မိုးညှင်း၊ ဘားအံ၊ ဒီပဲယင်းနှင့် ဇီးကုန်းမြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်  ဒီဇင်ဘာ  ၁၅ 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်   ဒီဇင်ဘာ ၁၄ ရက်   ညနေ ၄ နာရီ  မိနစ် ၄၀ တွင် မိုးညှင်းမြို့နယ်   မော်ဟန်ကျေးရွာအနီး၌  မဌေးသန္တာစိုး(ခ)မီးမီး မောင်းနှင်ပြီး   မထွေးသန္တာလွင်(ခ)ထွေးထွေး   လိုက်ပါလာသည့် ဆိုင်ကယ်ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၂၂၈၀၀၊ ဘိန်းစိမ်း ၁ ဒသမ ၄ ကီလိုကို လည်းကောင်း။


ထိုနေ့ မွန်းလွဲ ၃ နာရီတွင် ဘားအံမြို့နယ်  ကျုံဖဲကျေးရွာအနီးတွင် အောင်ကျော်ဦး မောင်းနှင်လာသည့်   ဆိုင်ကယ်ကို  ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၆ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရ ညနေ ၄ နာရီတွင် ဘားအံမြို့နယ်  ကျုံဖဲကျေးရွာ သင်္ချိုင်းအနီး၌ မွန်ချမ်းကို ဆိုင်ကယ်တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ နှင့် လည်းကောင်း၊ ညနေ ၆ နာရီတွင်   ဘားအံမြို့နယ်    ရွှေပြည်တောင် (ရွာသစ်)ကျေးရွာနေ   အောင်ဟိန်းမင်း (ခ)  ဝတုတ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂၀၊ လက်ပစ်ဗုံး တစ်လုံး၊ ၂၂ ပြောင်းရှည်သေနတ် တစ်လက်၊ ၎င်းကျည်တစ်တောင့် တို့ကို သိမ်းဆည်းရမိခဲ့ပြီး အလားတူ ဒီဇင်ဘာ ၁၄ ရက် ညနေ ၅ နာရီတွင်   ထုံးအိုင်နယ်မြေရဲစခန်းမှ   တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဘားအံမြို့နယ်   ကော့ဝါးဆူးကျေးရွာနေ   မမူးဖောင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ  နေအိမ်ဘေးရှိ  စပါးကျီ အတွင်းမှ   စိတ်ကြွရူးသွပ်ဆေးပြား  ၅၂၀၀  တို့ကိုလည်းကောင်း။


ဒီဇင်ဘာ ၁၃ ရက် ည ၈ နာရီခွဲတွင်    စိုင်ပြင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော   ပူးပေါင်းအဖွဲ့သည်   ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့  အမှတ်(၂)ရပ်ကွက်အတွင်းတွင်   ကျော်သူရမောင်းနှင်ပြီး မဖြူသီမွန်၊ ကျော်မင်းလွင်နှင့်   မခင်မျိုးဆွေတို့လိုက်ပါလာသည့် ယာဉ်ကို စစ်ဆေးရှာဖွေရာမှ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုကို လည်းကောင်း၊ ယင်းနေ့ညနေ  ၄ နာရီခွဲတွင်    လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းစုမြို့နယ်  အုပ်ဖိုမော်ကျေးရွာနေ မသန်းဌေး၏ နေအိမ်ကို ရှာဖွေရာ ၎င်းနှင့်အတူ ချစ်အောင်ကိုတွေ့ရှိပြီး  နေအိမ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၅၀၀၊ ငွေကျပ် ၁၄ ဒသမ ၉ သိန်းတို့ ကိုလည်းကောင်း။


ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် ဇီးကုန်းမြို့နယ်  ဝက်ကော် ရွာသစ်ကျေးရွာနေ     မစန္ဒာဝင်း(ခ)မိထောင်၏နေအိမ်ကို ဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ  မဇင်မာအေး(ခ)ဇင်မာ၊ မအေးအေးမော်နှင့် မျိုးထွန်း(ခ)ကြောင်မတို့ကို တွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၃၈၆၀၊  အိုက်စ် သုည  ဒသမ ၀၀၇ ကီလိုတို့ကို လည်းကောင်း  သိမ်းဆည်းရမိ ခဲ့သဖြင့်   ၎င်းတို့အား   မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။      

                                                          
သတင်းစဉ်