
နေပြည်တော် ဇွန် ၁၈
ဖားကန့်မြို့နယ်၊ ကျောက်ဆည် မြို့နယ်နှင့် လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအနီး ဆိပ်မူ - ဖားကန့်သွား ကားလမ်းတွင် မဂျာဆိုင်းဘူ မောင်းနှင်ပြီး မအေးပွင့် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၇၁၀၀ ကိုလည်းကောင်း။
အလားတူ ဇွန် ၁၇ ရက် ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကျောက်ဆည်မြို့နယ် ကင်းကျေးရွာအနီး သံရွာစစ်ဆေး ရေးဂိတ်၌ MAZADA FAMILIA အမျိုးအစား ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ခရီးသည် ဝင်းကိုထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ ကိုလည်းကောင်း။
ထို့အတူ ဇွန် ၁၇ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ် ခါးသျှိကျေးရွာအနီး လားရှိုး- တန့်ယန်းသွား ကားလမ်းတွင် ကောက်စဲ့ မောင်းနှင်ပြီး မကွမ်းမေ လိုက်ပါလာသည့် ISUZU Double Cab အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၈၇ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။ သတင်းစဉ်