
နေပြည်တော် ဇန်နဝါရီ ၉
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် တုံတာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၇ ရက် နံနက် ၇ နာရီတွင် ပါထားကျေးရွာအနီးရှိ ဘိန်းစိုက်ခင်း ၃ ဒသမ ၅ ဧကခန့်နှင့် နံနက် ၇ နာရီခွဲတွင် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်း မြို့နယ် စင်းတောင်ကျေးရွာအုပ်စု ထီတလီကျေးရွာအနီးရှိ ဘိန်း စိုက်ခင်းဧက ၃၀ ခန့်ကို ဖျက်ဆီးခဲ့သည်။
အလားတူ မွန်းလွဲ ၂ နာရီတွင် မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ကျေးရွာ၏ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ တောင်ကမ်းပါးယံ ၌ ၂ ဧကခန့်ရှိ ဘိန်းစိုက်ခင်း တစ်ခင်း၊ တောင်ကျောပေါ်၌ ၂ ဒသမ ၅ ဧကခန့်ရှိ ဘိန်းစိုက်ခင်း တစ်ခင်းနှင့် သုံးဧက ခန့်ရှိ ဘိန်းစိုက်ခင်း တစ်ခင်း တို့ကို ဖျက်ဆီးခဲ့သည်။
ထို့ပြင် ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်သာကျေးရွာ၏ အရှေ့ဘက် နှစ်မိုင်ခွဲခန့်အကွာရှိ ဘိန်းစိုက်ခင်းဧက ၃၀ ခန့် နှင့် နံနက် ၉ နာရီ မိနစ် ၅၀ တွင် မိုင်းခက် မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝမ်ကျောင်းကျေးရွာ၏ အရှေ့မြောက်ဘက် သုံးဖာလုံခန့်အကွာရှိ ဘိန်းစိုက်ခင်း ၂ ဒသမ ၅ ဧကခန့်တို့ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား