မိုက်ခဲ့မကောင်း၊ မိုက်ခဲ့ကြောင်း

Type
3333

 

 

မောင်ခိုင်မာ ( အထက်မင်းလှ )

 

“ ကျွန်ခေတ်ဇူလိုင်လ
တစ်ဆယ့်ကိုးရက် ၊ ထိုစဉ်က
ကြယ်ကိုးပွင့်ကြွေကျ”
ရေနံသာ မောင်ကျော်ညွန့်
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ   ၁၉    ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မသမာလူတစ်စု၏  အကြံပက်စက်မှုကြောင့်   အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ   အာဇာနည် ခေါင်းဆောင်ကြီးများ ရေတိမ်နစ် ခဲ့ကြရသည်ဖြစ်၍ ယခုနှစ် (၂၀၂၁ ခုနှစ်)တွင် (၇၄) နှစ် ပြည့်မြောက်ပြီ   ဖြစ်ပါ သည်။
အတိတ်သမိုင်းကို ပြန်ကြည့်လျှင် ကိုယ့်ဘုရင်၊   ကိုယ့်အရှင်၊ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ်ကြငှာန်း ဖြင့် အေးချမ်းစွာ   နေထိုင်လာခဲ့ကြသော   မြန်မာ တိုင်းရင်းသားတို့အား    နယ်ချဲ့တို့က ကျူးကျော်စစ်     သုံးကြိမ်ဖန်တီးပြီး နယ်ချဲ့အုပ်ချုပ်လေသည်။ ထိုသို့ ကျူးကျော်သိမ်းပိုက်ပြီးနောက် ကျွန် သက်ရှည် စေရန်    သွေးခွဲအုပ်ချုပ်သည့်စနစ်ကို     လှလှပပ ကျင့်သုံးခဲ့ကြပြန်သည်။ ဤနည်းစနစ်ဖြင့် မြန်မာ နိုင်ငံကို နှစ်ပေါင်းတစ်ရာကျော် ကျွန်ပြုအုပ်စိုးခဲ့ သည်။
ထို့ကြောင့်ပင်        အမျိုးသား ခေါင်းဆောင်ကြီး    ဗိုလ်ချုပ်အောင်ဆန်း က ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် နေ့တွင် ညောင်ရွှေမြို့   လူထုအစည်း အဝေးပွဲကြီး၌ “တိုင်းပြည်တစ်ပြည်ကို   အခြား တိုင်းပြည် တစ်ပြည်က    သိမ်းပိုက်တယ်ဆိုတာ   စေတနာရှိလို့ မဟုတ်ဘူး။  လိုချင်လို့   သိမ်းပိုက်ထား ခြင်းဖြစ်တယ်။  ပြီးတော့ ပြန်လက်မလွှတ်ချင်တော့ ဘူး” ဟု  မှတ်ချက်ချခဲ့သည်။ ထို့အတူ  နယ်ချဲ့ ဆန့်ကျင်ရေးနှင့် ပတ်သက်၍ ၁၉၄၇ ခုနှစ် ဖေဖော် ဝါရီလ ၂၈ ရက်နေ့ မြို့တော်ခန်းမ၌  ပြောကြား သော မိန့်ခွန်းတွင် “အင်္ဂလိပ်ထွက်သွား ပါဆိုရင် ဘယ်တော့မှ  ထွက်မသွားဘူး။ ထွက်သွားအောင် လုပ်မှ ထွက်သွားမယ်” ဟူ၍လည်း   ဗိုလ်ချုပ်က   မြွက်ကြားခဲ့သေးသည်။
မိုက်ခဲ့မကောင်း၊ မိုက်ခဲ့ကြောင်း 
