး ပထဝီကြောများကိုနှိပ်ပြီး လမ်းပြန်လျှောက်နိုင် အောင် ကုသပေးကြသည်။ ပထဝီကြောသည် သက်စောင့်ကြောဟုလည်း ဆိုကြသည်။ ထိုအကြော ကို ရေစိုလွန်သောအခါ အအေးပတ်ပြီး ဖဝါးပထဝီ ကြောပိတ်သွားသည်ဟု ဆိုကြသည်။ ဖဝါးပထဝီ ကြောပိတ်လျှင် အထက်ပါဒရက်ကြော၊ ဆီးကြော၊ ဝမ်းကြော၊ အစာအိမ်မှစ၍ လည်ပင်းကြော၊ ဦးခေါင်း ကြော၊ မျက်စိကြောများအထိ ဒုက္ခပေးနိုင်သည်ဟု ဆိုသည်။
ခြေအေးခြင်းကို ကာကွယ်
မိုးရွာထဲသို့ မလွှဲမရှောင်သာ၍ ထွက်ပြီးနောက် ပြန်လာလျှင် ခြေအေးခြင်းကို ကာကွယ်ရန်အတွက် ခြေထောက်ကို ရေစင်အောင်သုတ်ပြီးလျှင် နွေးထွေး အောင်ထားပါ။ အလွန်အေးစက်လျှင် မီးဖြင့် အပူ ပေးထားသော မုန်ညင်းဆီ၊ နှမ်းဆီ၊ သံလွင်ဆီ စသည်တို့ကိုလိမ်းပြီး နှိပ်နယ်ပေးသင့်သည်။
ယောမင်းကြီး ဦးဘိုးလှိုင်၏ ဥတုဘောဇန ကျမ်းတွင် ခြေကို ဆီလိမ်းနယ်ခြင်းအကျိုးကို အောက်ပါအတိုင်းပြထားသည်။
ခြေကိုဆီလိမ်းနယ်ခြင်းသည် ပင်ပန်းခြင်းကို ပျောက်စေတတ်၏။ အားကိုဖြစ်စေတတ်၏။ မျက်စိကိုကြည်လင်စေတတ်၏။ အိပ်၍ ပျော်စေ တတ်၏။ ခြေ၌ဖြစ်သော အနာရောဂါတို့ကိုနိုင်၏။ ဦးခေါင်းမှမျက်စိကို အုပ်ဆင်း၍ ခြေမနှစ်ဖက်တိုင် အောင်သွားသော အကြောကြီးနှစ်ခုတို့သည် ရှိကုန် ၏။ ထို့ကြောင့် မျက်စိကြည်လင်အောင် ခြေကို ဆီဖြင့် လိမ်းနယ်ရာ၏။
ရဟန်းတို့၏ ပရိက္ခရာ တစ်ဆယ့်နှစ်မျိုးတွင် ခြေနယ်ဆီထည့်ရန် ဆီဘူးကို မြတ်စွာဘုရားခွင့်ပြု တော်မူသည်။ မြတ်စွာဘုရားမှစ၍ ရဟန္တာအရှင် သူမြတ်တို့သည်လည်း ဒေသစာရီလှည့်လည်လို လျှင် ခြေနယ်ရန် ဆီကို ဘူးနှင့်ထည့်ယူသွားပြီးလျှင် စခန်းချတိုင်းချတိုင်း ညဉ့်အခါခြေထောက်ကို ဆီဖြင့် နယ်ပြီးမှ ရေစင်စွာဆေး၍ ကျိန်းတော်မူကြသည်။
ကိုယ်အလုံးကို ဆီဖြင့် လိမ်းနယ်ခြင်းသည် လေနာ၊ သလိပ်နာရှိသောသူ၌ အမြတ်ဆုံးသောဆေး ဖြစ်၏။ ကိုယ်ကို ဆီလိမ်းနယ်ခြင်းထက် လေနာကို နိုင်သောဆေးမည်သည်မရှိ။ ကိုယ်လက်တောင့် တင်းခြင်း၊ လေးလံခြင်းတို့ကို နိုင်၏။ အကြောတို့ကို ပျော့စေတတ်၏။ ဝမ်းမီးကို တောက်စေ၏။ အရည် အဆင်းကို လှပစေတတ်၏။ ရေဖြင့် သွန်းလောင်း အပ်သောသစ်ပင်သည် တစ်နေ့တခြား တိုးပွား စည်ပင်ဘိသကဲ့သို့ ဆီဖြင့်လိမ်းအပ်သော ကိုယ်လည်း တစ်နေ့တခြား စည်ပင်တိုးပွားတတ် ၏။ (ဥတုဘောဇနသင်္ဂဟကျမ်း၊ ဆီမျိုးတို့၏ ဂုဏ် ကိုပြခြင်းအခန်းမှ)
ခြေအအေးပတ်ခြင်းကို
