မြိုင်မြို့နယ် ပိုက်သင်ကျေးရွာရှိ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင် နေသည့် ရွာသားများအား အကြမ်းဖက်သူများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့သဖြင့် ကျေးရွာသား တစ်ဦးသေဆုံး

 

နေပြည်တော်   ဩဂုတ်    ၁၁


မကွေးတိုင်းဒေသကြီး    မြိုင်မြို့နယ်     ပိုက်သင် ကျေးရွာရှိ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဖွင့်လှစ် ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ တာဝန် ထမ်းဆောင်နေသော တာဝန်သိကျေးရွာသားများ အား အကြမ်းဖက်သူများက ဖမ်းဆီးတုပ်နှောင်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာသား တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

 


ဖြစ်စဉ်မှာ   မြိုင်မြို့နယ်    ပိုက်သင်ကျေးရွာ၌ ကိုဗစ်-၁၉   ရောဂါနှင့်ပတ်သက်၍   ကျန်းမာရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားရှိရာ ဩဂုတ် ၉ ရက် တွင် ကျေးရွာသားများဖြစ်ကြသည့် ဦးတင့်လွင် (ဘ) ဦးပိုက်၊ ဦးစန်းလွင် (ဘ)ဦးစိန်သောင်း၊ ဦးကျော်နိုင် (ဘ) ဦးတင့်ဆွေ၊ ဦးကျော်စိုး (ဘ) ဦးတင်ဆောင်၊ ဦးအောင်ဇေယျ  (ဘ)    ဦးချစ်တီးတို့ ငါးဦးသည် အဆိုပါစစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်နေစဉ် ညနေ ၃ နာရီခန့်တွင် မော်တော်ယာဉ် တစ်စီးဖြင့် အကြမ်းဖက်သူ ခြောက်ဦးခန့်ရောက်ရှိလာပြီး ၎င်းတို့ အား လက်ပြန်ကြိုးတုပ်၍ မြေကြီးပေါ်မှောက်ခိုင်း ခဲ့ကြောင်း၊   ယင်းနောက်  အကြမ်းဖက်သူများက အဆိုပါဂိတ်၌ အစောင့် နှစ်ဦးထားရှိပြီး ကျန်သူများက ကျေးရွာအုပ်ချုပ်ရေးမှူး၏နေအိမ်သို့ သွားရောက်ကာ အုပ်ချုပ်ရေးမှူး၏သားဖြစ်သူအား ရှာဖွေခဲ့ကြောင်း၊ တွေ့ရှိခြင်းမရှိသဖြင့် စစ်ဆေးရေးဂိတ်သို့ ပြန်လည် ရောက်ရှိလာပြီး   ဖမ်းဆီးထားသည့်    ရွာသားများ အနက်မှ   ဦးအောင်ဇေယျအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး ပခုက္ကူ-မြိုင်သွား ကားလမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 


အဆိုပါ ပစ်ခတ်မှုကြောင့် ဦးအောင်ဇေယျတွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သဖြင့် အကြမ်းဖက် သူများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။  


သတင်းစဉ်