ဗိုလ်ချုပ်သည်  လွတ်လပ်ရေးရရှိရန်  နိုင်ငံရေး နည်းလမ်းအပြင် စစ်ရေးနည်းလမ်းလည်း လိုအပ် ကြောင်း သုံးသပ် မိသောအခါ    ပြည်ပအဆက်အသွယ် ရှာပြီး  ရဲဘော်သုံးကျိပ်တို့   ဂျပန်တွင် စစ်ပညာ   သင်ယူခဲ့ကြသည်။ ဂျပန်အကူအညီဖြင့်    နယ်ချဲ့ ဗြိတိသျှကို မောင်းထုတ်နိုင်ခဲ့သည်။ သို့သော် ဂျပန် တို့က ရွှေရည်စိမ်လွတ်လပ်ရေးပေးပြီး ညှဉ်းပန်း နှိပ်စက်သဖြင့် ၁၉၄၅ ခုနှစ်တွင်  ဂျပန်ကို  တွန်းလှန် ခဲ့ရပြန်သည်။ ဂျပန်အပြေး၊  အင်္ဂလိပ်ပြန်ဝင်လာ သောအခါ  မြန်မာနိုင်ငံအား  ကျွန်သက်ရှည်စေရေး   စီမံကိန်းဖြစ်သည့် “စက္ကူဖြူစီမံကိန်း”ဖြင့်  အုပ်ချုပ် ခဲ့၏။  သို့သော်   ဗိုလ်ချုပ်က   တစ်နှစ်အတွင်း လွတ်လပ် ရေးရရှိရေးကို    အားကြိုးမာန်တက်စီစဉ် တောင်းဆိုဆောင်ရွက်ခဲ့သည်။
နယ်ချဲ့ဗြိတိသျှတို့က   မြန်မာနိုင်ငံအား လုံးဝ လွတ်လပ်ရေးထက်   ဒိုမီနီယံအဆင့်ပဲ ယူစေချင် သည်။ ပေးချင်သည်။ ဗိုလ်ချုပ်က လက်မခံသော အခါ   ဗြိတိသျှ   ဓနသဟာယအဖွဲ့ဝင်အဖြစ်နေရန် ဈေးဆစ်သည်။ သို့သော်  ၁၉၄၆   ခုနှစ် ဖဆပလ အဖွဲ့ချုပ်ကြီး၏  မြန်မာနိုင်ငံလုံးဆိုင်ရာ  ပြည်သူ့ ညီလာခံက  လုံးဝလွတ်လပ်ရေးကို တောင်းဆိုရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအခါ “ပြည်တင်းမင်းမခံနိုင်” ဟူသည့် ဆိုစကားနှင့်အညီ ဗိုလ်ချုပ်ကို လန်ဒန်သို့ ဖိတ်ခေါ်ကာ “အောင်ဆန်း-အက်တလီ” စာချုပ်ကို ချုပ်ဆိုပေးခဲ့ရသည်။   ဤတွင် နယ်ချဲ့တို့၏ ရည်မှန်း ချက်ကို ဆန့်ကျင်နေသောဗိုလ်ချုပ်အား နိုင်ငံရေး နည်းလမ်းအရ   အလိုတော်ရိမွေးပြီး   ဟန့်ထားရန် စီစဉ်လုပ်ဆောင်လာခဲ့ကြသည်။
ပြည်တွင်းမှ  အာဏာငမ်းဖမ်း   အတ္တကြီးခဲ့သော ဗြိတိသျှအလိုတော်ရိပုဂ္ဂိုလ်များက နယ်ချဲ့၏  တီးလုံး နှင့်  ဇာတ်ညွှန်းအတိုင်း မဆိုင်းမတွ  ကပြခဲ့ကြလေ သည်။ ဤသည်ကို   ဆရာဇော်ဂျီက    ဆရာ၏ “အာဇာနည်နေ့ဆန္ဒ”  ကဗျာတွင် “ဖျက်ဆီးကြံရွယ်၊ အန္တရာယ်တည့်၊  နယ်ချဲ့သွေးထိုး၊  ဒေါသအိုးသည်၊ တိုင်းကျိုးလိုလို၊ ဘာလိုလိုနှင့်၊   ကိုယ်ကျိုးထဲပိုက်၊ မှောင်ခိုတိုက်သည်၊ မိုက်ခဲ့မကောင်း၊ မိုက်ခဲ့ကြောင်း” ဟု အသည်းနာနာနှင့် ရေးဖွဲ့ပြခဲ့သည်။ မြန်မာနိုင်ငံ သည် လွတ်လပ်ရေးရအံ့မူးမူး၊ ၁၉ ဇူလိုင် ၁၉၄၇ တွင် ဗိုလ်ချုပ်နှင့်  အာဇာနည်ခေါင်းဆောင်ကြီးများအား နယ်ချဲ့လက်ပါးစေ အလိုတော်ရိတို့က လုပ်ကြံခဲ့ကြ လေသည်။