ကာကွယ်နိုင်သော နည်းလမ်းများ
၁။ ရေရှိသော အရပ်သို့မထွက်မီ ခြေထောက်၊ ခြေခုံ၊ ဖဝါးစောင်းများကို လိမ်းဆေးအဆီ တစ်မျိုးမျိုးလိမ်းကျံပြီးမှ အပြင်ထွက်ပါ။
၂။ ဖိနပ်စီးလျှင် ရေစိုခံသော ရော်ဘာဖိနပ်၊ ကြက်ပေါင်ဖိနပ်များ စီးပါ။ ရေမဝင်သော လည်ရှည်ဖိနပ်စီးနိုင်လျှင် ပိုကောင်းပါ သည်။ ကတ္တီပါဖိနပ်၊ အဝတ်ဖိနပ်စသော ရေစုတ်ယူသည့် ဖိနပ်များမစီးပါနှင့်။
၃။ ခြေအေး၍ ဝမ်းတွင်းသို့ အပူဓာတ် မတက် စေရန် မိုးရွာလျှင် အပြင်သို့မထွက်မီ ရေအေးတစ်ခွက်သောက်ပြီးမှ ထွက်ပါ။
၄။ ခြေထောက်ရေစိုပြီးပြန်လာလျှင် လျင်မြန် စွာ ခြောက်အောင်သုတ်ပြီးနောက် ရေအေး တစ်ဖန်ခွက်သောက်ပါ။ ရေနွေး၊ ရေနွေး ကြမ်း အပူမသောက်ပါနှင့်၊ အအေးပတ်၍ လည်ချောင်းတွင် တက်နေသောအပူနှင့် သောက်သောရေနွေးအပူ ပေါင်းပြီး လည်ချောင်းနာတတ်သည်။ ရေအေး သောက်ခြင်းဖြင့် လည်ချောင်းတွင်းမှ အပူ ကို ငြိမ်းစေနိုင်သည်။
၅။ ခြေထောက်အေးလျှင် သွေးပေါင်တက်လေ့ ရှိသဖြင့် သွေးတိုးရှိသူများ သွေးပေါင်ချိန် စစ်ဆေးခြင်း၊ လိုအပ်သော သွေးတိုးကျဆေး သောက်သုံးခြင်းများကို မပေါ့မဆပြုလုပ် သင့်သည်။
၆။ အအေးပတ်ပြီး ဖျားချင်လျှင် ချင်းတက်ကို ပါးပါးလှီး ရေနွေးမတ်ခွက်တွင် စိမ်ပြီး အုပ်ထားပါ။ အအေးခံပြီး တဖြည်းဖြည်း သောက်ပါ။ ချင်းသည် အအေးမိခြင်းကြောင့် ဝမ်းမီးငြိမ်းခြင်းကိုလည်း ကာကွယ်ပြီး ဝမ်းမီးကို တောက်စေသည်။ ခြေအေး ဝမ်းရောင်ဖြစ်လျှင် ချင်းသုပ်ကို စားပေးခြင်း ဖြင့် သက်သာစေနိုင်ပါသည်။ ခြေအေးပြီး ခေါင်းကိုက်သူများသည် ချင်းကို ပါးပါလှီး ပြီး နားထင်နှစ်ဖက်တွင် ကပ်ထားလျှင် ခေါင်းကိုက်သက်သာစေသည်။
၇။ အအေးမိခြင်း၊ အအေးပတ်ခြင်း၊ ရေကိုင် များခြင်း၊ ခြေထောက်ရေစိုခြင်းများအတွက် တိုင်းရင်းဆေး သုံးစွဲလိုလျှင် တိုင်းရင်း ဆေးအမှတ် (၂၅) မတဲမြင်းမိုရ်ကုန်းဆေး၊ တိုင်းရင်းဆေးအမှတ် (၃၅) ဇာတိလဝင်္ဂဆေး၊ တိုင်းရင်းဆေးအမှတ် (၄၁) ဝမ်းမီးတောက် ဆေးများကို သုံးစွဲသင့်ပါသည်။ ဆေးမှုန့် ကော်ဖီဇွန်းငယ်တစ်ဇွန်း လေးပဲသားခန့်ကို ရေနွေးပူပူဖြင့် သောက်သုံးရပါမည်။ နှာစေး၊ နှာချေ၍ မှိုင်းရှူလိုလျှင် တိုင်းရင်းဆေး အမှတ် (၄၃) အကင်းဆယ်ပါးဆေးမှုန့်ကို မီးရှို့ပြီး ထွက်လာသည့်အငွေ့ကို ရှူပေး ခြင်းဖြင့် သက်သာစေနိုင်ပါသည်။ ။
- Log in to post comments