
နေပြည်တော် ဇွန် ၂၉
အကြမ်းဖက်အဖွဲ့အစည်းများ အဖြစ် ကြေညာထားသော CRPH ၊ NUG အဖွဲ့များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေရန်ရည်ရွယ်ချက်ဖြင့် အဖျက် အမှောင့်လုပ်ငန်းများ၊ မိုင်းထောင် ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှုနှင့် အကြမ်းဖက် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ထိုသို့ လုပ်ဆောင်ရာတွင် အသုံးပြုလျက် ရှိသည့် လက်နက်များ၊ ဖောက်ခွဲ ရေးပစ္စည်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဆေး ရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီး ထိန်းသိမ်းခြင်းများ ဆောင်ရွက် လျက်ရှိသည်။
သိမ်းဆည်းရမိ
ထိုသို့ ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု လုပ်ရပ်များတွင် ပါဝင်သူ သန်းဝင်း၏ ထွက်ဆိုချက်အရ ဇွန် ၂၈ ရက် နံနက် ၂ နာရီခန့်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် (၅/၈)ရပ်ကွက်နေ ပြောင်ကြီး (ခ) ခင်မောင်ထွေး(ခ) ချစ်မင်းနှင့် ရန်နိုင်စိုးတို့ နှစ်ဦး၏နေအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့ရာ ပြောင်ကြီး (ခ) ခင်မောင်ထွေး (ခ) ချစ်မင်း အား ၎င်း၏နေအိမ်အတွင်းမှ အကြမ်းဖက် တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး နံနက် ၄ နာရီခန့်တွင် ရန်နိုင်စိုး၏ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ ၎င်းအား နေအိမ်၌မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ ပွိုင့် 45 Auto ကျည် ၁၆ တောင့်၊ ပွိုင့် 45 4CP ကျည် လေးတောင့်၊ လက်လုပ်မိုင်း ခုနစ်လုံး၊ အကြမ်းဖက်တိုက်ခိုက် ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကို လည်းကောင်း၊ ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ပြောင်ကြီး(ခ) ခင်မောင် ထွေး(ခ)ချစ်မင်း၏ ထွက်ဆိုချက် အရ မွန်းလွဲ ၁၂ နာရီခွဲတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စက်မှုဇုန်(၂)နေ ကိုလင်း(စိစစ်ဆဲ) ပိုင်ဆိုင်သော Lucky 7 KTV သို့ သွားရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ MG-1 လက်ပစ်ဗုံး နှစ်လုံးကို လည်းကောင်း သိမ်းဆည်းရမိ ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီခန့် တွင် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် မလွှဲတောင် စစ်ဆေး ရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင် များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက်နေ ဦးဝေ (၆၄)နှစ် မောင်းနှင်လာသည့် MON 3N/5700 “ဂရိတ်” ခရီးသည် တင်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ခုံအမှတ်(၆)တွင် လိုက်ပါလာသည့် ခရီးသည် ထားဝယ်မြို့ ဘဝပင် ကျေးရွာနေ ကျော်စိုး(၅၂)နှစ် (ဘ) ဦးအုန်းကြိုင်၏ ထိုင်ခုံအောက်နှင့် ထိုင်ခုံရှေ့ခြေနင်းနေရာတို့တွင် တင်ဆောင်လာသော စက္ကူဖာ အတွင်းမှ ဝိုင်ယာကြိုးတပ်ထား သော လျှပ်စစ်ဒီတိုနေတာ တစ်ဖာ လျှင် အချောင်း ၅၀၀ ပါ ခြောက်ဖာ (ပေါင်း အချောင်း ၃၀၀၀)၊ ဝိုင်ယာ ကြိုး တပ်ဆင်ထားခြင်း မရှိသေး သည့် လျှပ်စစ်ဒီတို နေတာ တစ်ဖာလျှင် အချောင်း ၅၀၀ ပါ ခြောက်ဖာ (ပေါင်း အချောင်း ၃၀၀၀)၊ လျှပ်စစ်ရှော့တိုက် သတ္တု ကြိုးခွေ ၁၆ ခွေတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ထို့အတူ ညနေ ၄ နာရီ မိနစ် ၂၀ ခန့်တွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မြို့တော ကျေးရွာနေ ဦးပေါ်လာ(၅၄)နှစ်၊ (ဘ)ဦးတဉ်၏ နေအိမ်ကို သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်၌မတွေ့ရှိရဘဲ ၎င်း၏ နေအိမ်ခြံဝင်းအတွင်းမှ အမိုနီယမ် နိုက်ထရိတ် တစ်အိတ်လျှင် ကီလို ဂရမ် ၄၀ ပါ ၁၆ အိတ်နှင့် တစ်အိတ် လျှင် ကီလိုဂရမ် ၅၀ ပါ လေးအိတ် စုစုပေါင်း အိတ် ၂၀ (၈၄၀ ကီလို ဂရမ်)တို့ကို တွေ့ရှိသိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ည ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် မကွေးတိုင်းဒေသ ကြီး ငဖဲမြို့ပေါ်ရပ်ကွက်များ အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧည့်စာရင်း စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ကျောက်တွင်း ရပ်ကွက် အောင်ဇေယျလမ်းနေ ဟိန်းရာဇာဟိန်း(၃၆)နှစ် (ဘ)ဦးခင်အိုင်၏နေအိမ်သို့ ဝင်ရောက် စစ်ဆေးခဲ့ရာ ၎င်းအားနေအိမ်တွင် မတွေ့ရှိရဘဲ အဆိုပါနေအိမ် အတွင်းမှ အရှည် သုံးလက်မခန့်ရှိ လက်လုပ်သေနတ် တစ်လက်၊ အကြမ်းဖက် တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များကို တွေ့ရှိသိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။
ထို့အတူ ဇွန် ၂၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသ ကြီး စမ်းချောင်းမြို့နယ် ကျွန်းတော (မြောက်)ရပ်ကွက် ပြည်လမ်း အမှတ်(၃၁၃-စီ) လေးလွှာနေ ထက်အောင်ရှိန် (ခ) ဇာဏီထွန်း (၂၉)နှစ်၏နေအိမ်ကို သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ CCI STANDARD VELOCITY 22LR တံဆိပ်ပါ အပြာရောင်စက္ကူဘူးဖြင့် ထည့်ထားသော ပွိုင့် ၂၂ ကျည်ဆန် ၅၀ တောင့်ပါ လေးဘူး၊ သံဘောစေ့ အလုံး ၄၅၀ နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များမှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များကို သိုဝှက်သိမ်းဆည်း ထားရှိသူများနှင့် လက်ဝယ်ထားရှိ သူအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်