ကုန်းဘောင်ခေတ်အလိုတော်ရိ
နယ်ချဲ့တို့၏   နယ်ချဲ့မဟာဗျူဟာတွင်    အလို တော်ရိလက်ပါးစေမွေးကာ    ဆောင်ရွက်ခြင်းက   ဗိုလ်ချုပ်တို့   ကာလမှမဟုတ်    ကုန်းဘောင်ခေတ် ကတည်းက ရှိနေခဲ့ကြောင်းကို ကနောင်မင်းသားကြီး  လုပ်ကြံမှုက သက်သေခံနေပါသည်။
အိမ်ရှေ့ကိုယ်တော်ကြီး (ခေါ်) ကနောင်မင်းသား ကြီးသည် မြန်မာနိုင်ငံအား နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်စေ ရန် “နေပြည်တော်စက်မှုတော်လှန်ရေး” ကို  နေ့မနား၊  ညမအား   တီထွင်ကြိုးပမ်းခဲ့သည်။ ဤသည်ကို   နယ်ချဲ့တို့က  မနှစ်မြို့၊   စိုးရိမ်သည်။   သို့အတွက်   အိမ်ရှေ့ကိုယ်တော်ကြီးအား  ဖယ်ရှားရန်  စီစဉ်ကြသည်။  ဤအစီအစဉ်အတွက်   အိမ်ရှေ့ ကိုယ်တော်ကြီးအား    အမြင်မကြည်ဖြစ်နေသည့်  မင်းတုန်းမင်း၏ သားတော်မြင်ကွန်း၊    မြင်းခုံတိုင် တို့အား  အသုံးချရန် စီစဉ်သည်။  အာဏာငမ်းဖမ်းနေ သော သူတို့က  တိုင်းပြည်၏ နောင်ရေးကို ထည့်သွင်း စဉ်းစားခြင်းမရှိဘဲ  နယ်ချဲ့၏ လက်ပါးစေတာဝန်ကို ကြည်ကြည်ဖြူဖြူ စိတ်လိုလက်ရယူခဲ့ကြသည်။ အမှန် တကယ်ဆိုလျှင် မြင်ကွန်းမင်းသားသည် မင်းတုန်းမင်း ၏ သားတော်ဖြစ်ပြီး ကနောင်မင်းသား၏    အကြီးဆုံး သမီးတော် “ဆားလင်းကြီးထိပ်ခေါင်တင်” ၏ ခင်ပွန်း ဖြစ်၍ ကနောင်မင်းသားကြီးသည် မြင်ကွန်းမင်းသား ၏ ဘထွေးတော်လည်းဖြစ်၊ ယောက္ခမလည်း  ဖြစ်၏။  သို့သော် မိဘမျက်နှာ  မထောက်၊ ငရဲမကြောက်ဘဲ၊  အာဏာငမ်းဖမ်း၊ အတ္တစိတ်မွှန်ပြီး ကုန်းဘောင်ခေတ် ၏ အလိုတော်ရိဘဝကို ခံယူသွားခဲ့ခြင်း မဟုတ်ပါ လား။
၂-၈-၁၈၆၆ ရက်နေ့တွင် ညီနောင် နှစ်ပါးသည် ရန်ဖြစ်လေဟန်ဖြင့် မြင်ကွန်း မင်းသားက ဓားနှင့် နောက်မှလိုက်၊ မြင်းခုံ တိုင်မင်းသားက ရှေ့မှ ပြေးကာ၊ လွှတ်တော် ထဲပြေးဝင်လာကြသည်။ တကယ် ရန်ဖြစ် လာသည်ဟု   မှတ်ထင်သော   ကနောင်မင်းသားကြီး ကို  “ငဖြူသီး”   က    ဓားနှင့်    ခုတ်လိုက်ရာ တံကောက်ကွေး   ထိသွားသဖြင့်   လဲအကျတွင်   မြင်းခုံတိုင်က အိမ်ရှေ့ကိုယ်တော်ကြီး၏   လည်ပင်း ကို ခုတ်ပိုင်းလိုက်လေသည်။
သင်ခန်းစာယူစရာ
အထက်ဖော်ပြပါ လုပ်ကြံမှု (၂)ခုက သင်ခန်းစာ (၂)ခု ပေးခဲ့သည်ဟုဆိုချင် သည်။ ၎င်းတို့မှာ - 
(၁)    နိုင်ငံတော်နှင့်   နိုင်ငံသားများ၏   အကျိုး စီးပွား     ပရဟိတထက်၊    မိမိ၏  အကျိုးစီးပွား       အတ္တဟိတကိုသာ ဦးစားပေး   ရှေ့တန်းတင်တတ်သည့် အလိုတော်ရိ     သစ္စာဖောက်များသည်  မည်သည့်ခေတ်ကာလ၊      မည်သည့် နိုင်ငံတွင်  မဆိုရှိနေနိုင်သည်-  ဟူသည့် အချက်နှင့် 
(၂)    နယ်ချဲ့ဟူသည်မှာ   ယင်းတို့၏    အကျိုး စီးပွားအတွက် အဟန့်အတားဖြစ်စေသည့် မည်သည့် ပုဂ္ဂိုလ်၊  မည်သည့်အင်အားစုကို မဆို  သုတ်သင်ဖယ်ရှားရန် ဝန်လေးလိမ့် မည်မဟုတ်။      ဟူသည့်အချက်များ ဖြစ်သည်။
ဤနေရာတွင်  ဆရာမကြီး  ရွှေဘို   မိမိကြီး၏ “ရာဇပလ္လင် ထိုင်ချင်တဲ့အတွက် တိုင်းတစ်ပါးသား လူမျိုးများကို အားကိုးခြင်းရဲ့ ရလဒ်တွေပါပဲ ---”  ဟူသည့် “နန်းတွင်းသူခိုးနှင့် မိန်းမဆိုး” စာအုပ်ပါ မှတ်ချက်ကို သတိရမိသည်။
သူတို့ကတော့ အောင်ပြီတဲ့
ဖော်ပြပါလုပ်ကြံမှုကြီး   (၂)    ခုလုံးတွင်  လုပ်ကြံသူတို့၏ အားရဝမ်းသာ ဟစ်ကြွေးကြသော စကားလုံးက အတူတူပင်ဖြစ်ကြောင်း တွေ့ရသည်။ ၁၉ ဇူလိုင်၊ ၁၉၄၇ တွင်  ဗိုလ်ချုပ်နှင့်  အာဇာနည် ခေါင်းဆောင်ကြီးများအား   နယ်ချဲ့လက်ပါးစေ အလိုတော်ရိများက လုပ်ကြံလိုက်ကြသည်။ ထိုသို့ လုပ်ကြံပြီးနောက်    ဦးစောက    သူ၏အိမ်တွင် “အောင်ပြီ”ဟု ကြွေးကြော်ခဲ့သည်။
ထို့အတူ ကုန်းဘောင်ခေတ်အိမ်ရှေ့ကိုယ်တော် ကြီးအား လုပ်ကြံမှုတွင်   မြင်းခုံတိုင်မင်းသားက  အိမ်ရှေ့ကိုယ်တော်ကြီး၏   ဦးခေါင်းတော်အား  ဓားဖြင့်   တအားလွှဲ၍  ခုတ်လိုက်ရာ   အိမ်ရှေ့ ကိုယ်တော်ကြီးသည်နေရာမှာပင်  ဦးခေါင်းတော် ပြတ်လွင့် သေဆုံးသွားခဲ့ရသည်။ ထိုအခါ မြင်းခုံ  တိုင်  မင်းသားက  “အောင်တော်မူပြီ”ဟု  အားရ ဝမ်းသာကြုံးဝါးခဲ့လေသည်။
ကောင်းစေချင်တဲ့ မှာစကား
ဗိုလ်ချုပ်၏ မှတ်သားလိုက်နာဖွယ်ရာ လေးနက် သောမိန့်ခွန်းများစွာထဲမှ အချို့ကို ကောက်နုတ် မျှဝေလိုပါသည်။ 
(၁)    စည်းလုံးညီညွတ်မှုနှင့်   ပတ်သက်၍ “တိုင်းသူပြည်သား လူအများ ဟာ ဥမကွဲ၊ သိုက်မပျက်၊    တညီတညွတ်တည်း စည်းကမ်းတကျရှိဖို့  လိုတယ်။ မလိုတဲ့ သူတွေက ဘယ်လိုတိုက်တိုက်၊ ရှို့ရှို့၊ စစ မိမိတို့ အဓိက  ပန်းတိုင်ကို မျက်ခြည်ပြတ် မခံဘဲ လမ်းမလွဲအောင် ကြိုးစားဖို့ လို တယ်...”ဟု ၁၉၄၇ ခုနှစ်၊   ဇန်နဝါရီလ ၁ ရက်နေ့ အလံလွှင့်ဟောပြောချက်တွင် ထည့်သွင်းမိန့်မှာခဲ့သည်။
(၂)    နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက် ၍ “အစိုးရ အမှုထမ်း အရာထမ်းဆိုတာ  အမှန်စင်စစ် တော့ ကိုယ့်ဝတ္တရား ကိုယ်ကျေပွန်အောင်  ထမ်းဖို့ပဲ။    ဟိုလူ့ကို ကြောက်သလိုလို၊    ဒီလူ့ကို ကြောက်သလိုလို၊ ဟိုလူ့ မျက်နှာ ချိုသွေးချင်သလိုလို၊ ဒီလူကို မျက်နှာချို သွေးချင်  သလိုလို၊  ဒီလိုလုပ်လို့  မရဘူး ---”                     


    ဟူ၍လည်း၊   ၁၉၄၇ ခုနှစ်၊   ဧပြီလ (၅)ရက်နေ့၊   ဖဆပလ  ပြင်ဆင်မှုညီလာခံ၌ မိန့်ကြားခဲ့သည်။ 
(၃)    ဥပဒေနှင့်  ပတ်သက်၍လည်း   “ -----    ဥပဒေရှေ့မှောက်၌ ဘယ်သူမဆို၊   သမ္မတ ပဲဖြစ်ဖြစ်၊ တောသားပဲဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ်၊ ဥပဒေစည်းမျဉ်းဖောက်ဖျက်လို့ ရှိရင် ဖောက်ဖျက်တဲ့အလျောက် အပြစ် ဒဏ်ခံရလိမ့်မယ်” ဟူ၍    ၁၉၄၇  ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင်  ဦးအောင်ဆန်း အမည်ဖြင့် တင်သွင်းသောဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေနှင့်    ပတ်သက်သည့်    လမ်းညွှန် ပြဋ္ဌာန်းချက်တွင် ဖော်ပြခဲ့သည်။
ထာဝရအောက်မေ့သတိရ 
နေသည်ဆိုပါလျှင်
အနှစ်ချုပ်အားဖြင့်   ဆိုရပါလျှင်   ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား      ရင်ထဲ    အသည်းထဲတွင် ထာဝရအောက်မေ့ သတိရနေသည် ဆိုပါလျှင် အာဇာနည်ကြီးများ၏ စိတ်နေစိတ်ထား၊ သတ္တိဗျတ္တိနှင့်   စွန့်လွှတ်အနစ်နာခံမှု၊    ရိုးသား ကြိုးစားမှုတို့ကို လေးစားအတုယူပြီး    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်နှင့်အညီ ထာဝရငြိမ်းချမ်းသော     ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို   အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး လုပ်ငန်းစဉ်များ တွင်    ကျရာကဏ္ဍမှ   ပါဝင်ထမ်းဆောင်ကြပါစို့ဟု    ဆန္ဒပြုတိုက်တွန်းလိုက်ရပေသည်။       ။